Wednesday, July 3, 2013

ရခိုင်ပြည်နယ်မှ ဒုက္ခသည်အားလုံး ယခုတစ်ပတ်အတွင်း အမိုးအောက် အပြီးပြောင်းရွှေ့မည်

ပဋိပက္ခများကြောင့် အိုးအိမ်မဲ့သွားခဲ့ရ သည့် ရခိုင်ပြည်နယ် မြို့နယ်ရှစ်မြို့နယ်ရှိ ဒုက္ခသည် တစ်သိန်းကျော်ကို ယခုတစ်ပတ်အတွင်း နေအိမ်တန်းလျားများသို့ အပြီး ပြောင်းရွှေ့ပေးမည်ဟု ရခိုင်ပြည်နယ်အစိုးရ
ပြန်ကြားရေး တာဝန်ခံဦးဝင်းမြိုင်က ပြောသည်။

မြို့နယ်ရှစ်မြို့နယ်တွင် ဒုက္ခသည်များ နေထိုင်ရန် တန်းလျားပေါင်း ၁၅ဝဝ ကျော် ကို မြန်မာအစိုးရနှင့် ကုလသမဂ္ဂ
ဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံး (UNHCRျ)တို့ ပူးပေါင်း၍ ဆောက်လုပ်ခဲ့သည်။

ဦးဝင်းမြိုင်က ''ဆောက်လုပ်ရေးပိုင်းက လည်း အားလုံးပြီးပြီ။ ပြဿနာတွေရှိပေမယ့် ဆောက်လုပ်ရေးကို မရပ်ပါဘူး။ မိုးက တ အား ရွာနေပြီ''ဟု ရှင်းပြသည်။

ဒုက္ခသည်အများဆုံးရှိသည့် စစ်တွေတွင် ဒုက္ခသည်တန်းလျား ၆၂၇ ခု၊ မောင်တောမြို့တွင် လုံးချင်းအိမ် ၅ဝဝ ကျော်တို့ ကိုဆောက်လုပ်ထားပြီးဖြစ်သလို မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်ဖြူ၊ ပေါက်တော
နှင့် မြေပုံတို့တွင်လည်း ဒုက္ခသည်တန်း လျားများ၊ အိမ်များ ဆောက်လုပ်ပြီးဖြစ်သည် ဟု ဦးဝင်းမြိုင် က ဆိုသည်။
ဆောက်လုပ်ပြီးစီးသော ဒုက္ခသည်တန်း လျားများတွင် နေရာချထားပေးသည်ကို ပေါက်တောနှင့် မြောက်ဦး မြို့နယ်များမှ ဒုက္ခသည် အချို့က မပြောင်းရွှေ့သဖြင့် အာဏာပိုင် အဖွဲ့အစည်းများနှင့် အချေအတင်ဖြစ်ကာ ပစ်ခတ်ထိန်းသိမ်းခဲ့ရသည်များပင်ရှိခဲ့သည်။
''ဒုက္ခသည်တွေက မနေချင်ဘူးဆိုရင် လည်း သူတို့ကို အမိုးအကာအောက် ရောက် အောင်ပို့ရမှာက အစိုးရရဲ့ တာဝန်ဖြစ်တဲ့ အတွက် ဘယ်လိုပဲဖြစ်ဖြစ် ဆောက်လုပ်ပြီးတဲ့ နေရာတွေကို သူတို့ကိုပို့မှာပါ'' ဟု ဦးဝင်းမြိုင် က ဆိုပါသည်။
ဒုက္ခသည်များအတွက် ဆောက်လုပ် ပေးထားသည့် တန်းလျားများမှာ အလျား ၄၅ ပေ၊ အနံ ၃ဝ ပေ၊ အမြင့် ကိုးပေရှိသည့် လေးခန်းကျောချင်းကပ် အဆောက်အအုံများဖြစ်သဖြင့် တန်းလျားတစ်ခုလျှင် အိမ်ထောင်စု ရှစ်စုနေနိုင်သည်ဟု ရခိုင်ပြည်နယ် နယ်စပ်စည်ပင်ဝန်ကြီး ဦးလှဟန် က ပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်-  မဇ္ဈိမ၊ ရေးသားသူ- ကေဇင်ဦး)

No comments: