Friday, February 13, 2015

အမျိုးသားရေးနိုင်နိုင် ထောင်ဒဏ် ၃ လချမှတ်ခံရ

တရားရုံးမှ အမိန့်ချပြီးနောက် တရားရုံးရှေ့တွင် ကိုနိုင်နိုင်အားတွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
တရားရုံးမှ အမိန့်ချပြီးနောက် တရားရုံးရှေ့တွင် ကိုနိုင်နိုင်အားတွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
လူမှုရေး လှုပ်ရှားနေသူ ကိုနိုင်နိုင်ကို စစ်တွေ မြို့နယ် တရားရုံးက ဖေဖော်ဝါရီလ ၉ ရက်နေ့က ထောင် (၃) လချမှတ်လိုက်သည်။
ရခိုင်ပြည်နယ်အစိုးရအား အယုံကြည်ပျက်စေမှု၊ အစိုးရ၏ လုပ်ဆောင်ချက်များကို ထင်ယောင်ထင်မှား ဖြစ်စေအောင်လုပ်မှု၊ တည်ငြိမ်မှုပျက်ပြားစေအောင် လုပ်ဆောင်မှုတို့ဖြင့် တရားသူကြီးက ပုဒ်မ ၅၀၅ (ခ) မြောက်သည်ဟု ဆုံးဖြတ်ကာ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ခြင်း ဖြစ်သည်။
ကိုနိုင်နိုင်က ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်၌ ပြုလုပ်ခဲ့သော နဘန်းပွဲနှင့် ရခိုင်ပြည်နယ်နေ့တို့တွင် တင်ဆက်ကပြနိုင်ရန် စစ်တွေမြို့ပေါ်ရှိ ကျောင်းများမှ ကျောင်းသူကျောင်းသားများကို ခေါ်ယူပြီး လပေါင်းများစွာ လေ့ကျင့်မှုသည် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကျောင်းသူကျောင်းသားများကို ပညာမတတ် စာမတတ်ဖြစ်အောင် လုပ်ဆောင်နေသည်နှင့်တူနေသည့်အတွက် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အနေဖြင့် နောက်နောင် ကျောင်းသူကျောင်းသားများကို အသုံးချပြီး ကပွဲများ မပြုလုပ်ပါရန် တောင်းဆိုစာများကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ကပ်ခဲ့သည်။
အဋ္ဌမတန်းစာမေးပွဲစစ်နေစဉ်အတွင်း ကျောင်းသား/သူ ၂၀ ယောက်ကို ဗိုလ်ရှုသဘင်တက်ရန် နေပြည်တော်သို့ ပို့ဆောင်ခဲ့ရာ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အစိုးရကိုအရေးယူရန် စောင့်ကြည့်ရမည်ဟု စာသားများပါသော စာကိုလည်း ကပ်ခဲ့သည်ဟု သိရသည်။
ယင်းသို့ လူပ်ရှား ဆောင်ရွက်သဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရဲက ကိုနိုင်နိုင်အား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
တရားလိုမှ ချေပသည်မှာ ရခိုင်ပြည်နယ်အစိုးရ၏ ကျောင်းသားများကို ပွဲတော်များအတွက် လေ့ကျင့်မှုနှင့် ဖျော်ဖြေခဲ့မှုများသည် ကျောင်းသူ ကျောင်းသားများ စည်းကမ်းရှိအောင်၊ ကိုယ်ခနာကြံ့ခိုင်မှုရှိအောင် လေ့ကျင့်ပေးခဲ့ခြင်းသာ ဖြစ်သည်၊ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ပညာရေး မြင့်မားလာစေရန် အဘက်ဘက်က ဆောင်ရွက်လျှက်ရှိကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။
ဖမ်းဆီးထိန်းသိမ်းခြင်းခံပြီးနောက် ၉ ကြိမ်မြောက်ရုံးထုတ်သည့် ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ယင်းကဲ့သို့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: