Monday, June 24, 2013

ရခိုင်ပြည်တွင် လျှပ်စစ်တစ်ယူနစ်ကို ၄၆၀ ကျပ်ထိ ပေးနေရခြင်းအပေါ် RNDP အတွင်းရေးမှူး မေးခွန်းထုတ်

မြန်မာနိုင်ငံ အစိုးရမှ တစ်နိုင်ငံလုံးအတိုင်းအတာ လျှပ်စစ်တစ်ယူနစ်ကို ၃၅ ကျပ်ဈေးနှုန်းဖြင့် သတ်မှတ်ပေးထားသော်လည်း ထိုဈေးနှုန်းမှာ ပြည်မဘက်၌သာ ကျင့်သုံးလျှက်ရှိပြီး ရခိုင်ပြည်တွင် ယခုအချိန်ထိ ၄၆၀ ကျပ် ပေးနေရသောကြောင့် ပြည်မနှင့် ရခိုင်ပြည် လျှပ်စစ်ဈေးနှုန်းမှာ ဘာကြောင့် ကွာဟနေရသလဲဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက မေးခွန်းထုတ်လိုက်သည်။ မင်းပြားမြို့၌ မီးပုံမှန်မရသော်လည်း လကုန်ပြီဆိုရင် မီးတာခ ငွေရှင်းရသည့် ဘောင်ချာ(ငွေရှင်းပြေစာ)။မင်းပြားမြို့၌ မီးပုံမှန်မရသော်လည်း လကုန်ပြီဆိုရင် မီးတာခ ငွေရှင်းရသည့် ဘောင်ချာ(ငွေရှင်းပြေစာ)။ " မြန်မာနိုင်ငံမှာ ပြည်မမှာ တစ်ယူနစ်ကို ၃၅ ကျပ်သာ ပေးရပါတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်မှာ တစ်ယူနစ်ကို ၄၆၀ ကျပ်ထိ ပေးရပါတယ်။ သို့သော် ပြည်ထောင်စုမြန်မာနိုင်ငံမှာ အားလုံးက လျှပ်စစ်မီးသုံးစွဲနေတာမှာ ဈေးနှုန်းမှာ ၃၅ ကျပ်ဈေးနှုန်းနှင့် ၄၆၀ ဈေးနှုန်း ဘာဖြစ်လို့ ကွာဟနေတာလဲဆိုတာကို ကျနော်တို့ မေးကြည့်ချင်ပါတယ်။ ရခိုင်ပြည်သူတွေမှာသာ ၄၅၀ ပေးရပြီးတော့ ကျန်တဲ့လူတွေက ၃၅ ကျပ်နဲ့ပဲ သုံးရမည်ဆိုရင်တော့ ဒီဟာက တရားမျှတမှုမရှိဘူးလို့ ကျနော်တို့မြင်တယ်။ " ဟု ပြောသည်။ အမ်းမြို့တွင် ကျင်းပသော RNDP ပါတီ၏ ပထမအကြိမ် ဗဟိုကော်မတီ နှစ်ပတ်လည် မျက်နာစုံညီအစည်းအဝေးမှ မေလ ၂၉ ရက် ရက်စွဲဖြင့် အချက် (၆)ချက်ကို ထုတ်ပြန်လိုက်ပြီး ထုတ်ပြန်ချက် နံပါတ်(၅)တွင် ပါရှိသည့် " ရွှေသဘာဝဓါတ်ငွေ့ဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံး လျှပ်စစ်ဓါတ်အားခ ဈေးနှုန်းသက်သာစွာဖြင့် သုံးစွဲခွင့်ရရှိရေး ဆောင်ရွက်ရန်။ " ဆိုသော အချက်နှင့် ပတ်သက်၍ ဇွန်လ ၁ ရက်နေ့က အာရ်ကန်တိုင်းမ်စ်မှ ဆက်သွယ်မေးမြန်းခဲ့ရာမှာ RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ထိုသို့ မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၃ ရက်နေ့က မင်းပြားမြို့ခံ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးအား ယခုလက်ရှိ မီးတာခ ပေးနေရခြင်းကို ဆက်သွယ်မေးမြန်းခဲ့ရာ သူက ယခုလိုဖြေကြားခဲ့သည်။ " တယူနစ်ကနေ ဆယ်ယူနစ်ထိ တယူနစ်ကို ၃၅ ကျပ် ဈေးနှုန်းနဲ့ပေးရတယ်။ ၁၀ ယူနစ်ကျော်ရင် နောက်ယူနစ်တွေကို တယူနစ် ၅၀၀ ဈေးနှုန်းနဲ့ ပေးရတယ်။ အပိုထောက်ပံ့ကြေးငွေ ၂၀၀၀ ကျပ်၊ မီတာထိမ်းသိမ်းခ ၁၀၀၀ ကျပ် တစ်လကို ငွေ ၃၀၀၀ ကျပ် အမြဲတမ်း အပိုပေးနေရတယ်။ ဒါကို မြို့သူမြို့သားတွေက သိပ်ပြီးတော့ မကျေနပ်ကြဘူး။ ကျမတို့ ဈေးဟောင်းပိုင်း မီးစက်ပါ။ မီးတလ ပုံမှန်မရဘူး။ ဒါပေမယ့် ပြေစာမှာ ၁၅ ယူနစ်လောက်ပါတယ်။ အစိုးရ မီးတာပုံးတွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆီ လွှဲထားပါတယ်။ မင်းပြားမှာက အစိုးရမီးစက်၊ အောက်ရွာပိုင်းမီးစက်နှင့် ဈေးဟောင်းပိုင်မီးစက်ဆိုပြီးတော့ မီးစက် ၃ လုံး ရှိတယ်။ ဒါပေမယ့် ငွေကောက်ခံနှုန်းက အတူတူပါပဲ။ မီးလိုင်းအပျက်ဆုံး စက်ကတော့ ဈေးဟောင်းပိုင်း မီးစက်ပဲဖြစ်ပါတယ်။ ၁ လမှာ ၁၀ ရက်တောင် မီးမလင်းဘူး။ " ဟု ပြောသည်။ ဈေးဟောင်းပိုင်း မီးပုံမှန်မလင်းရခြင်း၏ အကြောင်းအရင်းနှင့် ပတ်သက်၍ တာဝန်ခံ ကိုမောင်မောင်ထွန်းမှ မီးစက်ကို အကြိမ်ကြိမ်ပြုပြင်လုပ်ခဲ့သော်လည်း ပျက်စီးမှုမြန်ဆန်နေသောကြောင့် မီးစက်ကြီး အသစ်တစ်လုံးရရှိရေးအတွက် စည်ပင်သာယာရေးကော်မတီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၏ ကြိုးစားမှုကို မီးလင်းရေးအဖွဲ့မှ ထောက်ခံခဲ့သည့်အတွက် မီးစက်အသစ်ရရှိခဲ့ကာ ၄င်းမီးစက်နှင့် မီးအမြန်ဆုံးရရှိအောင် စီစဉ်ဆောင်ရွက်လျှက်ရှိသည်ဟု မင်းပြားမြို့ မိဘပြည်သူများကို ဇွန်လ ၁၄ ရက်နေ့က အသိပေးစာတစ်စောင် တင်ပြခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ်ရှိသော်လည်း စစ်တွေမြို့တစ်ခုတည်းသာ လျှပ်စစ်မီး ၂၄ နာရီရရှိပြီး အခြားမြို့နယ်များမရရှိခြင်းနှင့် ထိုသို့ မီး ၂၄ နာရီရရှိစေရန် ရခိုင်ပြည်ထွက် သဘာဝဓါတ်ငွေ့ဖြင့် ရခိုင်ပြည်ကို မီးပေးရမည်ဟု တောင်းဆိုကြောင်း ဦးခိုင်ပြည်စိုးမှ ဆက်လက် ပြောကြားခဲ့သည်။ " ရခိုင်ပြည်နယ် ၁၇ မြို့နယ်ရှိတဲ့အထဲမှာ စစ်တွေမြို့တစ်မြို့သာ လျှပ်စစ်မီးဟာ ၂၄ နာရီရတယ်။ ကျန်တဲ့မြို့တွေမှာ ၃ နာရီပဲရပါတယ်။ အဲဒီ ၃ နာရီရတာတောင်မှ ၄၆၀ နှုန်းနဲ့ ပေးနေရတယ်ဆိုရင် ကျနော်တို့ ရခိုင်ပြည်သူလူထုမှာ လျှပ်စစ်ဈေးနှုန်းကို နိုင်ငံတော် အစိုးရက သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း သုံးစွဲပိုင်ခွင့်မရှိဘူးလား။ အဲဒီလို မရှိခြင်းသည် ဘာကြောင့်လဲ။ ရခိုင်ပြည်မှ ဒီလောက် ရွှေဂတ်စ် သဘာဝဓါတ်ငွေ့တွေ ထွက်နေရင်းနဲ့ ရခိုင်ပြည်သူတွေကို ၃၅ ကျပ် ဈေးနှုန်းနဲ့ နိုင်ငံတော်အစိုးရက တစ်နိုင်ငံလုံးမှာ သတ်မှတ်ထားတဲ့ ဈေးနှုန်းတစ်ခုနဲ့ ရခိုင်သားတွေ လျှပ်စစ်မီးကို သုံးစွဲပိုင်ခွင်မရလား။ အဲဒီလို မရဆိုလို့ရှိရင် ကျနော်တို့ ရခိုင်ကထွက်တဲ့ ရွှေဂတ်စ်နဲ့ ကျနော်တို့ ရခိုင်ပြည်ကို မီးပေးရဖို့ဆိုတဲ့ တောင်းဆိုချက်ဖြစ်ပါတယ်။ " ဟု ပြောသည်။
(သတင်းအရင်းအမြစ်- Arakantimes၊ ရေးသားသူ- မိုးဇော်)

No comments: