Friday, May 31, 2013

ဘင်္ဂါလီသားဖွားနှုန်းထိန်းချုပ်မှု လုံခြုံရေးအတွက်ဟုဆို


လူ့အခွင့်အရေးကို ချိုးဖောက်သည်ဟု ဝေဖန်သံများ ထွက်ပေါ်နေသည့် ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် ဘင်္ဂါလီလူမျိုးများ တစ်အိမ်ထောင်လျှင် ကလေးနှစ်ဦးသာ ယူခွင့်ရှိသည် ဟူသည့် ဒေသန္တရအမိန့်မှာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းမဟုတ်ဘဲ လုံခြုံရေးအတွက် လုပ်ဆောင်ရခြင်းသာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင် က ပြောကြားသည်။
"ပြည်နယ်နဲ့ နိုင်ငံရဲ့ လုံခြုံရေးအတွက် လုပ်တာပါ"ဟု ဦးဝင်းမြိုင်ကဆိုသည်။

မောင်တောခရိုင်တွင် ဘင်္ဂါလီ (HRW ၏မူရင်းအသုံး- ရိုဟင်ဂျာ) များကို ကလေး နှစ်ယောက်သာယူခွင့်ပြုသည့် မူဝါဒ ချမှတ်ခြင်းသည် လူနည်းစုများကို စနစ်တကျ ဖိနှိပ်မှုတစ်ခု ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်သူများအဖွဲ့ (HRW) က မေလ ၂၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်အပေါ် The Voice ၏ မေးမြန်းမှုကို ဦးဝင်းမြိုင်က ယင်းသို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်ကြောင်း ပြောကြားထားသောကြောင့် ဘင်္ဂါလီ များအပေါ် နိုင်ထက်စီးနင်းဆန်သော မူဝါဒများ ချမှတ်ခြင်းကို အဆုံးသတ်သင့်ပြီ ဖြစ်ကြောင်း HRW ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Brand Adams ကပြောဆိုသည်။

ဒေသ၏ လိုအပ်ချက်အရ မောင်တော ခရိုင်တစ်ခုတည်းကိုသာ မွေးဖွားနှုန်းထိန်းချုပ်ခြင်း ဖြစ်ပြီး ယင်းဒေသတွင် မွေးဖွားနှုန်း မြင့်မားနေသဖြင့် စားဝတ်နေရေး ပြဿနာ၊ ကျန်းမာရေးပြဿနာ၊ နေရာ ပြဿနာ၊ ရိက္ခာပြဿနာများ ကြုံတွေ့ နေရကြောင်း၊ မောင်တောခရိုင်ကို မွေးဖွားနှုန်းထိန်းရန် ဒေသန္တရ အမိန့်ထုတ်ကာ လုပ်ဆောင်နေသော်လည်း အခြားမြို့နယ် များကို မွေးဖွားနှုန်းထိန်းချုပ်ခြင်း မရှိကြောင်း ဦးဝင်းမြိုင်က ထပ်မံပြောကြားသည်။
“လူ့အခွင့်အရေးဆိုတာက အဝေးကနေ အော်နေလို့မရဘူး။ လက်ရှိအခြေအနေကို သိဖို့လိုတယ်။ ၁၀ ပေ ပတ်လည် အခန်းတစ်ခုမှာ လူ ၃၀၊ ၄၀လောက် နေနေရ တယ်။ ဒါက သဘာဝ မကျဘူး” ဟု ၄င်း ရှင်းပြသည်။

အဆိုပါ ဒေသန္တရအမိန့်မှာ ယခင်ကျင့်သုံးခဲ့သည့် အမိန့်ကို ပြန်လည် ကျင့်သုံးခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် အကြံပြုထားမှုများကို အကောင်အထည် ဖော်သည့်အနေနှင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဦးဝင်းမြိုင်က ဆိုသည်။

ယင်းဒေသန္တရအမိန့်အရ ဘင်္ဂါလီ အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦး ကိုသာ လက်ထပ်ခွင့်ရှိပြီး ကလေးနှစ်ဦး ယူခွင့်ရှိကြောင်း၊ အမျိုးသမီးတစ်ဦးထက် ပိုလက်ထပ်ပါက တရားမဝင် ပေါင်းသင်းမှု နှင့် အရေးယူမည် ဖြစ်ပြီး နှစ်ဦးထက်ပိုသည့် ကလေးများမှာလည်း အမည်ပျက်စာရင်း အသွင်းခံရမည် ဖြစ်သည်။

သားဖွားနှုန်း ထိန်းချုပ်သည့် ဒေသန္တရ အမိန့်နှင့် ထုတ်ပြန်လုပ်ဆောင်နေမှုကို သိရှိထားခြင်း မရှိသော်လည်း အမှန်တကယ် ယင်းအမိန့်အတိုင်း လုပ်ဆောင်နေပါက ဥပဒေနှင့် မညီကြောင်း၊ ခွဲခြား ဆက်ဆံမှုက မကောင်းသည့်အပြင် လူ့အခွင့်အရေးနှင့်လည်း ကိုက်ညီမှု မရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရန်ကုန်မြို့တော် ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီခန်းမတွင် မေလ ၂၇ရက် နေ့က ပြုလုပ် သော NLDပါတီ ဗဟိုကော်မတီ အစည်းအဝေးအပြီးတွင် သတင်းမီဒီယာ များ၏ မေးမြန်းမှုကို ၄င်းက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂါလီသားဖွားနှုန်း ထိန်းချုပ်သည့် မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ပါက လူနည်းစုများကို ဖိနှိပ်မှု၊ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများကို ချိုးဖောက်သည့်အပြင် အမျိုးသမီးများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက် ထိခိုက်နိုင်မည်ဖြစ်ကြောင်း HRW က ထုတ်ပြန်ထားသည်။

ဘင်္ဂါလီများသားဖွားနှုန်း မြင့်မားခြင်းသည် လာမည့်နှစ် အနည်းငယ်အတွင်း နိုင်ငံခြားသား သီးသန့်နေထိုင်သည့် ဒေသတစ်ခု ဖြစ်လာဖွယ်ရှိသဖြင့် ရခိုင်တိုင်းရင်းသားများ စိုးရိမ်နေကြကြောင်း၊ သားဖွားနှုန်း မထိန်းချုပ်လျှင် နိုင်ငံတော်၏ အချုပ်ခြာအာဏာကို ခြိမ်းခြောက်လာနိုင် ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ ဦးသန်းထွန်းက ဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း (မောင်တောခရိုင်)တွင် ဘင်္ဂါလီလူမျိုးများ၏ တစ်အိမ်ထောင်လျှင် ပျှမ်းမျှ မိသားစုဝင် ၁၀ ဦးခန့် ရှိပြီး မိသားစုစီမံကိန်း (မျိုးဆက်ပွား ကျန်းမာရေး) ကို မိသားစု အလိုက် အကောင် အထည်ဖော်မှသာ ဆင်းရဲမှု သံသရာမှ ကင်းဝေးနိုင်မည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် အကြုံပြုထားသည်။

စစ်တွေမြို့ သဲချောင်း ဘင်္ဂါလီ ဒုက္ခသည်စခန်း တာဝန်ခံ ဦးမောင်မောင်ကမှု မွေးဖွားနှုန်း ထိန်းချုပ်ခြင်းသည် ဘင်္ဂါလီများကို တစ်ဖက်သတ် လုပ်ဆောင်နေခြင်းဖြစ်ပြီး အစ္စလာမ် ဘာသာရေးအရ လည်း ယင်းကိစ္စများကို တားမြစ်ခွင့် မရှိကြောင်းဆိုသည်။

ကော်မရှင် အစီရင်ခံစာတွင် လူဦး ရေတိုးပွားမှုနှုန်းကို ထိန်းရန် အကြံပြု ထားသော်လည်း အစိုးရအနေနှင့် လူဦးရေ တိုးပွားမှုနှုန်း ထိန်းရာတွင် ဘင်္ဂါလီများအပေါ် အာဏာသုံးရပ်သုံးကာ အတင်းအကျပ် မလုပ်သင့်ကြောင်း၊ ဘင်္ဂါလီ အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦး သာ လက်ထပ်ရမည့်စနစ် ကျင့်သုံးခဲ့သော်လည်း အကျိုးသက်ရောက်မှု အားနည်းခဲ့သဖြင့် တရားမဝင်ကလေး ၆၀,၀၀၀ ကျော်အထိ ရှိနေပြီဖြစ်၍ ပါကစ္စတန် နှင့် အခြားမွတ်ဆလင် နိုင်ငံများတွင် ချမှတ်လုပ်ဆောင်နေသည့် ပညာပေးနှင့် ဥပဒေကဲ့သို့ စနစ်တကျ လုပ်ဆောင်ရန် လိုအပ်ကြောင်း အကြံပြုထားသည်။

စင်ကာပူနိုင်ငံတွင် အစ္စလာမ် ဘာသာဝင်များကို လက်ထပ်ခွင့် ပြုရာတွင် သီးခြားဥပဒေများနှင့် ကန့်သတ်ထားပြီး လက်ထပ်မော်ကွန်းရုံး နှစ်ရုံးထားရှိကာ မွတ်ဆလင် လက်ထပ်မော်ကွန်းရုံးနှင့် မွတ်ဆလင်မဟုတ်သူများ အတွက် လက်ထပ် မော်ကွန်းရုံးဟူ၍ ခွဲခြားထားရှိသည်။

မွတ်ဆလင် မဟုတ်သူများသည် သီးခြားလွတ်လပ်စွာ လက်ထပ်နိုင်ပြီး မွတ်ဆလင် ဘာသာဝင်များ အတွက်မူ ၄င်းတို့၏ ရှီးရိုက် ဥပဒေအရ လက်ထပ်ထိမ်းမြား ခွင့်ပြုထား သည်။
မွတ်ဆလင်ဘာသာအရ ၄င်းတို့၏ ဓလေ့ထုံးစံအတိုင်း အမျိုးသမီးလေးဦးကို လက်ထပ်ထိမ်းမြားခွင့် ရှိသော်လည်း မိန်းမ တစ်ဦး ထက်ပို၍ လက်ထပ်လိုသူ များက တရားရုံးတွင် လျှောက်ထားရမည်ဖြစ်ပြီး၊ တရားရုံးရှိ Kadi ဟု ခေါ်သောအရာရှိ များက လျှောက်ထားသူသည် အခြားမိန်းမ တစ်ဦးကို ထပ်မံလက်ထပ်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ၊ ငွေကြေးဆိုင်ရာ ပြည့်စုံမှုရှိ၊ မရှိ စစ်ဆေးသည့်အပြင် လက်ရှိမိန်းမနှင့် နောက်ယူမည့်မိန်းမ နှစ်ဦးစလုံးကို သီးခြားခေါ်ယူ စစ်ဆေးမှုများပြုလုပ်၍ အဆိုပါ Kadi ဆိုသူက လက်ထပ်ရန် သင့်မသင့် အဆုံးအဖြတ်ပေးရသည်။

စင်ကာပူသမ္မတ လီကွမ်ယုလက်ထက် ၁၉၇၀ခုနှစ်တွင် နိုင်ငံကြွယ်ဝချမ်းသာမှု အခြေအနေနှင့် လူဦးရေထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် “Stop at Two” မူဝါဒအရ နိုင်ငံအနှံ့ ကလေးနှစ်ဦးထက် ပိုမွေးခွင့် မရှိကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။သို့သော် အဆိုပါမူဝါဒကို ယခု ဆက်လက် ကျင့်သုံးခြင်း မရှိတော့ပေ။
(Source - The Voice )ရန်ကုန်၊ မေ ၂၉
 

No comments: