Friday, February 6, 2015

ရွာမတွင်ပြုလုပ်သော ဦးအေးသာအောင်၏ လူထုစည်းရုံးရေးဟောပြောပွဲ လူပေါင်းထောင်ချီတက်ရောက်

 ( ဦးအေးသာအောင်၏ ရွာမကျေးရွာ စည်းရုံးဟောပြောပွဲ)
ဦးအေးသာအောင်၏ ရွာမကျေးရွာ စည်းရုံးဟောပြောပွဲ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရွာမကျေးရွာတွင် ပြုလုပ်သော ဦးအေးသာအောင်၏ လူထုစည်းရုံးရေး ဟောပြောပွဲသို့ ဒေသခံ ပြည်သူ ထောင်နှင့်ချီ၍ တက်ရောက်နားထောင်ခဲ့သည်ဟု သိရသည်။
ရွာမဒေသခံ တစ်ဦးဖြစ်သူ ဦးခင်မောင်ရီက “ တက်ရောက်နားထောင်တဲ့သူက တစ်ထောင်ငါးရာခန့်ရှိပါတယ်။ ဒီလို လူတွေ စိတ်ပါဝင်စားစွာနဲ့ တက်ရောက်နားထောင်တာမျိုး အရင်က တစ်ခါမှ မရှိခဲ့ပါဘူး” ဟု ဆိုသည်။
ဦးအေးသာအောင်မှာ ရခိုင်အမျိုးသားပါတီ၏ ဗဟို အလုပ်အမှုဆောင်ကော်မတီ အဖွဲ့တစ်ဦးလည်း ဖြစ်ပြီး ၀ါရင့် နိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်သည်။ ယခု ဟောပြောပွဲမှာ လာမည့် ရွေးကောက်ပွဲအတွက် တောင်ကုတ် လူထုအား လာရောက်အကဲစမ်းသည့် ဟောပြောပွဲ တစ်ခုအဖြစ် ရှုမြင် သုံးသပ်ကြောင်း ဒေသခံများက ပြောဆိုသည်။
ဦးအေးသာအောင်နှင့် အတူ လိုက်ပါလာသူ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးမျိုးဆွေက “ တောင်ကုတ်ဒေသခံတွေ ဖိတ်ကြားတဲ့ အတွက် လူထု စည်းရုံးရေး ခရီးစဉ် အနေနဲ့ ဆောင်ရွက်တာပါ။ စစ်တွေမှာရှိတဲ့ ပါတီက ဦးခိုင်ပြည်စိုးတို့၊ ဒေါ်အေးနုစိန်တို့ကိုလည်း ဖိတ်ပါတယ်။ သူတို့မအားတဲ့ အတွက် ကျွန်တော်နဲ့ ဦးအေးသာအောင်တို့ တောင်ကုတ်မြို့နယ်ကို လာရောက်ပြီး လူထုတွေနဲ့ တွေ့ဆုံတာဖြစ်ပါတယ်” ဟု ဆိုသည်။
တောင်ကုတ်မြို့နယ်သည် ကြံ့ခိုင်ရေးပါတီ၏ အမာခံနယ်မြေတစ်ခု ဖြစ်ပြီး ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများအားလုံး၏ နေရာကို ယင်းပါတီမှ အနိုင်ရခဲ့သည်။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအတွင်း ယင်းအချိန်က ရှိခဲ့သော ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှာ ပါတီဖွဲ့ပြီး ရွေးကောက်ပွဲဝင်ရန် အချိန်တိုတောင်းသဖြင့် ၀င်ရောက် ယှဉ်ပြိုနိုင်ခြင်း မရှိခဲ့ချေ။
ယခုအခါ တောင်ကုတ်မြို့နယ်တွင်  ရခိုင်တိုင်းရင်းသားပါတီအနေဖြင့် လူထု ထောက်ခံမှုများ ရရှိနေသဖြင့် လာမည့် ရွေးကောက်ပွဲ အတွက် ရခိုင်အမျိုးသားပါတီအနေဖြင့် ကြိုတင်စည်းရုံးရေးဆင်းခြင်း ဖြစ်ကြောင်း ပါတီ၏ ထိပ်တန်း ခေါင်းဆောင် တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ နေရာအားလုံးကို  ပြည်မမှ ဦးဆောင်သော ကြံ့ခိုင်ဖွံဖြိုးရေးပါတီမှ အနိုင်ရရှိခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့သည်။
ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲ ရခိုင်အမျိုးသားပါတီ အနေဖြင့်  ပြိုင်ဘက် ကြံ့ခိုင်ရေးနှင့် အဖွဲ့ချုပ်တို့ကို အနိုင်ရရှိရေးအတွက် လူထု အားကိုးယုံကြည်မှုနှင့် ထောက်ခံမှုကို ရရှိနေသော ဦးအေးသာအောင် ကိုယ်တိုင် တောင်ကုတ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာမှ ၀င်ရောက်ယှဉ်ပြိုင်မည် ဆိုသည့် သတင်းများလည်း  ထွက်ပေါ်နေကြောင်း သိရှိရသည်။
ဦးအေးသာအောင်သည် တောင်ကုတ်မြို့နယ်ရှိ ဆားပြင်၊ ကျော်ကိုင်းကျေးရွာများသို့လည်း သွားရောက်ပြီး လူထုနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: