ရန်ကုန်မြို့တွင် ယခုလက်ရှိ ကန်တော်မင် ပန်းခြံအား ယခင်က ဦးဥတ္တမပန်းခြံအဖြစ် သတ်မှတ်ခဲ့သော်လည်း ၁၉၈၅ ခုနှစ် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော အိမ်စောင့် အစိုးရလက်ထက်တွင် ဖျက်သိမ်းခဲ့ပြီး ကန်တော်မင်ပန်းခြံအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ရာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် တစ်ဖန်ပြန်လည် ဦးဥတ္တမပန်းခြံအဖြစ် သတ်မှတ်ပေးရန် ရန်ကုန်မြို့နှင့် ရခိုင်ပြည်မှ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်ဖြူနှင့် သံတွဲမြို့တို့က တောင်းဆိုလိုက်သည်။
စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံအတွင်းရှိ ဆရာတော်၏ ကြေးရုပ်ထု။ (ဓါတ်ပုံ - စိုးသန်းအောင်)စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံအတွင်းရှိ ဆရာတော်၏ ကြေးရုပ်ထု။ (ဓါတ်ပုံ - စိုးသန်းအောင်)
ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှန်း စင်တာ (MCC) ခန်းမ၌ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ ကြီးမှူးပြီးကျင်းပသော ၇၄ ကြိမ်မြောက် ဆရာတော် အရှင် ဦးဥတ္တမနေ့ အခမ်းအနားမှ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံအဖြစ် ပြန်လည် သတ်မှတ်ပေးဖို့ ၀န်ကြီး ဦးဇော်အေးမောင် ကိုယ်တိုင် အတည်ပြု လက်မှတ်ရေးထိုးကာ တောင်းဆိုခဲ့ကြောင်း အခမ်းအနားဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာ စံလှကျော်က ပြောသည်။
" တချိန်က ဆရာတော်ကို ပန်းခြံနဲ့ ဂုဏ်ပြုခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အဲဒါ မှေးမှိန် ပျောက်ကွယ်သွားတော့မယ်။ အဲဒါတွေကို ကျနော်တို့က အခမ်းအနားမှာ တောင်းဆိုပါတယ်။ ရန်ကုန်မှာရှိတဲ့ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် အရင်က ဂုဏ်ပြုထားတာကို အခုပြန်လည် ဖော်ထုတ်ပေးဖို့ အစိုးရကိုတိုက်တွန်း တောင်းဆိုပါတယ်။ တစ်ဦးက အဆိုတင်သွားပြီးတော့ နောက်တစ်ဦးက ထောက်ခံတယ်ဆိုတဲ့ သဘာနဲ့ ပြုလုပ်တော့ တက်ရောက်လာတဲ့ ပရိတ်သတ်တွေအားလုံးက တခဲနက်ထောက်ခံပြီးတော့ ကျနော်အားလုံးသူရဲ့ သဘောထားနဲ့ တောင်းဆိုခဲ့ပါတယ်။ " ဟု ပြောသည်။
စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဗဟိုရုံးချုပ်တွင် ကျင်းပခဲ့သော ဦးဥတ္တမနေ့ အခမ်းအနားက သဘောထားကိုလည်း မေးမြန်းရာ RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ယခုဖြေသည်။
" ဒီမှာတော့ ဟောပြောပွဲလုပ်သွားတဲ့ ပုဂ္ဂိုလ်တွေကတော့ သူတို့ရဲ့ အမြင်သဘောထားတွေ တင်ပြသွားပါတယ်။ တချို့က ဒီကိစ္စကို လွှတ်တော်မှာ တင်ပြသင့်တယ်။ ဒီကိစ္စကို ကျနော်တို့ ပါတီက စစ်တွေမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညို ပန်းချီမင်းညိုက ပြည်သူ့လွှတ်တော်မှာ ပန်းခြံကို ပြန်ပြီးတော့ ဦးဥတ္တမပန်းခြံလုပ်ပေးဖို့ တင်ပြထားတာတွေ ရှိပါတယ်။ သို့သော် အဲဒီအနေထားတစ်ခုကိုတော့ခါ အစိုးရက အသိအမှတ်မပြုပေး သေးဘူး။ သို့သော် ကိုယ်သဘောနှင့်ကိုယ် မြောက်ဦးမြို့မှာလည်း ဦးဥတ္တမ ပန်းခြံလုပ်ဖို့ဆိုပြီးတော့ ရည်ရွယ်ချက် လျာထားတာရှပါတယ်။ ထိုးအတူ စစ်တွေမြို့မှာလည်း ဦးဥတ္တမ ပုံရိပ်တစ်ခုကို ဒီထက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် လုပ်ဖို့အတွက် ရည်ရွယ်ချက်တွေ၊ လုပ်နေကြတာကိုလည်း ကြားရပါတယ်။ သို့သော် ဒီကိစ္စက အစိုးရနဲ့ ဆိုင်တဲ့အတွက်ကြောင့် အစိုးရကို တရားဝင် တောင်းဆိုရဖို့လို့ မြင်ပါတယ်။ ဒါကြောင့် ကျနော်တို့ လွှတ်တော်ထဲမှာ အစိုးရကို တရားဝင် တောင်းဆိုထားပြီးပြီး ဒါပေမယ့် အစိုးရက အခုအချိန်ထိ အဲဒီကိစ္စနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ အကြောင်းမပြန်မှု မရှိသေးဘူးလို့ ပြောချင်ပါတယ်။ " ဟု ဆိုသည်။
ပုဏ္ဏားကျွန်းမြို့၏ သဘောထားမှာလည်း " အဲဒီကန်တော်မင်ပန်းခြံကို ဆရာတော် ဦးဥတ္တမ ပန်းခြံအဖြစ် ပြန်ပြီး သတ်မှတ်ပေးသင့်ပါတယ်။ ဆရာတော်ဟာ မြန်မာနိုင်ငံအပြင် ကိုယ်လိုနီတွေရဲ့လက်အောက်မှာ ကျရောက်ခဲ့တဲ့ နိုင်ငံတွေကိုပါ လွတ်လပ်ရေးရအောင် မျက်စေ့ဖွင့်ပေးခဲ့ပါတယ်။ တကယ် ဂုဏ်ပြုထိုက်တဲ့ ချီးကျူးထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ " ဟု အခမ်းအနားဖြစ်မြောက်ရေး ကော်မတီဝင် ကိုမောင်ယဉ်က ပြောသည်။
ပေါက်တောမြို့တွင် ကျင်းပသော ဦးဥတ္တမနေ့ အခမ်းအနားက သဘောထားမှာ " ပြန်ပြီးတော့ သတ်မှတ်ပေးတာဟာ အရမ်းကောင်းပါတယ်။ ဆရာတော်ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး မီးရှုးတန်ဆောင်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆရာတော်ကို ပြန်ပြီးတော့ အသိအမှတ်ပြုပေးမယ်ဆိုရင် ကျနော်တို့ အနေနဲ့ အတိုင်းမသိဝမ်းသာပါတယ်။ " ဟု အခမ်းအနားဖြစ်မြောက်ရေး ကော်မတီဝင် တစ်ဦးလည်းဖြစ် RNDP ၏ စည်းရုံးရေးမှူးတစ်ဦးလည်း ဖြစ်သူ ကိုကျော်ကျော်ခိုင်က ပြောသည်။
ကျောက်ဖြူမြို့တွင် ကျင်းပသော ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားမှ သဘောထားကိုလည်း အခမ်းအနားဖြစ်မြောက်ရေး ကော်မတီ၏ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ် RNDP ၏ အတွင်းရေးမှူးဖြစ်သော ဦးဝင်းတိန်က ယခုလိုပြောသည်။
" အဲဒီပန်းခြံကို ဆရာတော် ပန်းခြံအဖြစ် သတ်မှတ်ပေးသင့်ပါတယ်။ ဆရာတော်ဟာ ကျနော်တို့ရဲ့ ဖခင်ကြီးလည်း ဖြစ်ပါတယ်။ တကယ့်ခေါင်း ဆောင်ကောင်း တစ်ယောက်ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးရဲ့ ခေါင်းဆောင် အထိမ်းအမှတ်အနေနဲ့ ပြုလုပ်ပေးသင့်ပါတယ်။ ကျနော်တို့လည်း အဲဒီလိုမျိုး လုပ်ပေးဖို့ ဆန္ဒရှိပါတယ်။ " ဟု ပြောသည်။
သံတွဲမြို့ ဦးဥတ္တမနေ့ အခမ်းအနား သဘောထားမှာ " ဒီသံတွဲရဲ့ သဘောထားကတော့ ကျနော်တို့ အခမ်းအနား စာတမ်းတစ်ခု ဖတ်ပါတယ်။ အဲဒီမှာ ဆရာတော် ဦးဥတ္တမနေ့ ပျံလွန်တော်မူသွားတဲ့နေ့ကို မြန်မာနိုင်ငံမှာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုတာရှိပါတယ်။ အဲဒီလိုပဲ ဦးဥတ္တမပန်းခြံ ကိုပေါ့နော် ရုပ်တွေကအစ ပြန်လည်ပြီးတော့ အသက်သွင်းဖို့အတွက် တောင်းဆိုမှုလုပ်ခဲ့ပါတယ်။ အခု ကန်တော်မင်ပန်းခြံကိုလည်းကို အစိုးရ ဦးဥတ္တမပန်းခြံအဖြစ် သတ်မှတ်ပေးရင် အကောင်းဆုံးပါပဲ ခင်မျ" ဟု ဦးဥတ္တမနေ့ အခမ်းအနားကို ဦးဆောင် ကျင်းခဲ့ပသော ရခိုင်လူမှုကွန်ရက် (သံတွဲကမ်းခြေ)မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိန်ချစ်က ပြောသည်။
စစ်တွေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုက လွှတ်တော်ထဲမှာ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် သတ်မှတ်ပေးဖို့ အစီစဉ် ရှိမရှိမေးမြန်းခဲ့ရာ သမိုင်းဆိုင်ရာ ၀န်ကြီးက ဆရာတော်နှင့် ပတ်သက်ပြီး သမိုင်းအထောက်အထား မရှိဘူးဟု ဖြေကြားခဲ့ခြင်းအပေါ် ဦးခိုင်ပြည်စိုးမှ ဦးဥတ္တမဟာ မြန်မာနိုင်ငံ သမိုင်းထဲကနေ ဖျောက်ဖျက်လို့ရသော ပုဂ္ဂိုလ်တစ်ပါးမဟုတ်ကြောင်း၊ သမိုင်းဆိုင်ရာ ၀န်ကြီး၏ ပြောဆိုခြင်းသည် တရားဝင်ပြောခြင်းမဟုတ်သလို အခြေအမြစ်ပြောခြင်းလည်း မဟုတ်ကြောင်း၊ ဦးဥတ္တမမှာ သမိုင်းအထောက်အထားများနှင့် မှတ်တမ်းများ အများကြီးရှိပြီး ထိုသို့ပြောဆိုခြင်းသည် သမိုင်းကို မျက်ကွယ်ပြုခြင်းလို့ပဲ ပြေချင်ပါကြောင်း သူက ဆိုသည်။
ဆရာတော် ဦးဥတ္တမကို ၁၈၇၉ ခု ဒီဇင် ဘာ ၂၈ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး သက်တော် ၆၀ အရွယ် ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ကြောင်း၊ ဆရာတော်သည် နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်ရန် လှုံ့ဆော်တရားများ ဟောကြား ခဲ့သောကြောင့် ထောင်သုံးကြိမ် ကျခံခဲ့ရကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)