Thursday, September 5, 2013

ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများ ဗဟိုမှ ဘတ်ဂျက် ၃ ရာခိုင်နှုန်းကျော်စီရဟု အစီရင်ခံစာဆို


မြန်မာ့အုပ်ချုပ်ရေးနှင့် ဘဏ္ဍာငွေ ခွဲဝေမှုတွင် ဗဟိုချုပ်ကိုင်မှုများနေပြီး စုစုပေါင်းဘတ်ဂျက်ပမာဏ၏ ၃ ရာခိုင်နှုန်း ကျော်သာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများအတွက် ရရှိနေကြောင်း စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (CSED) နှင့် The Asia Foundation တို့ ပူးပေါင်းပြုလုပ်သော “မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် မြန်မာပြည်နယ်များ၏ အုပ်ချုပ်မှုစနစ် အစီရင်ခံစာ” တွင် ဖော်ပြ ထားသည်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ဘဏ္ဍာငွေ၏ ၉၆ ဒသမ ၄ ရာခိုင်နှုန်းသည် ပြည်ထောင်စုအစိုးရ အတွက် ဖြစ်နေပြီး အုပ်ချုပ်မှုနှင့် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး အပိုင်းများတွင် ဟန်ချက်မညီကြောင်း အစီရင်ခံစာပြုလုပ်ရာတွင် ဦးဆောင် သုတေသနပြုသူ Dr.Hamish Nixon ကပြောကြားသည်။
"ဘဏ္ဍာရေးပိုင်းမှာ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ လိုတယ်။ ပြည်ထောင်စုအစိုးရ ကပဲ အခွန်အများစုကို ရရှိနေတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား (၅)မှာ ဖော်ပြထားတဲ့ အတိုင်းပဲ ကောက်ခံခွင့်ရနေတယ်" ဟု ၄င်းကဆိုသည်။

အစီရင်ခံစာတွင် နိုင်ငံရေးဆိုင်ရာ ဗဟိုဦးစီးစနစ် ဖြေလျှော့ခြင်း၊ စီမံအုပ်ချုပ်မှု ဆိုင်ရာ ဗဟိုဦးစီးစနစ် ဖြေလျှော့ခြင်း၊ ဘဏ္ဍာ ငွေရ/သုံးဆိုင်ရာ ဗဟိုဦးစီးစနစ် ဖြေလျှော့ခြင်းစသော မျက်နှာစာသုံးဖက်မှ လေ့လာခဲ့ပြီး နိုင်ငံရေးဆိုင်ရာတွင် ဗဟိုချုပ်ကိုင်မှု နည်းပါးလာသော်လည်း အခြားကဏ္ဍနှစ်ခုတွင် ဗဟိုချုပ်ကိုင်မှု လွန်ကဲဆဲပင် ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များသည် နိုင်ငံရေးလုပ်ပိုင်ခွင့် နယ်ပယ် ပိုမိုရရှိရန် စတင်ဆောင်ရွက် နေကြပြီ ဖြစ်သော်လည်း သိသာထင်ရှားသည့် အကန့်အသတ်များ ရှိဆဲဖြစ်ကြောင်း ယင်းကဆိုသည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖက်ဒရယ်စနစ်ကို အခြေခံ ရေးဆွဲထားကြောင်း ပြည်ထောင်စုလွှတ်တော် အကြီးအကဲအချို့က ပြောဆိုလေ့ရှိသော်လည်း အစီရင်ခံစာတွင်မူ မြန်မာနိုင်ငံသည် ဗဟိုဦးစီးစနစ် “လွန်စွာ” ကျင့်သုံးနေသော နိုင်ငံဖြစ်ကြောင်း သုံးသပ်ထားသည်။

"သမ္မတကနေ ဝန်ကြီးချုပ်တွေကို တိုက်ရိုက်ခန့်တယ်ဆိုတာ မဖြစ်သင့်ဘူး။ ဒီသဘောက ဘာကိုဖော်ပြလဲဆိုတော့ အခြေခံဥပဒေ ကိုယ်တိုင်ကိုက ဗဟိုဦးစီး ချုပ်ကိုင်မှုကို အားပေးသလိုဖြစ်နေတယ်"ဟု Dr.Hamish Nixon က ဆိုသည်။

အုပ်ချုပ်ရေးအပိုင်းတွင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ပြည်ထောင်စု အစိုးရ၏ အုပ်ချုပ်မှု အာဏာခွဲဝေမှု မကွဲပြားသေး သောကြောင့် ရှင်းလင်းတိကျစွာ ပြန်လည်ပြုပြင်သင့်ကြောင်း အဆိုပါ အစီရင်ခံစာက အကြံပြုထားသည်။

"ပေါ်လစီ စနစ်တကျ ချပြီးဌာနတွေ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရတွေကို လုပ်ပိုင်ခွင့် အတိအကျ သတ်မှတ်ပေးဖို့ အကြံပြုထားတယ်" ဟု အဆိုပါအစီရင်ခံစာ ကို ပါဝင်ပြုစုသူ ဒေါ်ကြည်ပြာချစ်စောက ဆိုသည်။

ချင်း၊ ကရင်၊ မွန်၊ ရှမ်း၊ တနင်္သာရီ၊ ဧရာဝတီအစရှိသော ပြည်နယ်နှင့်တိုင်း ဒေသကြီး ခြောက်ခုတွင် လေ့လာမှုများ ပြုလုပ်ခဲ့ရာ၌ အစိုးရအဖွဲအားလုံးက ဒေသတွင်းရှိ သယံဇာတများကို စီမံခန့်ခွဲခွင့် ရရှိလိုကြောင်း တညီတညွတ်တည်း ပြောကြားခဲ့ကြသည်ဟု အဆိုပါ အစီရင်ခံစာက ဖော်ပြသည်။

လက်ရှိ အနေအထားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲနေသော ဦးစီးဌာန ၂၀ ခန့်သာ ရှိသဖြင့် ဘဏ္ဍာ ငွေသုံးစွဲမှု များစွာမရှိသေးဘဲ နှစ်စဉ် ဘဏ္ဍာငွေ၏ ၂၀ ရာခိုင်နှုန်းကို အုပ်ချုပ်ရေး စရိတ်၊ ကျန်ရာခိုင်နှုန်းကို လမ်းတံတားကဲ့သို့သော အခြေခံအဆောက်အဦ တည်ဆောက်ရေး တွင် သုံးစွဲကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက The Voice သို့ ပြောကြားသည်။
"တောင်းတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒီလိုပဲ ညှိနှိုင်းလုပ်ရတာပေါ့" ဟု ဦးမြတ်ကိုက ဆိုသည်။

စနစ် အကူးအပြောင်းတွင် အသစ် လုပ်ကိုင်ရသည့်အတွက် ဘဏ္ဍာငွေသုံးစွဲမှု တွင် စနစ်တကျ လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ၄င်းကဆိုသည်။

“မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် မြန်မာပြည်နယ်များ၏ အုပ်ချုပ်မှုစနစ် အစီရင်ခံစာ” (State and Region Governments in Myanmar) သည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (CSED) နှင့် အာရှဖောင်ဒေးရှင်း (The Asia Foundation) တို့မှ ပညာရှင်ငါးဦး ပူးပေါင်း၍ ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုတွင် သုတေသနပြုလုပ် ထားသော အစီရင်ခံစာဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေပြု စာရင်းတွင် စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောတို့ ပါဝင်သော်လည်း ယင်းတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များက အပြည့်အဝ လုပ်ပိုင်ခွင့်ရရန် အကန့်အသတ် များစွာ ရှိဆဲဖြစ်သည်။

လက်ရှိအနေအထားတွင်မူ သယံဇာတ ထုတ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရက ထောက်ခံချက် ပေးရန် လိုအပ်ပြီး ကိုယ်တိုင်လုပ်ကိုင်ခွင့် ရရှိပါက ပိုကောင်းလာမည်ဟု ထင်မြင်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရလမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ဆိုသည်။

The Voice က ဆက်သွယ်မေးမြန်းသော တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးနှစ်ဦးကမူ ၄င်းတို့ ဒေသတွင် ဘဏ္ဍာငွေ လုံလောက်မှုရှိကြောင်း ပြောဆိုသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)
Post a Comment