Thursday, February 5, 2015

ဖုန်းတာဝါတိုင်များတွင် စက်ပစ္စည်းများ တပ်ဆင်ခြင်းမရှိသေးသည့်အတွက် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအချို့ ဆက်သွယ်ရေးခက်ခဲနေ

မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာတွင် စိုက်ထူထားသော စက်ပစ္စည်းများ
မတပ်ဆင်ရသေးသည့် ဆက်သွယ်ရေး တာဝါတိုင်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - မောင်သန့်ရှင်း / RNA)
 မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် တယ်လီဖုန်းတာဝါတိုင်များစိုက်ထူထားသော်လည်း လိုအပ်သည့် စက်ပစ္စည်းများတပ်ဆင်ပေးခြင်းမရှိသေးသည့်အတွက် ဆက်သွယ်ရေး ခက်ခဲနေကြောင်း သတင်းရရှိသည်။
မြောက်ဦးမြို့နယ်အတွင်းရှိ တိန်ညိုကျေးရွာနှင့် သင်းကျစ်တောင်ကျေးရွာအနီးတွင် ဆက်သွယ်ရေး တယ်လီဖုန်း တာဝါတိုင်များ စိုက်ထူထားသော်လည်းစက်ပစ္စည်းများ တပ်ဆင်ထားခြင်း မရှိသေးကြောင်း ဒေသခံများ ကပြောသည်။
“သင်းကျစ်တောင်ဘုရားအနီးနဲ့ တိန်ညိုကျေးရွာနားမှာ တာဝါတိုင်တွေစိုက်ထားတာ ကြာပါပြီ။ တာဝါတိုင်ပဲရှိပြီး စက်ပစ္စည်းတွေ တပ်ဆင်ထားတာမရှိသေးပါဘူး။ ဖုန်းဆင်းမ်ကတ် တစ်ကတ်ကို ငွေငါးထောင်လောက်နဲ့ ရနေပြီးလူတိုင်းဖုန်းကိုင်နိုင်တဲ့ အချိန်မှာ ကျွန်တော်တို့ရွာက လူတွေတော့အများသုံးဖုန်းဆိုင်တွေကို အားကိုးနေရတုန်းပဲ” ဟု တိန်ညိုကျေးရွာမှာ
ကိုကျော်မြတ်စိုးက Rakhine News Agency သို့ပြောသည်။
မြောက်ဦးမြို့နယ်အတွင်းရှိလူငယ်အများစုမှာရခိုင်ပြည်နယ်အတွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ မြို့များနှင့်ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင် လျက်ရှိပြီး၊ ၄င်းတို့နှင့်ဆက်သွယ်စကားပြောဆိုလိုပါက ဆက်သွယ်ရေးအခက်အခဲကြောင့် အများသုံးဖုန်းဝန်ဆောင်မှုဆိုင်များ ရှိရာသို့ သွားရောက်နေရဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။
“တာဝါတိုင်တွေမှာ စက်ပစ္စည်းတွေ အမြန် တပ်ဆင်ပေးရင်တော့ ဖုန်းဆိုင်တွေကိုသွားစရာမလိုဘဲ လူတိုင်းဖုန်းပြောလာနိုင်မှာပါ” ဟု သင်းကျစ်တောင်ရွာသားတစ်ဦး ကပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ဆက်သွယ်ရေးကွန်ရက် ကိုသာ အသုံပြုနေရပြီး၊ ပုဂ္ဂလိက ဆက်သွယ်ရေးအော်ပရေတာများဖြစ်သော တယ်လီနော နှင့် အော်ရီဒူး ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြုနိုင်ခြင်း မရှိသေးပေ။
(ဤသတင်းကို Rakhine News Agency မှ ကူးယူဖော်ပြပါသည်)

No comments: