Friday, February 6, 2015

ဝှိုက်ကတ် ဆန့်ကျင်ရေးလှုပ်ရှားမှု ယနေ့ည စစ်တွေတွင် စတင်မည်


ဝှိုက်ကတ်ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုခဲ့သည့် ဆုံးဖြတ်ချက်အား ကန့်ကွက်သည့်အနေဖြင့် ၀ှိုက်ကတ် ဆန့်ကျင်ရေး လှုပ်ရှားမှု တစ်ခုကို ယနေ့ညနေပိုင်းမှ စတင်၍ စစ်တွေမြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ ၊ စစ်ကဲတော်မင်း ကျောင်းတိုက်တွင် ပြုလုပ်သော အစည်းအဝေးမှ အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး က Rakhine News Agency သို့ပြောသည်။
“ဒီနေ့ညနေကစပြီးတော့ စစ်တွေ တစ်မြို့လုံးမှာ သာသနာ့ အလံတွေ လွှင့်ထူပါမယ်။ '၀ှိုက်ကတ် လုံးဝအလိုမရှိ' စာတန်းတွေကို အိမ်တိုင်းရဲ့ရှေ့မှာ လိုက်ကပ်ပါမယ်။ ဒီနေ့ကစပြီး အဲ့ဒီလှုပ်ရှားမှုတွေကို ရခိုင်တစ်ပြည်နယ်လုံးမှာ ရှိတဲ့ တောရော၊ မြို့ပါမကျန် ဆောင်ရွက်သွားနိုင်အောင် အကောင်အထည်ဖော်ပါမယ်” ဟု ဒေါ်ညိုအေး ကပြောသည်။
ယနေ့ အစည်းအဝေးမှ ၀ှိုက်ကတ် ဆန့်ကျင်ရေး ဆောင်ရွက်မည့် ၂၇ဦး သပိတ်ကော်မတီကို ဖွဲ့စည်းခဲ့ပြီး၊ ကြီးကျယ်သည့် သပိတ်မှောက် ဆန္ဒပြပွဲတစ်ခု ဆင်နွှဲရန်အတွက် ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် အစည်းအဝေး ထပ်မံခေါ်ယူထားကြောင်း ဒေါ်ညိုအေး ကပြောသည်။
ယနေ့ အစည်းအဝေးသို့ ရခိုင်လူမှုကွန်ရက်၊ ရခိုင်နိုင်ငံရေး မျိုးဆက်သစ် အင်အားစု၊ ရခိုင်အမျိုးသမီး ကွန်ရက် အပါအ၀င် အဖွဲ့အစည်း တစ်ဆယ်ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
(ဤသတင်းအား Rakhine News Agency မှ ကူးယူဖော်ပြပါသည်)

No comments: