စစ်အာဏာရှင် ကြီးစိုးခဲ့သည့် ဦးနေ၀င်းလက်ထက်တွင် ရခိုင်လူထုများ ထမင်းငတ်ဘ၀သို့ကျရောက်ခဲ့ပြီး ၄င်းအပြင် အသက်ပါပေးဆပ်ခဲ့ရသော သြဂုတ်လ ၁၃ ရက်နေ့တွင် ကျရောက်သည့် ၄၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားတစ်ရပ်ကို ရခိုင်တစ်ပြည်နယ်လုံးက မြို့နယ်တိုင်းတွင် အောင်မြင်စွာ ကျပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်သူလူထု ၃၀၀ ကျော်၏ အသက်ကိုပေးဆပ်ခဲ့ရသော ၁၃ သြဂတ်စ် အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်မြို့ ရွှေပြည်သာ ကံညီနော်ကျောင်းတွင် ရန်ကုန်ရှိ ရက္ခအလင်းတန်းမှ ဦးအောင်ကာ ရခိုင်မျိုးချစ်များက စုပေါင်းပြီး ကျင်းပခဲ့သည်။ (ဓါတ်ပုံ - ရက္ခအလင်းတန်း)ရခိုင်ပြည်သူလူထု ၃၀၀ ကျော်၏ အသက်ကိုပေးဆပ်ခဲ့ရသော ၁၃ သြဂတ်စ် အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်မြို့ ရွှေပြည်သာ ကံညီနော်ကျောင်းတွင် ရန်ကုန်ရှိ ရက္ခအလင်းတန်းမှ ဦးအောင်ကာ ရခိုင်မျိုးချစ်များက စုပေါင်းပြီး ကျင်းပခဲ့သည်။ (ဓါတ်ပုံ - ရက္ခအလင်းတန်း)
အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားကို မြို့နယ်တိုင်းတွင်ရှိသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ကြီးမှူးကာ ကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်သူများအနေဖြင့် ယင်းဖြစ်ရပ်သည် မည့်သည့်အတွက်ကြောင့် ဖြစ်ခဲ့ရခြင်း၊ မည်သည့်အတွက်ကြောင့် ထမင်းငတ်ဘ၀ကို ကျရောက်ခဲ့ခြင်း၊ မည့်သည့်အတွက်ကြောင်း အရုပ်ဆိုးသော ဘ၀ကို ကျရောက်ခဲ့သည်ကို ရခိုင်ပြည်သူလူထုများမှ သမိုင်းသင်ခန်းစာတစ်ခုအဖြစ် ရယူနိုင်အောင်ဆိုပြီး ယခုလို အောက်မေ့ဖွယ်အခမ်းအနားကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။
" အခမ်းအနားအလုပ်ရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ ၁၉၆၇ ခု စစ်တွေမြို့မှာ သြဂုတ်လ ၁၃ ရက်နေ့မှာ မကြည့်မ၀ံ့ အဖမ်းခံခဲ့ရတယ်၊ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်။ ကျနော်က ရခိုင်ပြည်သူတွေ မျိုးချစ်ပုဂ္ဂိုလ်တို့ရဲ့ ကျဆုံးသွားတဲ့နေ့ကို ရခိုင်မှာ အခု လူငယ်လူရွယ်တွေ သိသင့်ပြီး အမှတ်တရ ရနေအောင်ဆိုပြီး၊ သတိရနေအောင်ဆိုပြီး အဲဒီရည်ရွယ်ချက်နဲ့ ကျနော်တို့ အဲဒီ အခမ်းအနားကို ပြုလုပ်တာဖြစ်ပါတယ်။ " ဟု ပြောသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးပြီးနောက်ပိုင်းမှာ ရခိုင်ပြည်သူများအနေဖြင့် အစုလိုက်အပုံလိုက် လူပေါင်း ၃၀၀ ကျော် အသတ်ခံခဲ့ရခြင်းသည် ရခိုင်သမိုင်းမှာ ပထမဆုံးဖြစ်ပြီး ယခုလက်ရှိ မျိုးဆက်သစ် ရခိုင်လူငယ်များအနေနှင့်လည်း ဘ၀ပေးသင်ခန်းစာအဖြစ်သတ်မှတ်ကာ အမျိုးသားရေးအတွက် တကယ့် လိုအပ်ချက်အဖြစ် ဖြည့်ဆည်းပေးနိုင်ရန်လည်း သူက တိုက်တွန်းလိုက်သည်။
ယင်းအချိန်က အသတ်ခံခဲ့ရသော ရခိုင်ပြည်သူများအတွက် ကျန်ရစ်ခဲ့သော မိသားစုဝင်များနှင့် ယင်းအချိန်က အသက်မသေဘဲ သေနတ်ဒဏ်ရာကြောင့် ခြေလက်အင်္ဂါမပြည့်စုံမှုနှင့် ယခုအချိန်ထိ အသက်ရှင်လျှက်ရှိနေသည့် ပြည်သူတချို့ကို လက်ရှိအစိုးအနေဖြင့် ကျန်းမာရေးအတွက်သော်လည်းကောင်း၊ စိတ်ပိုင်ဆိုင်ရာ အတွက်သော်လည်းကောင်း ဖြည့်ဆည်းပေးသင့်သည်ဟု ဦးခိုင်ပြည်စိုးက ဆက်လက်တိုက်တွန်းလိုက်သည်။
" အဲဒီ အချိန်က ကျဆုံးသွားတဲ့လူတွေအတွက် အစိုးကတော့ ကျနော်တို့ ဘာဘဲဖြစ်ဖြစ် တစ်စုံတစ်ရာတော့ ပညာရေး၊ ကျန်းမာရေး၊ လူမူရေး အထူးသဖြင့် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါက အစိုးရကို ဆန့်ကျင်တဲ့ သဘောလည်းမဟုတ်၊ အစိုးရကို ဆန့်ကျင်တဲ့ ကိစ္စလည်းမဟုတ်။ တကယ့်ကို ရခိုင်ပြည်သူ ပြည်သားတွေ ငတ်မွတ်ခေါင်းပါးနေတဲ့ အချိန်အခါကို ကျရောက်သွားလို့ပါ။ ရခိုင်သားတွေရဲ့ ကိုယ့်အားကိုကိုးပြီး လုပ်ထားတဲ့ ဆန်ရေစပါးတို့ကို မစားရဘဲနဲ့ ထမင်းငတ်နေတဲ့ဘ၀မှာ ဆန်နည်းနည်းလောက်တောင်းလို့ ပစ်သတ်ခံသွားရတဲ့ ဘ၀အခြေအနေကြောင့် အဲဒီလူတွေ ကျဆုံးသွားရတော ဖြစ်ပါတယ်။ အဲဒီမှာ ဒဏ်ရာရပြီး ခြေထောက်ကျိုးတဲ့ လူတွေ မသန်မစွမ်း ဖြစ်ရတဲ့သူတွေ တော်တော်များများပေါ့နော်။ စစ်တွေမြို့ပေါ်မှာဆိုရင် အများကြီးကျန်ရှိနေပါတယ်။ ဘာဘဲဖြစ်ဖြစ် ဒီလူတွေကို လူသားချင်း စာနာတဲ့စိတ်နဲ့ ပြောပြော၊ နိုင်ငံသားချင်း စာနာတဲ့စိတ်နဲ့ဘဲပြောပြော၊ အခုခေတ် ပွင့်လင်းမြင်သာလာတဲ့ ဒီမိုကရေစီခေတ်မှာ အမှားတွေကို ပြန်ပြီးသုံးသတ်ပြီးရင် အဲဒီလူတွေအတွက် ကျန်ရှိလိုက်တဲ့ အဲဒီမိသားစုတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမူရေး စသဖြင့် တစ်စုံတစ်ရာ အခက်အခဲရှိတဲ့ အရာတွေကို ဖြည့်ဆည်းပေးသင့်တယ်။ အကူအညီပေးသင့်တယ်။ စောက်ရှောက်သင့်တယ်လို့ ကျနော်တို့က တိုက်တွန်းချင်ပါတယ်။ " ဟု ပြောသည်။
စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုရုံးတွင်ပြုလုပ်သည့် အောက်မေ့ဖွယ်အခမ်းအနားတွင် ယင်းအချိန်က ဦးနေ၀င်း၏ အကြမ်းဖက်ဖြိုခွင်းခဲ့မှုကို ခံခဲ့ရသည့်အထဲမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ယခုသက်ရှိထင်ရှားရှိနေသည့် လူပုဂ္ဂိုလ် ၁၀ ဦးလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ နောက်ထပ်လည်း အခမ်းအနားကို အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေကြောင့် အလားနိုင်မလာနိုင်သည့် သက်ကြီးရွယ်အိုတချို့ ကျန်ရှိနေသေးကြောင်းလည်း သိရသည်။
စစ်တွေမြို့ လမ်းမတော်တောင်ရပ်ကွက် ဓမ္မာရုံတွင် မျိုးချစ်ရခိုင်များက ဦးဆောင်ကာ “အသူပီးရေ ပစ်မိန့်လဲ” ဆိုသည့် ခေါင်းစဉ်ဖြင့် ကဗျာရွက်ပွဲအခမ်းအနားတစ်ခုကို ၁၃ သြဂတ်စ် အောက်မေ့ဖွယ်တစ်ရပ်အနေဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။ စစ်တွေမြို့ လမ်းမတော်တောင်ရပ်ကွက် ဓမ္မာရုံတွင် မျိုးချစ်ရခိုင်များက ဦးဆောင်ကာ “အသူပီးရေ ပစ်မိန့်လဲ” ဆိုသည့် ခေါင်းစဉ်ဖြင့် ကဗျာရွက်ပွဲအခမ်းအနားတစ်ခုကို ၁၃ သြဂတ်စ် အောက်မေ့ဖွယ်တစ်ရပ်အနေဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။
" အဲဒီအချိန်အခါမှာ တကယ့်ကို ကိုယ်တွေ့လက်ရောက် ပါဝင်ခဲ့တဲ့ ခြေထောက်ကျိုးသွားခဲ့ရတဲ့လူတွေ၊ ခြေထောက် အဖြတ်ခံလိုက်ရတဲ့လူတွေ၊ ဒဏ်ရာရရှိခဲ့တဲ့လူတွေ၊ တကယ့်ကို ဦးဆောင်ဦးထိပ်က ပါဝင်ခတဲ့ လူတွေ စတဲ့ ၁၀ ရောက်ကို ဖိတ်ကြားပြီးတော့ အဲဒီအချိန်က အတွေ့အကြုံတွေ ရှင်းပြပေးပါ၊ ဘယ်လို အခြေအနေမျိုးဖြစ်သွားတာလဲစတဲ့ မေးခွန်းတွေကို မေးပြီး အဲဒီအထဲမှာ ပါဝင်သွားခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က အဲဒီ လူ ၁၀ ဦးကို အဲဒီအခမ်းအနားပွဲမှာ စကားပြောခိုင်းပါတယ်။ " ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။
ယခုလို သြဂုတ်လ ၁၃ ရက်နေ့တွင် ကျရောက်သည့် အောက်မေ့ဖွယ်အခမ်းအနားကို ယခင်စစ်အစိုးရလက်ထက်တွင် ပွင့်လင်းမြင်သာစွာ ကျင်းပခွင့်မရခဲ့ဘဲ ခိုးကြောင်ခိုးဝှက်ကျင်းပခဲ့ရကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်သို့ ပြောင်းလဲလာသဖြင့် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်မှ စ၍ ပွင့်လင်းမြင်သာစွာ ကျင်းပခွင့်ရရှိခဲ့ကြောင်း၊ ဆက်လက်ပြီး အဆိုပါအခမ်းအနားကို ရခိုင်ပြည်အတွင်းမှာသာမက ရန်ကုန်မြို့တွင်လည်း ရက္ခအလင်းတန်းဦးဆောင်မှူဖြင့် ရွှေပြည်သာမြို့ရှိ ကံညီနောင်ကျောင်းတွင် ကျင်းပခဲ့ကြောင်း၊ ထိုအပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိတ်မြို့တွင်လည်း ရခိုင်တိုင်းရင်းသား မျိုးချစ်များက ဦးဆောင်ကာ ကျင်းပခဲ့ကြောင်း သိရသည်။
လွန်ခဲ့သော ၁၉၆၇ ခုနှစ်၊ သြဂုတ် ၁၃ ရက်နေ့၊ ရခိုင်ပြည်၊ စစ်တွေမြို့တွင် ရာဇဝင်ရိုင်းလောက်အောင် ရက်စက်ကြမ်းကြုတ်လှသော အစုလိုက်အပြုံလိုက် လူသတ်မှုကြီးသည် ဗမာပြည် လွတ်လပ်ရေးရပြီး ၁၉ နှစ်အကြာ၊ ဗိုလ်နေဝင်းလက်ထက်တွင် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၃၀၀ ခန့် အသတ်ခံရခဲ့ကာ ယခုနှစ်ဆိုလျှင် ၄၆ နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- မိုးဇော်)