စာသင်ကျောင်းက
ကျောင်းတက်ခေါင်းလောင်းထိုးလိုက်ရာ ကျောင်းသားများမှာ
စာသင်ခန်းထဲရောက်သူရောက်၊ တစ်ချို့ကလေးများမှာ
ခေါင်းလောင်းထိုးသံကြားရသည့်အတွက် ကစားနေရာမှ ကျောင်းပေါ်သို့ပြေးတက်
လာနေကြချိန်၌ အသက် ၁၂ နှစ်အရွယ် မောင်တက်တူမှာ ခါးအထိ နက်သော
မြေကျင်းထဲဆင်ကာ မိဘတွေများနှင့် အတူ အုပ်လုပ်ငန်းကို ကျွမ်းကျင်စွာ
လုပ်ကိုင်လျှက် တွေ့ရသည်။
"သားက ငယ်ငယ်လေးကပင်
ကျောင်းမနေခဲ့ရဘူး၊ အဖေအမေက အုပ်လုပ် အငှားလိုက်တော့ သားလည်း အုပ်ကို
ငယ်ငယ်တည်းက လုပ်ခဲ့ရတယ်၊ မိသားစုက အဆင်မပြေတော့ အဖေ၊ အမေ
ကိုဝိုင်းကူလုပ်ပေးနေရတယ်၊ သိတတ်လာတော့ သူများတွေ ကျောင်းတက်တာ
မြင်ရင်ကျောင်းတက်ချင်တာပေါ့၊ အခုဆိုရင် စာလည်း တစ်ခုမှ မရေးတတ်၊
မဖတ်တတ်ဘူး။ " ဆိုပြီး မောင်တက်တူလေး က ရင်ဖွင့်စကားဆိုလာသည်။
မောင်တက်တူ၏ မိခင်က မိသားစု စီးပွါးရေး အဆင်မပြေမှုများကြောင့် သားသမီးများ၏ ပညာရေးကို ကျောခိုင်းခဲ့ရကြောင်းကို ရှင်းပြသည်။
" သားသမီးတွေကို ပညာသင်ချင်ပါတယ်၊
ကျမတို့ လင်မယားနှစ်ယောက်၊ သမီးကြီးရယ်၊ တက်တူလေးရယ်၊ မိသားစုလေးယောက်စလုံး
အလုပ်လုပ်မှ တစ်နေ့ကို ၇၀၀၀ လောက်ရတာ၊ ရတာနဲ့ မိသားစုစားသောက်ရေးက
မလောက်ငဘူး ၊ အငယ်ဆုံးသမီးလေးကိုလည်း သားအငယ်က ထိမ်းရတယ်၊ သားသမီးသုံးယောက်
ကို တစ်ယောက်မှ စာမသင်ပေးနိုင်ခဲ့ဘူး၊ အငယ်ဆုံးသမီးလေးကျမှ
စာသင်နိုင်အောင် ကြိုစားရတော့မယ်" ဟု သူမက စိတ်မကောင်းစွာဆိုသည်။
လက်ရှိ နိုင်ငံတော်အစိုးရမှ မသင်မနေရ အခမဲ့
မူလတန်းပညာ သင်ကြားပေးနေသော်လည်း ရခိုင်ပြည် ကျေးရွာကလေးတစ်ရွာက တက်တူလေး
ရဲ့ညီအစ်မောင်နှမတွေမှာ မိသားစု စားဝတ်နေရေးအတွက် တဘက်တလမ်းက
ဖြေရှင်းဆောင်ရွက်နေရခြင်းကြောင့် အခမဲ့ ပညာရေးကိုပင် သင်ယူခွင့် မရရှိ။
ထိုနည်းတူစွာ ရခိုင်ပြည်ရှိမြို့ရွာများမှ
မူလတန်းအရွယ် ကလေးများမှ ကျောင်းကို ပုံမှန်မတက်ဘဲ မိသားစုအတွက်
ဝင်ငွေရှာနေကြသည်ကို တွေ့မြင်ခဲ့ရသည်။ တံငါရွာမှ ကလေးငယ်များသည်
နေ့စဉ်နံနက်တိုင်း ကမ်းခြေသို့သွားကာ ငါးဖမ်းလှေသမားများထံမှာ ၎င်းတို့၌
ပါလာသည့် ကွမ်းယာ၊ ဆေးလိပ်၊ မုန့် များကို ငါးများနှင့် လှဲလှယ်ကာ
ရရှိလာသော ငါးများကို ရောင်းချပြီးမှ ကျောင်းတက်ရန် သွားလာနေကြသည်။
မြို့ပေါ်နေ ကလေးများမှာ အမှိုက်ကောက်စီးပွါးရှာနေကြပြီး ဈေးများတွင်
အသက်အရွယ်နဲ့ မလိုက်အောင် ပစ္စည်းများ သယ်ပိုးထမ်းရွက်နေကြသည်။
ရခိုင်ပြည်၌ ဤကဲ့သို့ ကလေးသူငယ်များမည်မျှ
ရှိမည်ကို မှန်ဆ၍ ရနိုင်မည်မဟုတ်ပါ။ မြန်မာတစ်နိုင်ငံလုံးအနေဖြင့်
အခြေခံပညာ မူလတန်းကျောင်းအဆင့်ကို စွန့်ခွါနေရသော ကလေး အလုပ်သမား ဦးရေ
နှစ်စဉ် ငါးသိန်းကျော်ရှိကြောင်း နိုင်ငံတကာ အလုပ်သမားအဖွဲ့ အစည်း ( ILO) ၏
သုတေသနစာရင်းအရ သိရှိရကြောင်း သတင်းများတွင် ဖော်ပြထားသည်။
မိဘဆင်းရဲခြင်းကြောင့် ကလေးများအား
အလုပ်လုပ်ခိုင်းရခြင်းဖြစ်ပြီး စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရေးနှင့်
အသက်အရွယ် ကြီးရင့်လာသော သက်ကြီးရွယ်အို အဘိုးအဘွားများအား ကလေးများက
ရှာဖွေကျွေးမွေး စောင့်ရှောင့်နေရသည်။
လမ်းပေါ်၌ စီးပွါးရှာနေသော ကလေးများသည်
ပလစတစ်၊ သံတိုသံစများ ကောက်ကာ မိသားစုများကို ထောက်ပံ့နေရပြီး အဆိုပါ
ကလေးငယ်များ စာမတတ်ဘဲ ကြီးပြင်လာမည်ဆိုပါက တိုင်းပြည်အတွက်
အန္တရာယ်ဖြစ်လာနိုင်ကြောင်းကို ကလေးသူများအား စောင့်ရှောင့်ပေးနေသော
ရန်ကုန်မြို့ရှိ ရတနာ့မေတ္တာမှ ဥက္ကဌ ဦးမြင့်ဆွေက သုံးသပ်ပြောဆိုသည်။
" အမှိုက်ကောက်တဲ့ ကလေးတွေ
ရန်ကုန်မှာ ထောင်းနဲ့ သောင်းနဲ့ရှိတာ၊ ဒီကလေးတွေဟာ စာလည်းမတတ်ဘူး၊
သူတို့လောကမှ ကြီးနိုင်ငယ်ညှင်းဘဲ၊ ကြီးတဲ့သူက ငယ်တဲ့လူတွေဆီက ပိုက်ဆံကို
လုယူကြတယ်၊ အဲဒီလိုနဲ့ ကြီးပြင်းလာမယ်ဆိုရင် နောက်လူလားမြောက်လာမည့် ၅
နှစ်၊ ၁၀ နှစ်အတွင်း၊ အသက် ၁၈ ၊ ၂၀ နှစ် ရောက်လာရင် တိုင်းပြည်အတွက်
အန္တရာယ်များလာမယ်၊ ပညာလည်း မတတ်ဘူး၊ စီးပွားရေး၊ ကျန်းမာရေးလည်း
မကောင်းဘူး၊ အဲဒီကလေးတွေ တဖြည်းဖြည်း များလာရင် တိုင်းပြည်အတွက်
အန္တရာယ်ရှိနိုင်တယ်၊ ဒီကလေးမျိုးတွေ များနေရင် တိုင်းပြည် ထူထောင်ဖို့ကလည်း
မဖြစ်နိုင်" ဟု ဦးမြင့်ဆွေက ဆိုသည်။
ရတနာ့မေတ္တာမှာ လမ်းပေါ်တွင် စီးပွါးရှာနေသည့်
ကလေးများ စာရေးတတ် ဖတ်တတ်လာစေရန်နှင့် လူ့အဖွဲ့အစည်းအတွင်း
ဝင်ဆံ့နိုင်ရန်အတွက် ကလေးများ အလုပ်လုပ်ချိန်ကို အနှောင့်အယှက်မဖြစ်စေဘဲ
ပညာသင်ကြားပေးနေခြင်းဖြစ်သည်။
" ဒီကလေးတွေက သူတို့ကို သူတို့
ယုံကြည်မှုမရှိဘူး၊ သူတို့ကို ယုံကြည့်မှု တည်ဆောက်ပေးရတယ်၊
သူတို့ပတ်ဝန်းကျင်မှာ မေတ္တာ ထားတတ်လာအောင် တည်းဆောက်ပေးရမယ်၊ နောက်ပြီး
စာတွေကို တတ်အောင် သင်ပေးရတယ်၊ အတန်းကျောင်းနေဖို့ အရွယ် လွန်သွားရင်လည်း
အသက်မွေးဝမ်းကျောင်း ပညာသင်ပေးရတယ်၊ " ဟု သူက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် မသင်မနေရ ပညာရေး ဥပဒေ
သတ်မှတ် ပြဌာန်းနိုင်ခြင်း မရှိသေးသဖြင့် အရွယ်မရောက်သေးသော ကလေးများအား
အလုပ်လုပ်ခိုင်းနေခြင်းကို အရေးယူ၍ မရသည်များရှိနေကြောင်းနှင့်
မိဘများဆင်းရဲ၍ ကလေးများအား အလုပ်လုပ်ခိုင်းရသည့်အတွက် စီးပွါးရေး
ဖွံ့ဖြိုးတိုးတက်ရန်၊ အသက်ရွက် ကြီးရင့်သော ဘိုးဘွားများအား ကလေးများမှ
ရှာဖွေ စောင့်ရှောင့် နေရခြင်းဖြစ်ရာ လူမှုဖူလုံရေးအစီးအစဉ်များရှိရန်
လိုအပ်နေကြောင်းကို ဒေါက်တာထွန်းလွင်က သုံးသပ်ထားကြောင်းကို
သမဂ္ဂသတင်းစာတွင် ဖော်ပြထားသည်။
လုပ်ငန်းခွင် စောလျင်စွာ
ဝင်ရောက်လုပ်ကိုင်နေရသော ကလေးများအတွက် ပညာသင်ယူခွင့်မှာ အဓိက လိုအပ်ချက်
တစ်ခုဖြစ်၍ လုပ်ငန်းခွင်မှ ကလေးများ စာသင်ကြားခွင့်ရရှိရန် အလေးပေး
ဆောင်ရွက်ရမည် ဖြစ်ကြောင်းကိုလည်း အကြံပြုပြောဆိုထားသည်။
ကုလသမဂ္ဂ အဖွဲ့ကြီး၏ ဌာနခွဲ တစ်ခုဖြစ်သည့် ယူနက်စကို အဖွဲ့ကြီးမှ ထုတ်ပြန်လိုက်သော ကမ္ဘာ့နိုင်ငံနှစ်ရာ ပညာရေးအဆင့်အတန်း ထုတ်ပြန်ချက်တွင် မြန့်မာ့ပညာရေးအဆင့်သည် ၁၉၉ တွင် ရပ်တည်လျှက်ရှိကြောင်း သမဂ္ဂ သတင်းစာတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ အဖွဲ့ကြီး၏ ဌာနခွဲ တစ်ခုဖြစ်သည့် ယူနက်စကို အဖွဲ့ကြီးမှ ထုတ်ပြန်လိုက်သော ကမ္ဘာ့နိုင်ငံနှစ်ရာ ပညာရေးအဆင့်အတန်း ထုတ်ပြန်ချက်တွင် မြန့်မာ့ပညာရေးအဆင့်သည် ၁၉၉ တွင် ရပ်တည်လျှက်ရှိကြောင်း သမဂ္ဂ သတင်းစာတွင် ဖော်ပြထားသည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည်
ပညာရေးသည် အဓိကကျသည်။ ဒီမိုကရေစီ အစိုးရသစ်အနေဖြင့် ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောက်ခြေလူထု၊
လူတန်းစားများ၏ စီးပွားရေး၊ ပညာရေး စသည်တို့ကို တပြေးညီ
ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ပေးရန် အရေးကြီးသည်။ နိုင်ငံအတွင်း
နေထိုင်သည့် လူထု၊ လူတန်းစားများ ပညာရေး ဖွံ့ဖြိုးတိုးတက်မှသာလျှင်
ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ် မြန်မာနိုင်ငံတော်ကြီးကို
တည်ထောင်နိုင်မည်ဖြစ်သည်။
(သတင်းအရင်းအမြစ်- Arakantimes၊ ရေးသားသူ-
No comments:
Post a Comment