Wednesday, February 4, 2015

တရုတ်၏ အိန္ဒိယသမုဒ္ဒရာဆီ လမ်းပွင့်ရေး ရည်မှန်းချက်ပြည့်ပြီ


 မြန်မာနိုင်ငံမြေပုံကြီးကို စလွယ်သိုင်းဖြတ်သန်း၍ အူတိုင်ဖောက်နေရာယူထားသော မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှစ်ခုစလုံး ၂၀၁၅ ဇန်နဝါရီလကုန်တွင် လုပ်ငန်းလည်ပတ်နေလေပြီ။ ရခိုင်ကမ်းရိုးတန်းမှနေ၍ တရုတ်နိုင်ငံသို့ ချိတ်ဆက်ထားသော ယင်းစီမံကိန်း၏ သက်တမ်းကာလမှာ နှစ်ပေါင်း ၃၀ ဖြစ်ပြီး ထိုအတောအတွင်း ပိုက်လိုင်းများကြောင့် အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံခန့်  မြန်မာအစိုးရက ရရှိမည်ဟုဆိုသည်။ သို့သော် မူလသန္ဓေတည်ကတည်းကပင် နိုင်ငံရေးအခြေခံ၍ သဘောတူညီခဲ့ကြသည့် ယင်းစီမံကိန်းကြောင့် မြန်မာနိုင်ငံနှင့်ပြည်သူများ  စီးပွားရေးအကျိုးအမြတ်ရရှိဖို့ထက် ပထဝီဝင်နိုင်ငံရေး၊ လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပေးဆပ်ရနိုင်ခြေက ပိုများမည်ဖြစ်ကြောင်း စိုးရိမ်မှုများလည်း ရှိနေသည်။
ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ အားလုံးနှင့် ခိုင်မာသော နိုင်ငံရေး ၊ စီးပွားရေး ၊ စစ်ရေးနှောင်ကြိုးများကို တရုတ်က ချည်နှောင်ထားပြီးလေပြီ။ အရင်းခံအားဖြင့် အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကမှနေ၍ တရုတ်သို့ စွမ်းအင်တင်သွင်းမှု အခြေအနေလုံခြုံစေရန်ဆိုသည့် သဘောထားနှင့်ဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာအပေါ်တွင် ထားရှိသော တရုတ်၏ မဟာဗျူဟာရည်မှန်းချက်အတွက် ဘင်္ဂလားပင်လယ်အော်နိုင်ငံများ အားလုံးထဲတွင် မြန်မာနိုင်ငံသည် အရေးအပါဆုံးဖြစ်သည်။ လက်ရှိ မြန်မာ-တရုတ်ပိုက်လိုင်းများမှာ ကုန်းတွင်းပိတ်ဖြစ်နေသော တရုတ်၏ အနောက်တောင်ပိုင်းပြည်နယ်များကို အိန္ဒိယသမုဒ္ဒရာဆီ ပေါက်ရောက်အောင် လမ်းဖွင့်ရေးဆိုသည့် အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နေကြောင်း တရုတ်ကသက်သေပြသည့် ပထမဆုံးသင်္ကေတများလည်းဖြစ်သည်။ ‘‘ဘေဂျင်း၏ သမုဒ္ဒရာနှစ်စင်းမဟာဗျူဟာ’’ဟု တရုတ်ပညာရှင်အချို့က ဖွဲ့ဆိုထားသော သမုဒ္ဒရာနှစ်စင်းလွှမ်းမိုးနိုင်စွမ်းဆီ တရုတ်က ပိုနီးကပ်အောင် ရွေ့လာနေပေပြီ။  ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာများတွင် ရေကြောင်းထိန်းချုပ်မှုကို တရုတ်ကရယူနေသည်။ မလက္ကာရေလက်ကြားနှင့် ဟော်မုဇ်ရေလက်ကြားကဲ့သို့ ပင်လယ်လမ်းကြောင်းနှစ်ခုအကြားတွင် အိန္ဒိယသမုဒ္ဒရာရှိနေသည့်အလျောက် အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်ဘက်တွင် တည်ရှိနေသော ဘင်္ဂလားပင်လယ်အော်က အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ချိတ်ဆက်ပေးနေသည်။ ထို့အပြင် တောင်အာရှနှင့် အရှေ့တောင်အာရှဆိုသည့် အရေးပါလှသော ဒေသနှစ်ခုကိုလည်း ဘင်္ဂလားပင်လယ်အော်က ချိတ်ဆက်ပေးထားပြန်သည်။ ပင်လယ်အော်အနောက်ပိုင်းတွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာတို့ရှိနေပြီး အရှေ့ပိုင်း၌ မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့ ရှိနေကြ၏။ အင်ဒို-ပစိဖိတ်ဒေသ၌ ဤကဲ့သို့ ပထဝီမဟာဗျူဟာတည်နေရာဖြစ်နေခြင်းကြောင့် ပင်လယ်အော်သည် အဓိကပါဝါများအတွက် မဟာဗျူဟာကျကျ အရေးပါလှပါသည်။ တရုတ်မှာ ပင်လယ်အော်နယ်နိမိတ်ရှိ နိုင်ငံတစ်ခုမဟုတ်သော်လည်း ၎င်း၏ တောင်ဘက်မျှော်မူဝါဒနှင့် အိန္ဒိယသမုဒ္ဒရာ၌ထားရှိသော အကျိုးစီးပွားများက တရုတ်ကို ဘင်္ဂလားအော်တွင် အရေးပါထင်ရှားသည့် ကစားသမားတစ်ဦးဖြစ်လာစေခဲ့ပြီ။ ‘ပုလဲသွယ်’ သီအိုရီဟု အမည်တပ်ထားသည့် သီအိုရီကိုထောက်၍ တရုတ်၏ အိန္ဒိယသမုဒ္ဒရာ ရှေးရှုမှုအပေါ် မြောက်မြားလှစွာသည့်  ကမ္ဘာ့လေ့လာသူများက စောကြောစစ်ဆေးလျက်ရှိသည်။  ဤဆန်းစစ်မှု၏ မူဘောင်အရ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာတို့ ကို တရုတ်မဟာဗျူဟာအတွင်းက ပုလဲလုံးများအဖြစ် ရှုမြင်နေရပါသည်။ တရုတ်အနေဖြင့် အိန္ဒိယသမုဒ္ဒရာဆီ ရောက်နိုင်မည့်နည်းမှာ မြန်မာနိုင်ငံကို ထုတ်ချင်းဖောက်ဖြတ်သွားဖို့သာရှိပါသည်။ ယခုအသက်ဝင်နေပြီဖြစ်သည့် မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ အမြွှာပိုက်လိုင်းနှစ်ခုသည် မဒေးကျွန်းမှစတင်ကာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံထဲ ဝင်သွားကြသည်။
‘‘မြန်မာ-တရုတ် ပိုက်လိုင်းတွေက အိန္ဒိယသမုဒ္ဒရာမှာ တရုတ်ကျက်စားခွင့်ကို ပေးလိုက်ပြီး အာရှရဲ့ မဟာပါဝါကစားပွဲတွေကို အားသစ်တစ်ရပ် ပေးလိုက်တာပါပဲ’’ဟု တောင်အာရှနှင့် အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေးကို သုတေသနပြုနေသည့် အိန္ဒိယပညာရှင် ဒေါက်တာကေမှုန်းက သုံးသပ်သည်။
မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အထိ သွယ်တန်းထားသော မိုင်ပေါင်း ၁,၅၀၀ ကျော် အရှည်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ၂၀၁၃ က ဖွင့်လှစ်ခဲ့သည်။  ဓာတ်ငွေ့ပိုက်လိုင်းနှင့်အပြိုင် ကပ်လျက်သွယ်တန်းထားသည့် ရေနံစိမ်းပိုက်လိုင်းကို ၂၀၁၅ ဇန်နဝါရီ ၃၀ရက်၌ စတင်လည်ပတ်ခဲ့ပါသည်။ မဒေးကျွန်းရေနံတင်ဆိပ်ကမ်း၌ ရေနံတန်ချိန်သုံးသိန်းခန့်အထိ တင်ဆောင်နိုင်မည့် ရေနံတင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည်ဟုဆို၍ ယင်းမှာ မြန်မာ့ပထမဆုံးရေနံတင်သင်္ဘောကပ်ဆိပ်ကမ်းအဖြစ် ဂုဏ်ယူစရာဖြစ်သယောင် အစိုးရကပြောသည်။
မြန်မာ-တရုတ်ပိုက်လိုင်းများကို တရုတ်နိုင်ငံအတွက် မဟာဗျူဟာကျကျ အထောက်အပံ့ဖြစ်စေသည့် အချိန်ကာလ၌ လက်စသတ်လိုက်နိုင်ခြင်းဖြစ်သည်ဟု နိုင်ငံတကာလေ့လာသုံးသပ်သူများက ဆိုသည်။ စွမ်းအင်လုံခြုံရေးသည် ဒေသတွင်း ပထဝီဝင်နိုင်ငံရေးကို စိုးမိုးခြယ်လှယ်လာနေသည်။ ရေနံစိမ်းပိုက်လိုင်းစီမံကိန်းကြောင့် ကမ္ဘာ့ထိပ်တန်းရေနံစိမ်းဝယ်သူ တရုတ်နိုင်ငံအနေဖြင့် မလက္ကာရေလက်ကြားမှတစ်ဆင့် ရေနံသယ်ယူတင်သွင်းနေရခြင်းအတွက် မှီခိုနေရခြင်းကို လျှော့ချသွားနိုင်တော့မည်။ ကနဦးလေ့လာချက်များအရ သုံးပုံတစ်ပုံခန့်ပင် လျှော့ချနိုင်မည်ဟု တွက်ချက်ခဲ့ကြသော်လည်း လတ်တလော ဆန်းစစ်ချက်များကမူ တရုတ်စွမ်းအင်လိုအပ်ချက် ၈၀ ရာခိုင်နှုန်းခန့်ကို မြန်မာလမ်းကြောင်းက ဖြည့်ဆည်းပေးနိုင်တော့မည်ဟု ဆိုသည်။ ယခင်ကမူ တရုတ်ရေနံစိမ်းတင်သွင်းမှု ၈၀ ရာခိုင်နှုန်းမှာ မလက္ကာရေလက်ကြားမှ ဖြတ်သန်းခဲ့ရသည်။ မလက္ကာရေလက်ကြားကို အမေရိကန်ထိန်းချုပ်မှုအောက်ရှိ ပင်လယ်လမ်းကြောင်းအဖြစ် ဘေဂျင်းက ရှုမြင်သည်။ စွမ်းအင်ရင်းမြစ်များအတွက် ယင်းလမ်းကြောင်းအပေါ် မှီခိုနေရခြင်းမှာ တရုတ်ကိုအားနည်းချက်၊ ပျော့ကွက်ဖြစ်စေသည်ဟု ဘေဂျင်းကတွေးသည်။
ပိုက်လိုင်းများ၏တည်နေရာမှာ အခြားသော အကြောင်းပြချက်များအတွက်လည်း အရေးပါလှသည်။ မြန်မာနိုင်ငံသည် အရှိန်အဝါသြဇာလွှမ်းမိုးနိုင်ရေးတွက် ကမ္ဘာ့အဓိကအင်အားကြီးပြိုင်ဆိုင်မှု၏ ဆုံချက်ဖြစ်လာသည်။ တရုတ်က မြန်မာနိုင်ငံတွင် ၎င်း၏အပိုင်စားရမှုများကို တဖြည်းဖြည်းမြှင့်တင်လာချိန်တွင် မြန်မာနိုင်ငံမှ အပြောင်းအလဲများက ဘေဂျင်းအတွက် စိန်ခေါ်မှုများကိုဖန်တီးခဲ့သည်။ မြန်မာနိုင်ငံအသစ်ကို ရင်ဆိုင်ရန် တရုတ်ကို ဖိအားပေးသလိုဖြစ်စေခဲ့ပြီး အသစ်တစ်ဖန်ပြန်လည်ဆန်းသစ်ထားသော အမေရိကန်နှင့် ဂျပန်အကျိုးစီးပွားတို့နှင့် ပတ်သက်၍လည်း တရုတ်၏မူဝါဒကို ပြန်လည်တွက်ချက်လာစေခဲ့ပြီ။
‘‘ဒီစီမံကိန်းကို သဘောတူခဲ့ချိန်က စစ်အစိုးရလက်ထက် ကုလသမဂ္ဂမှာ မြန်မာကိုအကာအကွယ်ပေးတဲ့ တရုတ်ရဲ့ ဗီတိုအာဏာနဲ့ အပေးအယူလုပ်ခဲ့တာ နိုင်ငံရေးပါတယ်။ နိုင်ငံရေးနဲ့ လုပ်ခဲ့တာ။ စီးပွားရေးနဲ့ သဘောတူခဲ့တာ မဟုတ်ဘူး။ စီးပွားရေးနဲ့ကြည့်ရင် မကောင်းတဲ့စီမံကိန်းတစ်ခုပါ’’ဟု ပြည်တွင်းလူမှုအဖွဲ့အစည်းများကို ကူညီထောက်ပံ့မှုပေးနေသော ပေါင်းကူးဖောင်ဒေးရှင်းမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်သူကပြောသည်။
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက အရင်းခံအားဖြင့် မဟာဗျူဟာကျကျ အကျိုးစီးပွားသုံးခုရှိကြောင်း ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းဌာန (IDEJE-TRO)က ထောက်ပြထားသည်။ ယင်းတို့မှာ စွမ်းအင်ရရှိရေးနှင့် စွမ်းအင်လုံခြုံရေး၊ အိန္ဒိယသမုဒ္ဒရာသို့ ဝင်ရေးထွက်ရေး၊ နယ်စပ်ဒေသများနှင့် နယ်စပ်ကုန်သွယ်မှုလုံခြုံရေးတို့ဖြစ်ကြ၏။
မြန်မာအစိုးရလက်အောက်ရှိ စွမ်းအင်ဝန်ကြီးဌာနနှင့် အရှေ့တောင်အာရှရေနံစိမ်းပိုက်လိုင်း (SEAP) လက်အောက်မှ ချိုင်းနားနေရှင်နယ် ပက်ထရိုလီယမ်ကော်ပိုရေးရှင်း (CNPC)တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ရေနံစိမ်းပိုက်လိုင်းကို  ဇန်နဝါရီ ၂၈ ရက်က အကြိုဖွင့်ပွဲပြုလုပ်ကာ ဇန်နဝါရီ ၃၀ က စတင်ပို့လွှတ်ခဲ့သည်။  စီမံကိန်းတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံငွေ ဒေါ်လာ ၂ ဒသမ ၄၅ ဘီလီယံရင်းနှီးခဲ့ပြီး မြန်မာက အစုရှယ်ယာ ၁ ဒသမ ၂၀၄ ဘီလီယံပါဝင်ခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ ရေနံကို တရုတ်ရော ပြည်တွင်းပါ ခွဲဝေပို့လွှတ်မည်ဟုလည်း ဆိုသည်။ ရေနံစိမ်းပိုက်လိုင်းဖြတ်သန်းရာ ပြည်နယ်နှင့်တိုင်းဒေသကြီးလေးခု၏ ပညာရေး၊ကျန်းမာရေး၊ လူမှုစီးပွားရေးနှင့် အခြေခံအဆောက်အအုံ စသောကဏ္ဍများတွင် ပါဝင်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ရေကန်၊ လျှပ်စစ်မီးသွယ်တန်းခြင်း၊ ဆက်သွယ်ရေး၊ တယ်လီဖုန်း စသည်တို့ကို စီမံကိန်းစတင်သည့် ၂၀၁၂မှ စ၍ ယခုအချိန်အထိ နှစ်စဉ်ပံ့ပိုးကူညီလျက်ရှိရာ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂၆ သန်း အကုန်အကျခံကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အကူအညီများအဖြစ် ပံ့ပိုးကူညီခဲ့ကြောင်းဟု အစိုးရကထုတ်ပြန်သည်။ သို့သော် လက်တွေ့တွင် မဆောင်ရွက်ဘဲ ကျန်ရှိနေသည့် ဒေသအများအပြားကျန်ရှိနေသေးကြောင်း ပိုက်လိုင်းဘေးမှ ဒေသခံများကပြောသည်။
ထို့အပြင် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခြင်းဆိုသည့် အကျိုးခံစားခွင့်ကို ရရှိမည်ဟု ဒုသမ္မတဦးဉာဏ်ထွန်းက အကြိုဖွင့်ပွဲတွင် ပြောခဲ့သည်။ တစ်ဖက်တွင်လည်း ဒေသခံများအနေဖြင့် အလုပ်အနည်းငယ်သာရရှိပြီး ရသည့်အလုပ်များမှာလည်း အလုပ်ကြမ်းနှင့် အာမခံချက်မရှိသည့် အလုပ်မျိုးသာဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ အများပြည်သူ အဓိကစိုးရိမ်မှုရှိနေသည်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးဆုံးရှုံးနိုင်ခြေများဖြစ်သည်။ သို့သော် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် နိုင်ငံတကာအဆင့်မီကုမ္ပဏီများကို ငှားရမ်းကာ စနစ်တကျ အချက်အလက်ကောက်ယူပြီး စီမံချက်များ ပြုစုထုတ်ဝေခြင်း၊ စောင့်ကြည့်ရေးအစီအမံများ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ထားကြောင်း မြန်မာအစိုးရကဆိုသည်။
အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းစီမံကိန်းသည် နိုင်ငံတော်ဝင်ငွေရရှိရေး၊ ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသခံပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးတို့ကို ရေရှည်အကျိုးဖြစ်ထွန်းစေနိုင်သည့် စီမံကိန်းကြီးဖြစ်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဒုသမ္မတဦးဉာဏ်ထွန်းက တိုက်တွန်းခဲ့သည်။
တရုတ်၏ ကံကောင်းလွန်းနေသည့် တိုက်ဆိုင်မှုများကိုလည်း မြန်မာ့အရေးစောင့်ကြည့်သူအချို့က ထောက်ပြသည်။ ဓာတ်ငွေ့ပိုက်လိုင်းကို စတင်ပို့လွှတ်ချိန်က မြန်မာနိုင်ငံတွင် ဘာသာရေးပဋိပက္ခ တစ်ခုပြီးတစ်ခု ပေါ်ပေါက်ခဲ့ချိန်နှင့် မရှေးမနှောင်းဖြစ်နေ၍ ပြည်သူလူထုသည် တရုတ်ပိုက်လိုင်းအရေးထက် ပြည်တွင်းရေးအပေါ်သာ အာရုံရောက်နေခဲ့ကြသည်။ ယခုအမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန့်ကျင်သော ကျောင်းသားများ၏ သပိတ်အရှိန်မြင့်မားလာပြီး ပြည်သူထောက်ခံမှုက ကျောင်းသားများအပေါ် အာရုံရောက်နေချိန်နှင့် ရေနံစိမ်းပိုက်လိုင်းဖွင့်ချိန်တူညီနေသည့် အချက်ကြောင့်လည်း လူထုအာရုံက ရေနံစိမ်းပိုက်လိုင်းအပေါ်တွင် သိပ်မရောက်ကြောင်း လေ့လာသူများကဆိုသည်။

‘‘ပြည်တွင်းရေးအရေးကြီးတဲ့ တစ်ပြိုင်နက်မှာပဲ တိုင်းပြည်က ဖြတ်သန်းသွားတဲ့ ဒီပိုက်လိုင်းတွေအရေးကိုလည်း သတိထားရမှာပါ။ အစိုးရဘက်က ရှင်းရှင်းလင်းလင်းသိအောင် ထုတ်ပြန်ဖို့သလို၊ ပြည်သူတွေဘက်ကလည်း သိသင့်သိထိုက်တဲ့အချက်တွေကို လေ့လာဖို့လိုနေပါတယ်’’ဟု ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ လူ့အခွင့်အရေးဌာန တာဝန်ခံ ဦးပြုံးချိုကပြောသည်။
ကိုမြအေး၏ အဆိုအရ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တရုတ်ပြည်ခရီးစဉ်သွားရောက်ခဲ့ချိန်က မြစ်ဆုံဆည်စီမံကိန်း၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ စီမံကိန်းတို့နှင့် ပတ်သက်၍ အလေးပေးပြောကြားခဲ့ကြသည်။ နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်ရန်၊ ဒေသခံများ အကျိုးစီးပွားမြှင့်တင်ရန် အစရှိသည်တို့ဖြစ်သည်ဟုဆိုသည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများနှင့် ရေနက်ဆိပ်ကမ်းတို့ပါဝင်သည့် ကျောက်ဖြူစီမံကိန်းဆောင်ရွက်၍ ရနိုင်ခြေများနှင့်ပတ်သက်၍ နှစ်နိုင်ငံကြားဆွေးနွေးပွဲများကို ၂၀၀၄ က စတင်ခဲ့သည်။
မြန်မာနိုင်ငံဘက်ခြမ်းမှ ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှုမှာ ၂၀၁၃ ဇွန်လ ၂၁ ရက်တွင် ပြီးစီးခဲ့ပြီး ယင်းနှစ် အောက်တိုဘာ ၂၁ တွင် တရုတ်သို့ ဓာတ်ငွေ့စတင်ပို့လွှတ်ခဲ့သည်။ ရေနံပိုက်လိုင်းကို ၂၀၁၄ သြဂုတ်တွင် အပြီးသတ်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ဇန်နဝါရီ ၃၀ ရက်၌ စတင်ပို့လွှတ်ခဲ့ပါသည်။
‘‘သူတို့အစီအစဉ်ထဲမှာ ဒီပိုက်လိုင်းတွေနဲ့အပြိုင် ရထားလမ်းဖောက်ဖို့လည်း ရှိနေတယ်။ ဝိုင်းအော်ကြလို့ ရပ်နေပေမယ့် ရထားလမ်းဆက်ဖောက်ဖို့ ကြိုးစားနေကြတယ်။ အခုကံကောင်းလို့ ပိုက်လိုင်းသက်သက်ပဲ ရှိသေးတာ’’ဟု ဒေါက်တာကျော်သူကပြောသည်။
(သတင်းအရင်းအမြစ်- 7 Days News)

No comments: