Thursday, August 29, 2013

တပ်သိမ်းမြေ ပြန်ပေးရန် နှစ်ကြိမ်ဆက်တိုက် တစ်ကိုယ်ဆန္ဒပြသူကို ပုဒ်မ ၁၈ တစ်မျိုးတည်းဖြင့် တရားစွဲ

စ်အစိုးရလက်ထက်က သိမ်းဆည်းမြေများအားလုံး အမြန်ဆုံးပြန်ပေးရန် သံတွဲမြို့တွင် နှစ်ကြိမ် တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ ကိုစောဝေကို သက်ဆိုင်ရာရဲစခန်းမှ ပုဒ်မ ၁၈ဖြင့် ထပ်မံ အမှုဖွင့်ခဲ့ကြောင်း သူနှင့်အတူ ရဲစခန်းသို့ လိုက်ပါခဲ့သူ ရခိုင်လူမှုကွန်ရက် အဖွဲ့ဝင်ဦးမြင့်မိုးက ပြောသည်။

သံတွဲမြို့ခံ၊ ၈၈မျိုးဆက်ကျောင်းသားဟောင်း ကိုစောဝေသည် သြဂုတ် ၈ ရက် ရှစ်လေး လုံးငွေရတု အထိမ်းအမှတ်
နေ့တွင် သိမ်းဆည်းမြေပြန်ပေးရန် တစ်ကိုယ်တော်ဆန္ဒပြခဲ့ရာ နှစ်ရက်တာ အထိန်းသိမ်းခံခဲ့ရပြီး နောက် သြဂုတ် ၁၀ ရက်တွင် ပုဒ်မ၁၈ဖြင့် တရားစွဲ ဆိုခံခဲ့ရပြီး တရားရုံးအာမခံနှင့် ပြန်လွှတ်ပေးထားခဲ့ခြင်း ဖြစ်သည်။

သြဂုတ်လ၂၃ရက်တွင် သံတွဲမြို့နည်းပညာကောလိပ်ရှေ့တွင် “မြေသိမ်းယာသိမ်း အခုပြန်ပေး”ဆိုင်းဘုတ် ကိုင်လျက် ခွင့်ပြုချက်မပါဘဲ နောက်တစ်ကြိမ် ဆန္ဒပြသောကြောင့် သြဂုတ်၂၄ ရက်တွင် သံတွဲမြို့မ ရဲစခန်းက တူညီသော ပုဒ်မဖြင့် အမှုဖွင့်ခဲ့ပြီး ရဲစခန်းခံဝန်နှင့် ပြန်လွှတ်ပေးခဲ့ကြောင်း ဦးမြင့်မိုးက ဆိုသည်။

“ပထမအကြိမ် ဆန္ဒပြတုန်းက စွဲဆိုထားတဲ့ ပုဒ်မ ၁၈နဲ့ပဲ ရဲကအမှုဖွင့်ပြီးတော့ ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်တယ်။ လာမယ့် သြဂုတ် ၂၆ မှာ အခုအမှုနဲ့ပတ်သက်လို့ ဒုတိယမြောက် အမှုကို ရုံးတင်တရားစွဲမယ်။ တရားရုံးကျ အာမခံ ရမယ် မရဘူးဆိုတာတော့ မသိရသေး ဘူး” ဟု ဦးမြင့်မိုးက မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် ရှေ့နေကွန်ရက်အဖွဲ့ဝင် ဦးထိန်လင်းက ဥပဒေကြောင်းအရ ပုဒ်မ တစ်မျိုးတည်းနှင့် နှစ်ကြိမ် တရားစွဲ ခံရခြင်းမျိုးလည်း ရှိနိုင်ကြောင်းပြောဆိုသည်။

“အချိန်ကာလအားဖြင့် ကွဲပြားခြားနားတဲ့ ပြစ်မှုတစ်မျိုးတည်းကို နှစ်ခါကျူးလွန်တယ်ဆိုရာမှာ ပထမတစ်ခုကို စီရင်ချက် မချရသေးခင် နောက်ထပ်တူညီတဲ့ ပြစ်မှုကိုကျူးလွန်ခဲ့ရင် ပုဒ်မ တစ်မျိုးတည်းနဲ့ နှစ်မှုခွဲပြီး စွဲဆိုတာမျိုးလည်း ဥပဒေမှာ ရှိတယ်” ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင်ကိုစောဝေ အပါအ၀င်ပုဒ်မ ၁၈ဖြင့် အရေးယူခံထားသူ စုစုပေါင်း ၂၈ယောက် ရှိနေပြီး၊ ၎င်းတို့မှာ အာမခံဖြင့် ပြန်လွှတ်ပေးထားကာ သက်ဆိုင်ရာ တရားရုံးများတွင် အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

ပုဒ်မ ၁၈ ဖြင့် နှစ်ကြိမ် အရေးယူခံထားရသူ ကိုစောဝေက “ကျွန်တော် တောင်းဆိုနေတာက သံတွဲမြို့နယ် တစ်ခုတည်းအတွက် မဟုတ်ဘူး။ တနိုင်ငံလုံးမှာ တပ်သိမ်းမြေ အပါအ၀င် သိမ်းဆည်းမြေအားလုံးကို ပြန်ပေးဖို့
ဖြစ်ပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်း၊ လူပုဂ်္ဂိုလ်တွေဘက်က လက်တွေ့ဆောင်ရွက်မှုတွေ မလုပ်ပေးသမျှ
ပြည်သူတွေအတွက် ဆက်လုပ်သွားဖို့ ကျွန်တော်ဆုံးဖြတ်ထားပါတယ်” ဟု အရေးယူမခံရမီ မိနစ်ပိုင်းအလိုက မဇ္ဈိမကို ပြောခဲ့သည်။

ဇူလိုင်လ ၁၆ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က တစ်နိုင်ငံလုံးရှိ စစ်တပ် သိမ်းဆည်းမြေဧရိယာ စုစုပေါင်း ၂၉၇၀၀၀ ဧကရှိသည့်အနက် တိုင်စာ ၄၈၈ စောင်ကို စီစစ်ပြီးနောက်
မြေဧရိယာ ၁၈၃၆၄ဒသမ ၄၉ဧကကိုသာ ပြန်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တိုင်စာများအား ဆက်လက်စစ်ဆေးရာ သြဂုတ်လ ၁၈ ရက်အထိနောက်ထပ် စီစစ်ပြီး တိုင်စာ ၁၁၃စောင်အတွက် ပြန်ပေးမည့် မြေဧရိယာ ၁၉၁၈၁ ဒသမ ၄၇ ဧက ထပ်မံတိုးလာ၍ လက်ရှိစီစစ်ပြီး တိုင်စာ စုစုပေါင်း ၆၀၁ စောင်အတွက် စစ်တပ်က ပြန်ပေးမည့် မြေဧရိယာမှာ စုစုပေါင်း ၃၇၅၄၆.၉၆ ဧက ဖြစ် ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
(Source: Mizzima Burmese)

No comments: