Thursday, January 1, 2015

စစ်တွေမြို့ ဘီလူးမတံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား

(အတိုက်ခံရသော ထော်လာဂျီများကို တွေ့ရစဉ်။)
အတိုက်ခံရသော ထော်လာဂျီများကို တွေ့ရစဉ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ဘီလူးမတံတားပေါ်တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်တွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားကြောင်းသိရသည်။
အခင်းဖြစ်ပွားပုံမှာ စစ်တွေမြို့ မြို့တွင်းမှ သင်္ဘောဆိပ်ဘက်သို့ မောင်းနှင်လာသော ထော်လာဂျီကို နောက်မှ မောင်းနှင်လာသော ကားတစ်စီးက ၀င်တိုက်ခြင်းဖြစ်ပြီး၊ တိုက်မိသော ထော်လာဂျီနှင့် သင်္ဘောဆိပ်ဘက်မှ မောင်းနှင်လာသော ထော်လာဂျီတို့ ထပ်မှန်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ မျက်မြင်သက်သေတစ်ဦးက “ကားက ထော်လာဂျီကို ၀င်တိုက်တာပါ။ ပထမတိုက်ခါစကတော့ ထော်လာဂျီဘာမှ မဖြစ်သေးဘူး။ နောက်ကားက ဆောင့်ကာဆောင့်ကာ နှစ်ခေါက်ဆက်တိုက် တိုက်ပြီးမှ ထော်လာဂျီမှောက်သွားတာပါဟု” ပြောသည်။
ပထမဆုံးအတိုက်ခံရသော ထော်လာဂျီမောင်းသမားမှာ ဦးမောင်ကျော်ဆန်း အသက် (၃၉) နှစ် စစ်တွေမြို့ ဆင်ကူးလမ်းတွင် နေထိုင်ကြောင်း သိရသည်။ ကားတိုက်မှုကြောင့် မေးစေ့တွင် ၃ ချက်ချုပ်ရပြီး၊ ပါးပြင်ယာဘက်မျက်နှာနှင့် ၀ဲဘက်ရင်အုပ်တွင် ဒဏ်ရာရှိကြောင်း ခြေထောက် အောက်ပိုင်းလည်း နာကျင်စွာ ခံစားရပြီး ခြေကို ဆန့်၍ မရကြောင်း၊ ယခုအချိန်၌ စစ်တွေ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသခံနေရကြောင်း သိရသည်။
နောက်ထပ်အတိုက်ခံရသူတစ်ယောက်မှာ ဇော်နိုင်ဦး အသက် (၃၇)၊ စစ်တွေမြို့ အုန်းတပင်ရပ်ကွက်တွင် နေထိုင်ကြောင်းသိရသည်။ ဒုတိယတစ်ယောက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်မရရှိသောကြောင့် စစ်တွေဆေးရုံကြီးတွင် ဓါတ်မှန်ရိုက်ပြီး အိမ်ပြန်သွားပြီးဖြစ်ကြောင်း သိရသည်။
“ကျွန်တော်က သူများထော်လာဂျီကို မောင်းတာပါ။ ရလာတဲ့မြတ်ငွေထဲက ပိုင်ရှင်ထက်ဝက်၊ ကိုယ်ထက်ဝက်ရပါတယ်။ သားသမီး သုံးယောက်ရှိပါတယ်။ မိန်းမက မှီခိုပါ၊ ဘာမှ အလုပ်မရှိပါဘူး။ သားသမီးတွေက ၄-၅ တန်းတက်နေကြပါတယ်”ဟု နိရဉ္စရာ သတင်းဌာနသို့ပြောသည်။
တိုက်သော ကားနံပါတ်မှာ YGN FI-4882 ဖြစ်ပြီး ကောင်းခေါင်းဘက်တွင် အတော်ချိုင့်ဝင်သွားပြီး ကားမောင်းသမားမှာ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရရှိကြောင်း မျက်မြင်သက်သေများက ပြောသည်။ ကားမောင်းသူ မည်သူမည်ဝါဖြစ်သည်ကို ရဲက စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: