Thursday, January 1, 2015

မဟာဓါတ်အားလိုင်း ဓါတ်တိုင်ပေါ် တက်ပြီး နွားကျောင်းသူ ကာရန်းလိုက်ပြီး ဆေးရုံတင်ရ

photo by internet
photo by internet

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းတွင် နွားကျောင်းနေသည့် လူငယ် တစ်ဦးသည် သူ၏ နွားများကို ဓါတ်တိုင်ပေါ်သို့ တက်ရောက်ပြီး ကြည့်ရာမှ လျှပ်စစ်လိုက်ပြီး ပြုတ်ကျသွားသဖြင့် ဆေးရုံ တင်ပို့လိုက်ရသည်ဟု သတင်း ရရှိသည်။
ယင်းလူငယ်မှာ အသက် ၁၄ နှစ်အရွယ် နွားကျောင်းသား တစ်ဦးဖြစ်ပြီး ပုဏ္ဍားကျွန်းမြို့ မြို့သစ်ရပ်ကွက်မှ ဖြစ်ကြောင်း ပုဏ္ဍားကျွန်းဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။
“ သူက မဟာ ဓါတ်အားလိုင်းကနေ လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးပေးနေတဲ့ ဓါတ်တိုင်ကို တက်ပီး သူ့နွားတွေ ဘယ်ကို ရောက်နေသလဲဆိုတာကို ရှာကြည့်တယ်။ တထစ်ပြီး တထစ်တက်တာ။ အမြင့်ကို ရောက်တော့ ကာရန်းလိုက်ပြီး ဓါတ်တိုင်ကနေ ပြုတ်ကျသွားတယ်။ အခု ဆေးရုံ တင်ထားရပါတယ်” ဟု ၎င်းကဆိုသည်။
ယခင်ကလည်း နွားကျောင်းသား လူငယ်အချို့သည် မဟာ ဓါတ်အားလိုင်း ဓါတ်တိုင်ပေါ်သို့ တက်ပြီး သူတို့၏ နွားများ ဘယ်ကို ရောက်နေသည်ကို ရှာဖွေလေ့ရှိကြောင်း၊ သို့သော်လည်း ယင်းအချိန်က ကာရန်း မလွှတ်သေးသဖြင့် တစ်စုံတစ်ရာ ပြဿနာ မရှိခဲ့ကြောင်း၊ ယခုအခါ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်လွှတ်နေပြီ ဖြစ်သဖြင့် ယခင်လို အထင်ဖြင့် ဓါတ်တိုင်ပေါ် တက်ရာမှ ကာရန်းလိုက်ကာ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ဆိုသည်။
ယခု ဖြစ်ပွားသော ဓါတ်တိုင်မှာ ပုဏ္ဍားကျွန်း ဓါတ်အား ခွဲစက်ရုံမှ တဆင့် စစ်တွေမြို့သို့ ဖြန့်ဝေသည့် ကင်းချောင်းတံတားအနီးရှိ ဓါတ်မီးတိုင်ဖြစ်ပြီး ယင်းအနီးတ၀ိုက်တွင် အမြင့်ဆုံး ဓါတ်တိုင်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် စစ်တွေမြို့အပါအ၀င် မြို့အတော်များများတွင် နိုင်ငံတော် မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီး စတင်ဖြန့်ဝေ ပေးနေရာ ဒေသခံပြည်သူများ အန္တရာယ် မဖြစ်စေရန်အတွက် လျှပ်စစ်နှင့် ပတ်သက်ပြီး အသိ ပညာပေးမှုများ ပြုလုပ်သွားရန် အထူး လိုအပ်နေသည်ဟု အများက ပြောဆိုနေကြသည်။
ယင်းပြင် အန္တရာယ် ဖြစ်စေနိုင်သည့် သတိပေးဆိုင်းဘုတ်များကိုလည်း မြန်မာလိုရေးသားပြီး ဓါတ်တိုင်များတွင် ချိတ်ဆွဲထားရန်  အများပြည်သူက လိုလားနေကြသည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: