Tuesday, October 15, 2013

ရခိုင်ပြည်နယ် အတွင်းရှိ NGO၊ INGO များ၏ အမည်စာရင်း အသေးစိတ် ထုတ်ပြန်ပေးရန်နှင့် ရန်ပုံငွေမည်သို့ ရရှိနေသည်ကို စိစစ်ပေးရန် ဒေသခံ ရခိုင်တိုင်းရင်းသားများ တိုက်တွန်း

ပြည်ထဲရေး ၀န်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ်အတွင်း တရားဝင် မှတ်ပုံတင် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည့် INGO အဖွဲ့ ၁၅ ဖွဲ့၏ အမည်စာရင်း အသေးစိတ်ကို ထုတ်ပြန်ပေးစေ လိုကြောင်းနှင့် ယင်းအဖွဲ့အစည်းများသို့ ရန်ပုံငွေ မည်သူတို့က ထောက်ပံ့ပေးသည် ကိုလည်း ပြန်လည်စိစစ် စေလိုကြောင်း ရခိုင်တိုင်းရင်းသားများက တိုက်တွန်းခဲ့ကြကြောင်း သိရသည်။
''UN နဲ့ အစိုးရ မဟုတ်တဲ့ NGO တွေ အကြောင်းကို အသိဆုံးက မောင်တောဒေသခံတွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အစိတ်ကတည်းက မောင်တောနယ်စပ်မှာရှိတဲ့ ဘင်္ဂါလီတွေကို ဒုက္ခသည်လို့ သတ်မှတ်ပြီး ထောက်ပံ့ပေးလာတာ။ ပဋိပက္ခ ဖြစ်စဉ်တွေမှာပါ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှု လုပ်တာတွေရှိလို့ ဖမ်းဆီးခံရပြီး သမ္မတအမိန့်နဲ့ လွှတ်ပေးလိုက်ရတာတွေ ရှိတယ်။ ဒေသမှာရှိတဲ့ လူနည်းစု တိုင်းရင်းသား တွေအတွက် ဘာတစ်ခုမှ ထိထိရောက်ရောက် ကူညီတာတွေ မရှိခဲ့တာဟာ စည်းကမ်းစည်းမျဉ်းကို ချိုးဖောက်တာ ဖြစ်ပါတယ်။ အခု ပြည်နယ်တစ်ခုလုံးမှာ ဆူပူမှုတွေဖြစ်တော့ အရင်ဆုံး အကြမ်းဖက် မီးရှို့လူသတ်ခံရတဲ့ မောင်တောက တိုင်းရင်းသား ဒုက္ခသည်တွေကို မေ့ပစ်လိုက်ပြီး ဘင်္ဂါလီတွေကို အဓိက ထောက်ပံ့ပေးဖို့ ၀င်လာကြတဲ့ အဖွဲ့အစည်းတွေက အမည်တွေသာ ထုတ်ဖော် မပြောကြတာ အများကြီး ရှိနေပြီ။ ဒါတွေကို စိစစ်ပြီး အရေးယူဖို့ တောင်းဆိုပါတယ်'' ဟု မောင်တော ဒေသခံတစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် အစိုးရ မဟုတ်သည့် NGO များအနေဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် လုပ်ငန်းလမ်းညွှန် ချက်များအား ချိုးဖောက်လျှင်ဖြစ်စေ၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်လျှင်ဖြစ်စေ ထိထိရောက်ရောက် အရေးယူသွားမည်ဟု သိရသည်။
''၀န်ကြီးဌာနက ထုတ်ပြန်တဲ့ လုပ်ငန်း လမ်းညွှန်ချက်ပါ စည်းကမ်းချက် များနဲ့အညီ ကိုက်ညီမှု ရှိမရှိ နားလည်မှု စာချွန်လွှာ၊ စာချုပ်ပါ သဘောတူညီ ချက်များနဲ့ ကိုက်ညီမှု ရှိမရှိ တို့ကို သက်ဆိုင်ရာ ၀န်ကြီးဌာနများနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များက ထိန်းသိမ်း ကြပ်မတ် စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက ထိရောက်သော အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား အပ်ပါသည်'' ဟု ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက အောက်တိုဘာ ၁၁ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သူ ရသေ့တောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ''NGO၊ INGO တွေ ၀င်လာခြင်းအားဖြင့် ကျွန်မတို့ နိုင်ငံကို တစ်ဖက်တစ်လမ်းက ကူညီတဲ့အတွက် ကျွန်မတို့က နားလည် သဘောပေါက်တယ်။ ဒါပေမဲ့ ကောင်းကျိုးကိုလုပ်ရင် ကျွန်မတို့ လက်ခံတယ်။ တစ်ခါတလေ ဆိုးကျိုးတွေ ပါလာတယ်။ အဲဒီ ဆိုးကျိုးတွေကြောင့် ပဋိပက္ခတွေ ပိုကြီးထွားလာတယ်'' ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် NGO၊ INGO အဖွဲ့ပေါင်း ၅၀၀ ကျော် ရှိသည့်အနက် ရခိုင်ပြည်နယ်အတွင်း ၁၉ ဖွဲ့ ၀င်ရောက် လုပ်ကိုင်နေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက ပြောဆိုသော်လည်း လက်တွေ့တွင် ရခိုင်ပြည်နယ်ရှိ INGO အရေအတွက်သည် အနည်းဆုံး ၄၀ အထက် ရှိမည်ဟု ဒေသခံများက ပြောဆိုသည်။

UN နဲ့ အစိုးရ မဟုတ်တဲ့ NGO တွေ အကြောင်းကို အသိဆုံးက မောင်တောဒေသခံတွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အစိတ်ကတည်းက မောင်တောနယ်စပ်မှာရှိတဲ့ ဘင်္ဂါလီတွေကို ဒုက္ခသည်လို့ သတ်မှတ်ပြီး ထောက်ပံ့ပေးလာတာ။ ပဋိပက္ခ ဖြစ်စဉ်တွေမှာပါ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှု လုပ်တာတွေရှိလို့ ဖမ်းဆီးခံရပြီး သမ္မတအမိန့်နဲ့ လွှတ်ပေးလိုက်ရတာတွေ ရှိတယ်။ ဒေသမှာရှိတဲ့ လူနည်းစု တိုင်းရင်းသား တွေအတွက် ဘာတစ်ခုမှ ထိထိရောက်ရောက် ကူညီတာတွေ မရှိခဲ့တာဟာ...


ရခိုင်ပြည်နယ်အတွင်း ၀င်ရောက်နေသည့် NGO ၁၅ သင်းနှင့် INGO လေးသင်းရှိပြီး ယင်းအဖွဲ့အစည်းများကို အမည်စာရင်း များနှင့်တကွ အသေးစိတ် မှတ်တမ်းတင်ထားကြောင်း၊ အဆိုပါ အဖွဲ့အစည်းများ၏ ငွေရေးကြေးရေးနှင့် လုပ်ငန်းဆောင်ရွက်မှုကို သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် မှတ်တမ်းများ ထားရှိပြီး တောင်းယူကြည့်ရှု နိုင်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောကြားသည်။ ထို့ပြင် လစဉ်အစီရင်ခံစာနှင့် လေးလတစ်ကြိမ် အစီရင်ခံစာများကို NGO၊ INGO အဖွဲ့အစည်း အသီးသီးက အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနသို့ တင်ပြရကြောင်း၊ ငွေကြေးသုံးစွဲမှုမှာလည်း အဆိုပါ ၀န်ကြီးဌာနထံ တင်ပြသဘောတူပြီး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
''UN နဲ့ NGO တွေ မောင်တောခရိုင် အတွင်းကို ၁၉၉၄ ကတည်းက ၀င်လာတယ်။ အလှူရှင်တွေ ကလည်း ရိုဟင်ဂျာလို့ အမည်တပ်ထားတဲ့ ဘင်္ဂါလီတွေ အတွက်ပဲ ဖြစ်ပါတယ်။ ၀န်ထမ်းခန့်တာနဲ့ ကူညီထောက်ပံ့ ရေးကလည်း ဘာသာခြားတွေ အတွက်ပဲ။ ညီမျှစွာ လုပ်နေတယ်လို့ ဆိုပေမယ့် တစ်ဖက်သတ် အရင်အတိုင်းပဲ။ ဘူးသီးတောင် မြို့နယ်မှာလည်း လမ်းဖောက်ရင်တောင် တိုင်းရင်းသားရွာတွေ တစ်ရွာမှ မပါဘူး။ သူတို့တွေရဲ့ လှုံ့ဆော်မှုတွေ ရှိနေတယ်လို့ ပြောရတာက ဒေသခံတွေဟာ အင်တာနက်နဲ့ မိုဘိုင်းဖုန်းတွေ သုံးတတ်တာလည်း မရှိဘူး။ သူတို့ကပဲ အင်တာနက်ကို အသုံးချပြီး ပြည်ပနိုင်ငံတွေကို သတင်းအမှားတွေ ပို့နေတာ ဖြစ်ပါတယ်။ သူတို့ NGO တွေက ၀န်ကြီးဌာနတွေနဲ့ MoU ထိုးပြီးလာတာ။ ဒါပေမဲ့ ဒီမှာဘာတွေ လုပ်နေလဲဆိုတာ ဒေသခံ အစိုးရက စစ်ဆေးတာမရှိဘူး။ သွားချင်တဲ့ နေရာတွေကိုပဲ ပြောပြီး သွားနေတာတွေ ရှိပါတယ်။ ဒေသခံတွေ အနေနဲ့ ညီမျှမှုမရှိတဲ့ အခါမှာ စိုးရိမ်မှုတွေ ရှိပါတယ်'' ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ဘူးသီးတောင်) ဥက္ကဋ္ဌ ဦးထွန်းအောင်သိန်းက ဆိုသည်။
''အခုမောင်တောမှာက ယူအင်န်နဲ့ တခြား အင်န်ဂျီအို အဖွဲ့တွေ အရင်လို လုပ်နေကြပြီ ဖြစ်ပါတယ်။ သူတို့ ဘာတွေလုပ်နေတာလဲ ဆိုတာကို ပြည်သူတွေကို ချပြတာ မရှိဘူး။ ယူအင်န်ဒီပီ အဖွဲ့ကတော့ ဒေသခံ လူမှုအဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ သူတို့ဘာတွေ လုပ်မယ်။ အဲဒါကို ပူးပေါင်း လုပ်ဆောင်မယ်ဆိုရင် ပူးပေါင်းပါဝင်ခွင့် ရှိတယ်ဆိုတာတွေကို လုပ်လာတာ ရှိပါတယ်။ ဒါပေမဲ့ တခြားအဖွဲ့ တွေကတော့ အခုထက်ထိ ပွင့်လင်းမြင်သာမှု မရှိဘူး။ နောက်တစ်ချက်က ဒေသအုပ်ချုပ်ရေး အဖွဲ့တွေ အနေနဲ့လည်း သူတို့ဘာတွေ လုပ်ဆောင်နေသလဲ ဆိုတာကို စောင့်ကြည့်တဲ့ သဘောမျိုး အနေနဲ့ မှတ်တမ်းတွေကို ယူထားတာ မရှိဘူး။ ဒါကြောင့် ဒေသအုပ်ချုပ် သူတွေက အင်န်အန်ဂျီအိုတွေက ဘာတွေလုပ်နေလဲ ဆိုတာကို မှတ်တမ်းတွေ တစ်ပတ်တစ်ကြိမ် ယူထားသင့်သလို စောင့်ကြည့်ပြီး ပြည်သူတွေ သိရှိအောင် လုပ်ပေးဖို့ လိုပါတယ်။ နောက်ပြီး ဒေသခံ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆောင်ရွက်သင့်တယ်'' ဟု မောင်တောခရိုင် အမျိုးသား ကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က တိုက်တွန်း ပြောကြားသည်။
ရခိုင်ပြည်နယ် အတွင်းရှိ NGO၊ INGO များနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းအား ဆက်သွယ် မေးမြန်းခဲ့ရာတွင် ''ရခိုင်ပြည်နယ် အစိုးရနဲ့ INGO တွေ ဆက်စပ်မှု မရှိပါဘူး။ သူတို့က ပြည်ထောင်စု အစိုးရနဲ့ MoU ထိုးပြီး လာကြတာ။ ပြည်နယ်အတွင်း ဘယ်နေရာမှာ ဘာတွေလုပ်မယ် ဆိုတာကိုပဲ တင်ပြတာမျိုးပဲ ရှိပါတယ်။ တကယ်တမ်းဆိုရင် INGO တွေဟာ ပွင့်လင်းမြင်သာမှု ရှိရပါမယ်။ ရပ်ကွက်ထဲမှာ သူတို့ဘာလုပ် နေတယ်ဆိုတာ ရပ်ကွက် အုပ်ချုပ်ရေးမှူးက တစ်ဆင့် ဒေသခံ ပြည်သူတွေကို ပြောပြဖို့ လိုပါတယ်။ ဘယ်နိုင်ငံက လာတယ်၊ ဘယ်အဖွဲ့အစည်းတွေက အကူအညီ ပေးတယ်ဆိုတာ ရှင်းပြဖို့ လိုပါတယ်။ နောက်ပြီး ရပ်ကွက်ထဲမှာ ဧည့်စာရင်းတိုင်ဖို့ လိုပါတယ်'' ဟု ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ NGO အဖွဲ့အစည်းများမှ ၀န်ထမ်း ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: