Tuesday, October 15, 2013

သံတွဲမြို့ ပဋိပက္ခတွင် အရေးယူ ခံထားရသော ရခိုင်လူမျိုး အများစုမှာ မတရား ဖမ်းဆီးခံထား ရသူများဟုဆို

8.1.1
သံတွဲပဋိပက္ခပြီးနောက် ဒေသခံများကို သွားရောက် ကူညီသည့် အဖွဲ့နှင့် ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင် တို့အား အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွင် အဖမ်းဆီးခံရသူ ရခိုင်လူမျိုး အများစုမှာ မတရားသဖြင့် အဖမ်းဆီး ခံရသူများ ဖြစ်ကြောင်း ပဋိပက္ခ ဖြစ်ပွားရာ ဒေသသို့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အကူအညီ လိုအပ်နေသူများအား သွားရောက် ကူညီသည့် ရန်ကုန်ရောက် ရခိုင်လူမျိုးများက အောက်တိုဘာ ၁၄ ရက်က ရွှေတိဂုံဘုရား တောင်ဘက်မုခ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ပြုလုပ်သည့် စုပေါင်းကူညီမှု ခရီးစဉ် ရှင်းလင်းပွဲတွင် ပြောကြားသည်။
အဆိုပါ ခရီးစဉ်အကြောင်း ရှင်းလင်းပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်နှင့် ရခိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
''ဆင်ခေါင်း ကျေးရွာဆိုရင် ပဋိပက္ခထဲမှာ မပါဘူး။ ဒါပေမဲ့ သူ့ရွာက ၁၀ ဦး အဖမ်းခံ ထားရတယ်။ ကျွန်တော်တို့ ခရီးစဉ် တစ်လျှောက်မှာ မေးမြန်းခဲ့မှုတွေအရ ပြစ်မှုကျူးလွန်သူဆိုပြီး ဖမ်းထားတဲ့သူ အများစုက မတရားသဖြင့် အဖမ်းခံရတာပါ'' ဟု ယင်းအဖွဲ့ဖြင့် လိုက်ပါခဲ့သူ ဦးညီညီမောင်က ပြောကြားသည်။ လက်ရှိ ပဋိပက္ခတွင် တိုင်းရင်းသား ရခိုင်လူမျိုးများနှင့် တိုင်းရင်းသား ကမန် လူမျိုးများအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခအကြား ကြားဝင်လာသူ ပျံကျများဟု အစိုးရက သုံးနှုန်းခဲ့ပြီး ထိုသို့သုံးနှုန်း ခံရသူများမှာ ဘင်္ဂါလီများသာဖြစ်ကာ အစိုးရ အနေနှင့် ပိုမိုပွင့်လင်းသော ထုတ်ပြန်မှုများ လိုအပ်ကြောင်း ဦးညီညီမောင်က ဆက်လက် ပြောကြားသည်။
''ကမန်တွေနဲ့ ရခိုင်တွေ အကြားမှာ နှစ်ပေါင်းများစွာ ယှဉ်တွဲနေထိုင်လာတာ ဘာပြဿနာမှ မရှိပါဘူး။ အခုဖြစ်နေတဲ့ ပြဿနာက ကမန်နှစ်ယောက်က ဘင်္ဂါလီ တစ်ယောက်ကို ကမန်ဖြစ်ကြောင်း လက်မှတ်ထိုးပေးရင် အဲဒီဘင်္ဂါလီက ကမန်ဆိုပြီး တိုင်းရင်းသား ဖြစ်သွားတယ်။ ဘင်္ဂါလီတွေ ကမန်တိုင်းရင်းသား ဖြစ်ဖို့ ၀င်ပေါက်တစ်ခုလည်း ဖြစ်နေတယ်။ ကမန်တွေ ကိုယ်တိုင်က ဘင်္ဂါလီ အမျိုခံနေရတယ်။ အခုဖြစ်သွားတဲ့ ဖြစ်စဉ်အပေါ်မှာ ကမန်လူမျိုးစု ခေါင်းဆောင်တွေနဲ့ ဆွေးနွေးသွားပါမယ်'' ဟု ဒေါ်စောခင်တင့်က ဆိုသည်။
သံတွဲမြို့ပေါ်တွင် ဖမ်းဆီးခံထားရ သူများကို လက်ရှိကာလတွင် ကျောက်ဖြူ အကျဉ်းထောင်သို့ ပို့ထားပြီး ထိုသို့ တရားခံဟု ယူဆဆဲ အဆင့်တွင် အပြစ်မရှိသူများဟု သုံးနှုန်းနိုင်သည့် မသင်္ကာ တရားခံ ရခိုင်လူမျိုးများအား ထောင်ပြောင်းခြင်းမှာလည်း ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းနေသည့် ကာလတွင် နှိပ်ကွပ်မှုသာ ဖြစ်နေပြီး အုပ်ချုပ်ရေးပိုင်း၏ အားနည်းချက် ဖြစ်နေကာ ၀န်ထမ်းများအား ကြပ်မတ် အရေးယူမှု အားနည်းနေကြောင်း ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ထောက်ပြခဲ့သည်။
''တရားဥပဒေ စိုးမိုးရေးအတွက် လုပ်ဆောင်နေတယ်လို့ ပြောနေပေမယ့် တကယ် လုပ်ဆောင်မှု အားနည်းလို့ ဖြစ်နေတာပါ။ ပြဿနာ ဖြစ်နိုင်တဲ့ ဆဲဆိုမှုမျိုးကြုံရင် နှစ်ယောက်စလုံးကို ဖမ်းပေါ့။ အခုဖြစ်စဉ်မျိုးတွေ ရန်ကုန်မှာလည်း ဖြစ်ခဲ့တာပဲ။ ရန်ကုန် အစိုးရကတော့ ဖြစ်လာတဲ့ ပြဿနာကို ချက်ချင်းထိန်းတယ်။ ထိထိရောက်ရောက် အရေးယူတယ်။ ဒီတော့ ရန်ကုန်မှာ ပြဿနာ မဖြစ်ဘူး။ မကြီးကျယ်ဘူး။ အခု သံတွဲမှာလည်း လူကြီးက ဖမ်းဖမ်းဆိုတဲ့ အချိန်မှာ တကယ်လုပ်တဲ့သူက မီးရှို့ ထွက်ပြေးသွားပြီ။ တကယ် ဖမ်းလိုက်တဲ့ သူကျတော့ ရပ်ရွာကောင်းကျိုး လုပ်နေတဲ့ ဘိုးဘွားရိပ်သာ၊ နာရေးကူညီမှု အသင်းကလို လူမှုကောင်းကျိုး လုပ်နေတဲ့ သူတွေကို ဖမ်းလိုက်တယ်။ ဒီလိုမျိုး လုပ်တယ်ဆိုတာ အရင်ခေတ်တွေ တုန်းက လုပ်ခဲ့တာပါ။ အင်မတန် ခေတ်နောက်ကျနေပါပြီ။ လက်တွေ့ လုပ်ပါဆိုပြီး ပါးစပ်ကပဲ ပြောနေတယ်။ ၀န်ထမ်းတွေကို အရေးယူတာလည်း အားနည်းနေတယ်။ ပိုက်ဆံပေးတဲ့သူကို မျက်နှာသာပေးပြီး မပေးတဲ့ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသခံ၊ ကိုယ့်ဘာသာဝင်ကို ထောင်ထဲထည့်မယ် ဆိုရင်တော့ ပြဿနာတွေ ဆက်ဖြစ် နေဦးမှာပဲ'' ဟု ဦးဇော်အေးမောင်က ထောက်ပြ ပြောဆိုသည်။
သံတွဲ ပဋိပက္ခကြောင့် ဖမ်းဆီးအရေးယူ ခံရသူများအနက် အောက်တိုဘာ ၉ ရက်အထိ ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူ ၆၀ ဦးအား ဖမ်းဆီးစစ်ဆေး နေသည်ဟု သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန် ထားသော်လည်း ယခု သွားရောက် ကူညီသည့် ခရီးစဉ်အတွင်း၌ အောက်တိုဘာ ၁၃ ရက်အထိ ရခိုင်လူမျိုး ၅၈ ဦးအထိ ဖမ်းဆီးထားပြီး ဆက်လက် ဖမ်းဆီးမှုများလည်း ပြုလုပ်နေကြောင်း ကူညီမှု ခရီးစဉ်အတွင်း ပါဝင်ခဲ့သူ ဦးခင်မောင်လင်းက ဆိုသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: