Tuesday, December 2, 2014

နှစ်စဉ် ကျင်းပမြဲ ကျောက်ဖြူ သန္တာမြီအဖိုး အဘောင်ဓမ္မရိပ်သာ မြို့လုံးကျွတ် ရခိုင်ရိုးရာ သက်ကြီးပူဇော်ပွဲ ကျင်းပမည်

kp
(၉)ကြိမ်မြောက် ကျောက်ဖြူမြို့လုံးကျွတ် သန္တာမြီအဖိုး အဘောင်ဓမ္မရိပ်သာ ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲကို ကျောက်ဖြူမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အတွက် စီစဉ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
“ နိုဝင်ဘာလ ၂၃ ရက်ကနေ့က ဒီသက်ကြီး ပူဇော်ပွဲကို ကျင်းပနိုင်ရေးအတွက် အစည်းအဝေး တစ်ရပ် ကျောက်ဖြူမြို့ သန္တာမြီအဖိုးအဘောင်ဓမ္မရိပ်သာနဲ့ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးကဘဲ သက်ကြီးပူဇော်ပွဲကျင်းပရေးကို ဆုံးဖြတ်ခဲ့ပါတယ်” ဟု ယင်းကျောင်းဆရာတော် ဦးထေရာနန္ဒက ပြောကြားသည်။
၎င်းနေ့က ပြုလုပ်ခဲ့သော အစည်းအဝေးသို့ ကျောင်းထိုင် ဆရာတော် အပါအ၀င် လူမှုရေး စိတ်ဝင်စားသူများ တက်ရောက်ခဲ့ပြီး ကျင်းပရေး ကော်မတီကိုတစ်ရပ်ကို ဖွဲ့စည်းခဲ့ကြသည်။ ယခုအခါ ကော်မီတီ အနေဖြင့်  သက်ကြီးပူဇော် အောင်မြင်စွာ ကျင်းပနိုင်ရန် အလှူငွေရှာဖွေရေးနှင့် ကျောက်ဖြူမြို့ပေါ်ရှိ အဘိုးဘွားများ၏ စာရင်းကို ကောက်ခံ ပြုစုနေပြီဟု သိရသည်။
“ ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃၀  ဒီဇင်ဘာလ (၃၁)ရက်နေ့က ရခိုင်ပြည် အချုပ်အခြာ အာဏာကျဆုံးသောနေ့ကို ရည်ရွယ်ပြီး ပြုလုပ်မှာ ဖြစ်တယ်။ ၁၇၈၄ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်မှာ ရခိုင်ပြည် အချုပ်အခြာအာဏာကျဆုံးသောနေ့က ကွယ်လွန်ခဲ့ကြသောပုဂ္ဂိုလ်များကိုရည်စူး၍ အမျှဝေနိုင်ရန် အတွက် ကျင်းပမှာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
မြို့လုံးကျွတ် သက်ကြီး ပူဇော်ပွဲအား နှစ်စဉ် ကျင်းပမြဲ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်သည်။
ကျောက်ဖြူမြို့ ပေါ် ရပ်ကွက် ၁၀ ခုရှိကြောင်း၊ အသက်(၈၀)အထက် အဘိုးအဘွားစာရင်းကိုရပ်ကွက် အလိုက် စာရင်း ပြုစုသွားမည် ဖြစ်ကြောင်း၊ လှူဒါန်းမည့် ငွေပမာဏကိုအလှူငွေကောက်ခံရရှိမည့် ငွေအနည်းအများအပေါ်မှုတည်ပြီး ပူဇော် သွားမည်ဖြစ်ကြောင်း၊ သွားရေးလာရေးအတွက် နေအိမ်မှ ကျောင်းသို့ အသွားအပြန် ကားစီစဉ် ပေးသွားမည် ဖြစ်ကြောင်း  သန္တာမြီအဖိုးအဘောင်ဓမ္မရိပ်သာနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆရာတော် ဦးထေရာနန္ဒက ပြောကြားသည်။
လွန်ခဲ့သောနှစ်က ပြုလုပ်ခဲ့သော သက်ကြီးပူဇော်ပွဲတွင် အဘိုးအဘွား (၄၅၀) ခန့်ကို ပူဇော်ခဲ့ကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: