Friday, February 6, 2015

စစ်တွေတွင် ဗိုလ်ချုပ်ရာပြည့် အခမ်းအနားကျင်းပမည်

30253292-01_big
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် မွေးနေ့ပွဲအခမ်းအနားကို ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူများက ပြောသည်။
ယင်းသို့ ကျင်းပနိုင်ရေးအတွက် စစ်တွေမြို့ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့သော စစ်တွေ ခရိုင်နှင့် မြို့နယ် အဆင့် တာဝန်ရှိသူများ အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်ဟု ဦးခိုင်ထွန်းလင်း (စစ်တွေ) ကပြောသည်။
“ ကျွန်တော်တို့ ဗိုလ်ချုပ်ရာပြည့် အခမ်းအနားကို စစ်တွေမြို့ ရုံးချုပ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ အနာဂတ် ခေါင်းစဉ်နဲ့ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနဲ့ ဟောပြောပွဲတွေကို ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် မွေးနေ့ အခမ်းအနားကျင်းပနိုင်ရေး အတွက် ကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီတွင် စစ်တွေ ခရိုင် ဥက္ကဋ္ဌ ဦးသင်္ခါကျော်က ဥက္ကဋ္ဌ အဖြစ်သော်လည်းကောင်း၊ ဦးကျော်အေး (ပုဏ္ဍားကျွန်းမြို့နယ် ဥက္ကဋ္ဌ) မှ အတွင်းရေးမှူး အဖြစ်သော်လည်းကာင်း ဆောင်ရွက်ဖြစ်သည်။  ကျင်းပရေးကော်မတီဝင်မှာ စုစုပေါင်း ၉ ဦး ဖြစ်သည်ဟု သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: