Wednesday, August 7, 2013

ဆန္ဒပြပွဲ ဦးဆောင်သူများအဖြစ် စွပ်စွဲခံထားရသူ ၄ ဦး၏အမှုကို ကျောက်တော်တွင် ဆက်လက် ကြားနာစစ်ဆေး

kyauk-taw
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ခွင့်ပြုချက်မရဘဲ ပြုလုပ်ခဲ့သော လူထု ကန့်ကွက် ဆန္ဒပြပွဲကို ဦးဆောင်သူများဟု စွပ်စွဲခံထားရသူ ၄ ဦးကို ယမန်နေ့ (ဇူလိုင်လ ၃၁) ရက်နေ့က ဆက်လက် ရုံးတင် ကြားနာ စစ်ဆေးခဲ့သည်။ ကျောက်တော် မြို့နယ် တရားရုံးတွင် ကြားနာ စစ်ဆေးခဲ့သည်ဟု ကျောက်တော်မြို့နယ် အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်လှမေက ပြောသည်။ “ ကျွန်မတို့ စုစုပေါင်း ၄ ဦးဖြစ်ပါတယ်။ ကျွန်မရယ်။ ဦးမောင်ဝင်း၊ ဦးးမောင်သိန်းလိုင်နဲ့ ဒေါ်တင်တင်အေးတို့ ဖြစ်ပါတယ်။ ခုလို တရားရုံးတင် စစ်ဆေးနေတာက ၁၀ ကြိမ်မက ရှိနေပါပြီ” ဟု သူမက ဆိုသည်။ သူတို့ ၄ ဦးအား ၂၀၁၃ မတ်လ ၇ ရက်နေ့က ကျောက်တော်တွင် ခွင့်ပြုချက်မရဘဲ ပြုလုပ်ခဲ့သော လူထု ဆန္ဒပြပွဲကို ဦးဆောင်သူများ ဖြစ်သည်ဟု စွပ်စွဲကာ ကျောက်တော်မြို့နယ် ရဲမှူးမှ တရားလို အဖြစ် ပြုလုပ်ကာ တရားစွဲဆိုထားသော အမူ ဖြစ်သည်။ “ ကျွန်မတို့က ဦးဆောင်တာ မဟုတ်ပါဘူး။ မြို့မိ မြို့ဖတွေနဲ့ ရဟန်းတော်တွေ အပါအ၀င် အားလုံးရဲ့ သဘောတူညီချက်နဲ့ ဘင်္ဂလီ လူမျိုးတွေကို နိုင်ငံသား ဟုတ်မဟုတ် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ စစ်ဆေးပြီးမှ လုံးချင်း အိမ်ယာတွေ ဆောက်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်မတို့ ၄ ဦးက ဦးဆောင်သူတွေ မဟုတ်ဘူးလို့ မြို့မိမြို့ဖ ၁၀ ဦးခန့်ကလည်း သက်သေ ထွက်ဆိုထားပြီး ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။ မြို့မိ မြို့ဖများ အပါအ၀င် ရပ်သူ ရွာသားများက မတ်လ ၇ ရက်နေ့က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲကို တစ်မြို့လုံးက ၀ိုင်းဝန်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သက်သေ ထွက်ဆိုထားပြီ ဖြစ်သဖြင့် မိမိတို့မှာ ဦးဆောင်သူများ မဟုတ်၍ အပြစ်မရှိဟု ယုံကြည်ကြောင်း ဒေါ်လှမေက ပြောသည်။ “ကျွန်မတို့ အခု လုပ်တာက နိုင်ငံတော်ကို ပုန်ကန်တာလည်း မဟုတ်ဘူး။ အစိုးရကို ဆန့်ကျင်တာလည်း မဟုတ်ဘူး။ အမျိုးသားရေး လိုအပ်ချက် အရ လုပ်သင့် လုပ်ထိုက်တာကို လုပ်တာ ဖြစ်တဲ့အတွက် ကျွန်မတို့မှာ အပြစ်မရှိဘူးလို့ ယုံကြည်ပါတယ်” ဟုလည်း သူမက ဆိုသည်။ ကျောက်တော်တွင် မတ်လ ၇ ရက်နေ့က ပြုလုပ်ခဲ့သော လူထု ဆန္ဒ ဖေါ်ထုတ်ပွဲတွင် လူပေါင်း ၃၀၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့သည်။ နောက်ထပ် အမူကို လာမည့် အောက်တိုဘာလ ၇ ရက်နေ့တွင် ဆက်လက် စစ်ဆေးရန် ရုံးချိန်း ပေးလိုက်သည်ဟု သူမက ပြောသည်။ အလားတူ ဆန္ဒပြပွဲများကို ဦးဆောင်သူများဟု စွပ်စွဲခံထားရသူ စစ်တွေမြို့မှ ဦးကျော်ဇောဦးနှင့် ဒေါ်မညိုအေးတို့အားလည်း တရားစွဲဆိုထားပြီး ဇူလိုင်လ ၂၄ ရက်နေ့က ရုံးတက်ခဲ့ရသည်ဟု သိရသည်။ လာမည့် သြဂတ်စ် ၅ ရက်နေ့တွင် ထပ်မံ ရုံးချိန်း ရှိသည်ဟု ဆိုသည်။ ရသေ့တောင်မှ ၄ ဦး၊ တောင်ကုတ်မှ ၃ ဦးကိုလည်း တရားစွဲဆိုထားပြီး အမူရင်ဆိုင်နေကြရသည်။ (သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: