Tuesday, October 15, 2013

ရခိုင် ပဋိပက္ခများကြောင့် ရပ်ဆိုင်းခဲ့ရသည့် ကာကွယ်ဆေးထိုး ဆေးတိုက် အစီအစဉ်များ ပြန်လည်လုပ်ဆောင်ရန် ညှိနှိုင်းနေ

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ရာ ယင်းဒေသတွင် ကျန်းမာရေး ၀န်ကြီးဌာနနှင့် ယူနီဆက်(ဖ်)တို့ ပူးပေါင်းလုပ်ဆောင်နေသည့် ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်များ ရပ်ဆိုင်းခဲ့ရပြီး ပြန်လည်လုပ်ဆောင်နိုင်ရန် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်(ဖ်)ဌာနေ ကိုယ်စားလှယ် မစ္စတာ ဘက်ထရန်ဘိန်းဗဲလ်က ပြောကြားသည်။
ပဋိပက္ခများ စတင်ဖြစ်ပွားစဉ် ကတည်းက ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်များ အားလုံးရပ်ဆိုင်းခဲ့ရပြီး ယင်းဒေသများရှိ ကလေးသူငယ်များကို လုံခြုံရေး အခြေအနေကြောင့် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိကြောင်းနှင့် အာဟာရ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
"ပဋိပက္ခတွေ စဖြစ်ကတည်းက အဲဒီဒေသတွေမှာ ယူနီဆက်(ဖ်)က လုပ်ပေးနေတဲ့ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်တွေ အားလုံးရပ်ဆိုင်း သွားခဲ့တယ်။ အခု ဒါတွေကို အပြည့်အ၀ ပြန်လည်စတင်နိုင်ဖို့ ၀န်ကြီးဌာနတွေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။ အဓိက လုံခြုံရေး အခြေအနေကြောင့် နေရာတိုင်းမှာ အကောင်အထည်ဖို့ ခက်နေတာပါ။ ကလေးတစ်ဦး ကာကွယ်ဆေး မရရင် အဲဒီဒေသမှာ ရှိနေတဲ့ ကလေးတွေ အားလုံးကို ကူးစက်ရောဂါ အန္တရာယ် ကျရောက်နိုင်တယ်" ဟု မစ္စတာ ဘက်ထရန်ဘိန်းဗဲလ်က ဆိုသည်။
ထိုကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်များသည် ရောဂါများကို ကာကွယ်ခြင်းသာမက ဒေသတစ်ခုလုံးရှိ ကလေးသူငယ်များ၏ အကျိုးအတွက် လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် သက်ဆိုင်ရာ ဌာနများ အပါအ၀င် ပြည်သူအားလုံး ညီညီညွတ်ညွတ် ပါဝင်လုပ်ဆောင်ရန် လိုအပ်သည့် အစီအစဉ်များလည်းဖြစ်ကြောင်း ၎င်းကတိုက်တွန်း ပြောကြားသည်။
ထို့ပြင် ကယ်ဆယ်ရေး စခန်းများ အပါအ၀င် ရခိုင်ပြည်နယ်အတွင်း နေရာဒေသ အသီးသီးရှိ မွေးစမှ ငါးနှစ်အောက် ကလေးသူငယ် ၃၇၀၀၀၀ ကျော်ကို ယခုနှစ် မတ် ၂၆ ရက်မှ ၃၀ ရက်အထိ ပိုလီယို ကာကွယ်ဆေး ပထမအကြိမ် တိုက်ကျွေးခဲ့ပြီး ဧပြီလ နောက်ဆုံးပတ်တွင် ဒုတိယတစ်ကြိမ် ထပ်မံတိုက်ကျွေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ် အတွင်းရှိ မောင်တာ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်များနှင့် ကျေးရွာပေါင်း ၈၀၀ တွင် ကာကွယ်ဆေး ထိုးဆေးတိုက်ကျွေးရေး အစီအစဉ်များကိုလည်း ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: