Friday, February 6, 2015

ဝှိုက်ကတ်အရေး နောက်ကွယ်

မှတ်ပုံတင်ပျောက်နေသူတစ်ဦးပြုလုပ်ထားသော White card ကိုတွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများကို ထုတ်ပေးသော White card နှင့် UNHCR ကဒ်ကို ပြသနေသူတစ်ဦး (ဓာတ်ပုံ - india.blogs.nytimes.com)
 ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံလက်မှတ် (white card)ကိုင်ဆောင်ထားသူများ မဲပေးခွင့်ပြုလိုက်ခြင်းကြောင့် ရခိုင်အမျိုးသားအင်အားစုများ အပါအဝင် နိုင်ငံရေးလေ့လာသူများအကြား စိုးရိမ်မှုများမြင့်တက်လာသည်။
ဝှိုက်ကတ်ကိုင်ဆောင်ထားသူများ မဲပေးခွင့်ပြုလိုက်ခြင်းသည် အာဏာရပါတီ၏ နိုင်ငံရေး ကစားကွက်ဟုလည်း စွပ်စွဲမှုများ ထွက်ပေါ်နေသည်။ ထို့အပြင် ဒီမိုကရေစီကူးပြောင်းစနိုင်ငံအတွက် ဆိုးကျိုးများ ဖြစ်ပွားလာနိုင်သည်ဟုလည်း သုံးသပ်သူများရှိသည်။
ယာယီသက်သေခံလက်မှတ်ကို ၁၉၅၁ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း နေထိုင်သူများ မှတ်ပုံတင်ခြင်း နည်းဥပဒေများအရ ထုတ်ပေးထားခြင်းဖြစ်သည်။ ယင်းလက်မှတ် ကိုင်ဆောင်သူများထဲတွင် နိုင်ငံသား၊ နိုင်ငံခြားသား မခွဲခြားနိုင်သေးသူ အများစုဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင် ပျောက်ဆုံးနေသူများ၊ မရရှိသေးသည့် တိုင်းရင်းသားများ အနည်းစုပါဝင်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် ယာယီသက်သေခံလက်မှတ် (white card)ကိုင်ဆောင်ထားသူများကိုပါ မဲပေးခွင့်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတ မှတ်ချက်ဖြင့် ဖေဖော်ဝါရီ ၂ ရက် ၌ ပြင်ဆင်အတည်ပြုခဲ့သည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီသည်  ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်နှင့် စိစစ်ခဲ့ခြင်းဖြစ်ကာ လွှတ်တော်သို့တင်သွင်းစဉ်ကတည်းက ဥပဒေကြမ်း၌ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူများ မဲပေးခွင့်ရှိသည်ဆိုသောအချက် ပါရှိခဲ့သည်။
ဥပဒေကြမ်း၌ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပသည့် ရက်တွင် အသက် (၁၈)နှစ်ပြည့် ပြီးဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတိုင်းသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသည်။ ယင်းဆန္ဒမဲပေးခွင့်ရှိ သူတိုင်းကို မဲစာရင်းတွင် ထည့် သွင်းရမည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။
သို့သော် အဆိုပါအချက်ကို လွှတ်တော်က ပယ်ဖျက်ခဲ့ပြီးနောက် ဥပဒေကြမ်းကို အတည် ပြုပြဋ္ဌာန်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးနိုင်ရန် သမ္မတထံ ပေးပို့ခဲ့သည်။ သမ္မတက ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ မဲပေးခွင့် ရှိကြောင်းအပါအဝင်  ပြင်ဆင်ချက်၁၁ ချက်ဖြင့် ဥပဒေကြမ်းကို လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည်။
နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်တွင်‘‘ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပသည့် နေ့ရက်၌အသက် (၁၈)နှစ် ပြည့်ပြီးဖြစ်သည့်နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်။ ယင်းဆန္ဒမဲပေးခွင့်ရှိသူတိုင်းကို မဲစာရင်းတွင် ထည့်သွင်းရမည်’’ဟု ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၂ ရက်ကပြု လုပ်သော ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် ရခိုင် တိုင်းရင်းသားလွှတ်တော်ကိုယ် စားလှယ်များက အချုပ်အခြာ အာဏာထိပါးလာနိုင်ကြောင်း ကန့်ကွက်ဆွေးနွေးခဲ့ကြသည်။ သို့သော် ပြည်ထောင်စုလွှတ်တော် က ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အများစု၏ ထောက်ခံချက်ဖြင့် မဲပေးခွင့်ကို အတည်ပြုခဲ့သည်။ ဝှိုက်ကတ်ကိုင်ဆောင်သူများ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသည်ဆိုသောအချက်အပေါ် ထောက်ခံသူအမတ် ၃၂၈ ဦး၊ ကန့်ကွက်သူ ၇၉ ဦးနှင့် ကြားနေ ၁၉ ဦးဖြစ်သည်။
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုခဲ့ခြင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိစေရန် နိုင်ငံရေးကစားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။
‘‘အားလုံးကို ခြုံငုံပြီးပြောရရင်တော့ နိုင်ငံရေးကစားတာပဲ။ အဲဒီစကားတစ်လုံးပဲရှိတယ်’’ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ၎င်း၏အမြင်ကို ပြောသည်။
‘‘နိုင်ငံရေးကစားတယ်ဆိုတဲ့ စကားရဲ့ နောက်ကွယ်မှာတော့ အများကြီးရှိတာပေါ့။ မဲရလိုမှုလည်းရှိတာပေါ့’’ဟု ၎င်းက ဆက်လက်ပြောသည်။
နိုင်ငံရေးလေ့လာသူအချို့ နှင့် ရခိုင်အမျိုးသားအင်အားစုများက အချက်နှစ်ချက်ကြောင့် ယခုကဲ့သို့ ယာယီသက်သေခံ လက်မှတ်ကို မဲပေးခွင့်ပြုခဲ့ခြင်း ဖြစ်နိုင်ကြောင်း တညီတညွတ်တည်းသုံးသပ်သည်။
‘‘ပထမတစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို နောက်ဆုတ်ဖို့ကြိုးစားတာ’’
‘‘နောက်တစ်ချက်က မိမိ ပါတီအာဏာရဖို့ တိုင်းပြည်အကျိုးထက် ပါတီအကျိုးကိုရှေးရှုတာ’’ ဟု စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။
ယင်းကဲ့သို့ နိုင်ငံရေးအကျိုး အမြတ်ရရှိအောင် လုပ်ဆောင်မှုမျိုးမှာ မြန်မာ့သမိုင်းတွင် ယခင် ကလည်း ရှိခဲ့ဖူးသည်။
ဘင်္ဂါလီလူမျိုးများက ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် တောင်းဆိုမှုကို ဖဆပလအစိုးရက ရွေးကောက်ပွဲအနိုင်ရရှိရန် လက်ခံခဲ့ဖူးသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများက ပါတီမဲရရှိရန် ဘင်္ဂါလီလူမျိုးအများအပြားအား ယာယီမှတ်ပုံတင်အဖြူကတ်များ ထုတ်ပေးခဲ့ခြင်းကြောင့် လူမျိုးရေး ပြဿနာများ ပိုမိုရှုပ်ထွေးခဲ့ရ ကြောင်း  ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် အစီအရင်ခံစာ၌ ရခိုင်တိုင်းရင်းသားများ ပြောကြားချက်ကို ကိုးကား၍ ရေးသားထားသည်။
‘‘ကျွန်တော်တို့က ယာယီသက်သေခံလက်မှတ်တွေ မဲမပေးရတဲ့ဘက်က ရပ်တည်တယ်။ ဒါပေမဲ့ မဲရှုံးသွားတယ်’’ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
‘‘သမ္မတရဲ့ ပြင်ဆင်ချက် ကြည့်ရတာ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားတဲ့သူတွေ မဲမပေးရဘူးဆိုတာ ကြိုက်ပုံ မပေါ်ဘူး။ နောက်ကွယ်ကဟာတွေတော့ ကျွန်တော်လည်း မသိထားတော့ မပြောလိုပါဘူး’’
မြန်မာနိုင်ငံတွင် ယာယီ သက်သေခံလက်မှတ် (white card) ကိုင်ဆောင်ထားသူ ခြောက်သိန်းခန့်ရှိကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက တရားဝင်ပြောကြားထားသည်။ ယင်းအနက်မှ အများစုမှာ ရခိုင် ပြည်နယ်မှ ဘင်္ဂါလီလူမျိုးများဖြစ်သည်။
‘‘၈၀ ရာခိုင်နှုန်းလောက် ဖြစ်မှာပါ’’ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးအဆင့်ရှိသူတစ် ဦးက ပြောသည်။
ရခိုင်အမျိုးသားအင်အားစုများကမူ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးတစ်သန်းကျော် အနက် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူ ငါးသိန်းကိုးသောင်းခန့်ရှိသည်ဟု ဆိုသည်။
ဝှိုက်ကတ်ကိစ္စ ယခုအချိန်တွင်မှ ပေါ်ပေါက်လာခြင်းမှာ အခြေခံဥပဒေပြင်ဆင်ရေး အာရုံလွဲအောင် ကြိုးပမ်းခြင်းဟု သုံးသပ်မှုများလည်းရှိသည်။
လက်ရှိပြဋ္ဌာန်းထားသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ရွေးကောက်ပွဲဥပဒေများအရ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများမှာ ဆန္ဒမဲပေးနိုင်ခွင့် ရှိသည်။
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ရွေးကောက်ပွဲဥပဒေများအရ သမ္မတက သဘောထားမှတ်ချက်ပြုခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်တစ်ခုတည်းသာမက အခြားတိုင်းရင်းသားဒေသများရှိ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ များအတွက်ပါ ထည့်သွင်းစဉ်းစားပြီး ယင်းကဲ့သို့ မှတ်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း 7 day Daily အားပြောသည်။
‘‘အမိန့်ပေးတာမဟုတ်ပါဘူး။ စဉ်းစားနိုင်အောင် သဘောထားမှတ်ချက်ပေးတာပါ’’ဟု ၎င်းက ပြောသည်။
ယာယီသက်သေခံလက်မှတ်များကို မဲပေးခွင့်ပြုခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေများနှင့် ဆန့်ကျင်နေကြောင်း ထောက်ပြသူများရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ တွင် ‘‘နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်’’ ဟု ဖော်ပြထားသည်။
၁၉၈၂ နိုင်ငံသားဥပဒေ ပုဒ်မ ၂(င)တွင်မူ ယခုကဲ့သို့ပြဋ္ဌာန်းထားသည်။
‘‘နိုင်ငံခြားသားဆိုသည်မှာ နိုင်ငံသားမဟုတ်သောသူ (သို့မဟုတ်) ဧည့်နိုင်ငံသားမဟုတ်သောသူ (သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူမဟုတ်သောသူကို ဆိုသည်’’
ထို့အတွက်ကြောင့်ပင် နိုင်ငံသားမဟုတ်သူများကို မဲပေးခွင့်ပြုခြင်းမှာ ဖွဲ့စည်းပုံအပါအဝင် တည်ဆဲဥပဒေများကို ချိုးဖောက်နေကြောင်း ရခိုင်အမျိုးသားအင်အားစုများနှင့် နိုင်ငံရေးလေ့လာသူများက ဝေဖန်သည်။
‘‘ကမ္ဘာပေါ်က ဘယ်တိုင်းပြည်မှာမဆို နိုင်ငံခြားသားကို မဲပေးပိုင်ခွင့်ရှိတယ်လို့ မပြဋ္ဌာန်းထားဘူး’’ဟု စစ်တွေမြို့မိမြို့ဖ ရှေ့နေဦးသာပွင့်က ဆိုသည်။
သို့ရာတွင် ယာယီသက်သေခံလက်မှတ်မှာ ရခိုင်ပြည်နယ်တွင် ထိလွယ်ရှလွယ်ဖြစ်သော်လည်း ယခင်က မဲပေးခွင့်ရှိသည့်အတွက် ဆက်လက် မဲပေးခွင့်ပေးသင့်ကြောင်း သုံးသပ်သူများလည်းရှိ သည်။
‘‘အခုကျမှ မဲပေးခွင့်မပေးတော့ဘူးဆိုရင် ကျွန်တော်တို့ ဥပဒေက မတည်ငြိမ်ဘူးလို့ အားလုံးကဝေဖန်မှုတွေဖြစ်လာမယ်။ ရှေ့ကတစ်မျိုး၊ နောက်ကတစ်မျိုး လိုသလိုအသုံးချတယ်လို့ ပြောကြမယ်’’ဟု လွှတ်တော်တွင် မဲခွဲစဉ် ထောက်ခံမဲပေးခဲ့သူ ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဆိုင်းပေါင်းနပ်က ပြောသည်။
‘‘တိုင်းရင်းသားတွေထဲမှာ မှတ်ပုံတင်မရှိလို့ ဝှိုက်ကတ်ကိုင်ထားတဲ့သူတွေ အများကြီးပဲ။ အဲဒီတော့ ဝှိုက်ကတ်ကို မဲပေးခွင့်မပေးတော့ဘူးဆိုရင် ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အခွင့်အရေး ဆုံးရှုံးသွားမှာပေါ့’’ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဦးဆိုင်းပေါင်းနပ်က ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ယခုကဲ့သို့ မှတ်ချက်ပြုသည်။
‘‘ရခိုင်ပြည်နယ်က ဝှိုက်ကတ်ကိစ္စကတော့ သေချာ စိစစ်ကိုင်တွယ်သင့်ပါတယ်။ ကျွန်တော်ထင်ပါတယ် မဲပေးခါနီးရင် ဝှိုက်ကတ်တွေ ပြန်စိစစ်လိမ့်မယ်’’
၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ယခုကဲ့သို့ယာယီ သက်သေခံလက်မှတ်ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုခဲ့ခြင်းသည် တိုင်းပြည်အတွက် ဆိုးကျိုးများဖြစ်လာနိုင်ကြောင်း စိုးရိမ်သူများလည်းရှိသည်။
‘‘သူတို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမှာ မဲပေးရတော့မယ်။ အဲဒီအခါမှာ စိန်ခေါ် မှုတွေရှိလာပြီ’’ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
‘‘တိုင်းရင်းသားတွေမကြိုက်တာကို သူတို့က ထောက်ခံရင်၊ နိုင်ငံသားမဟုတ်သေးတဲ့သူတွေကိုထောက်ခံရင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်တာပဲ’’
ရခိုင်အမျိုးသားအင်အားစုများက ယခုကိစ္စသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်ပြီး အကျိုးသက်ရောက်မှုများက ပြည်တွင်းသို့ ကျော်လွန်သွားနိုင်ကြောင်း ထောက်ပြသည်။
‘‘လက်ပံတောင်းတို့၊ အခု ကျောင်းသားသပိတ်တို့ထက် ဒီကိစ္စက ဆိုးကျိုးတွေဟာ ပိုပြီး နစ်နာဆုံးရှုံးသွားနိုင်တယ်’’ဟု ဦးသန်းထွန်းက မှတ်ချက်ပြုသည်။
လတ်တလောတွင် ရဟန်း သံဃာတော်များက မဲပေးခွင့်ဆုံးဖြတ်ချက်ပြင်ဆင်ရန် ဆန္ဒထုတ်ဖော်မှုများကို ရန်ကုန်မြို့၌ပြုလုပ်သွားရန် စီစဉ်နေသည်။ ရခိုင် ပြည်နယ်တွင်လည်း မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်သွားမည်ကို လူထုအစည်းအဝေးများပြုလုပ်၍ ဆုံး ဖြတ်သွားမည်ဖြစ်သည်။
ရခိုင်ပြဿနာနှင့် ကချင်အပါအဝင် ပြည်တွင်းစစ်ရပ်စဲရေး စသည့်ကိစ္စရပ်များစွာကို ဖြေရှင်းနိုင်ခြင်းမရှိသေးသည့် အစိုးရမှာ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ စိန်ခေါ်မှုများ ထပ်မံကြုံတွေ့လာမည်ဖြစ်ကြောင်း နိုင်ငံတကာအပါအဝင် လေ့လာသူများက အစဉ်တစိုက်ထောက်ပြခဲ့ကြသည်။
ဦးခင်မောင်ဆွေကမူ ယခုကဲ့သို့မှတ်ချက်ပြုသည်။ ‘‘အမျိုးသားလုံခြုံရေးအမြင်၊ နိုင်ငံတော် လုံခြုံရေးအမြင်နဲ့ ဒီကိစ္စကို သေချာစိစစ်လုပ်ကိုင်သင့်တယ်’’
××××××××××××××××××××
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို လွှတ်တော်အသီးသီးတွင် ဆွေးနွေးအတည်ပြုခဲ့မှုအခြေအနေများ
××××××××××××××××××××××××××××××××××
- ၂၀၁၄ နိုဝင်ဘာ ၁၈ ရက် သတင်းမီဒီယာတွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲကို မေလအတွင်း လုပ်ပေးမည်ပြော။
- ၂၀၁၄ နိုဝင်ဘာ ၂၀ ရက်တွင် ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီက ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ဥပဒေကြမ်းကို တင်သွင်းခဲ့။
- ၂၀၁၄ နိုဝင်ဘာ ၂၄ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ယာယီသက်သေခံကတ်ပြား ကိုင်ဆောင်ထားသူများ မဲပေးခွင့်ရသည်ဆိုသော အချက်ကို လွှတ်တော်က ပယ်ဖျက်ရန်သဘောတူညီခဲ့။
- ၂၀၁၄ နိုဝင်ဘာ ၂၈ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိပေးပို့သော ဥပဒေကြမ်းကို လက်ခံရရှိပြီး ဆက်လက်ဆောင်ရွက်သွားရန် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ အသိပေးခဲ့။
- လွှတ်တော်နှစ်ရပ်စလုံးတွင် ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော်သမ္မတထံ ပြည်ထောင်စုလွှတ်တော်က ပေးပို့ခဲ့။
- ၂၀၁၅ ဇန်နဝါရီ ၂၂ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ နိုင်ငံတော်သမ္မတက ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပြင်ဆင်ချက် ၁၁ ချက်ဖြင့် ပေးပို့လာမှုအပေါ် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းခဲ့။
-၂၀၁၅ ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ် တော်အစည်းအဝေးက ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသည်ဆိုသောအချက်ကို ထောက်ခံသူများသဖြင့် အတည်ပြုခဲ့။
(သတင်းအရင်းအမြစ်- 7 Days News)
Post a Comment