Tuesday, October 15, 2013

အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီခွဲခန့်က ရန်ကုန်မြို့ Traders ဟိုတယ် ကိုးလွှာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရ

8.1.1
အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် Traders ဟိုတယ် အခန်းအမှတ် (၉၂၁) အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီ ခွဲခန့်က ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ Traders ဟိုတယ် ကိုးလွှာ၊ အခန်းနံပါတ် ၉၂၁ ၏ ရေချိုးခန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ တည်းခိုနေသူ အမေရိကန် နိုင်ငံခြားသား မိသားစုမှ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ သွားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြားသည်။
ဒဏ်ရာရရှိသူ မစ္စစ် Piaiorst (အသက် ၄၃ နှစ်) သည် ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနသို့ ည ၁၁ နာရီမိနစ် ၄၀ တွင် ရောက်ရှိလာပြီး ၀ဲပေါင်၊ ၀ဲတင်ပါး၊ ယာလက်ဖျံ၊ ၀ဲနောက်ကျော စုတ်ပြဲဒဏ်ရာများ ရရှိသွားကြောင်း၊ လက်ရှိတွင် စိုးရိမ်စရာ မရှိကြောင်း ရန်ကုန်ဆေးရုံကြီး မှုခင်းတာဝန်ရှိသူ တစ်ဦးက ည ၁၂ နာရီခန့်တွင် ပြောကြားသည်။
8.1.1
ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် အခန်းအမှတ် (၉၂၁)၏ ပြတင်းတံခါး အပိုင်းအစ (ဓာတ်ပုံ-ဝေလင်းအောင်)
လက်ရှိတွင် ဗုံးပေါက်ကွဲမှု ကောလာဟလ သတင်းများ လျင်မြန်စွာ ပြန့်နှံ့နေသည့် အတွက် အလျင်အမြန် သတင်းထုတ်ပြန်ပေးပါရန် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသော ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲမှူးကြီးတို့ကို သတင်းထောက်များက အောက်တိုဘာ ၁၅ ရက် ၀၀း၄၅ အချိန်တွင် မေးမြန်းခဲ့သော်လည်း လတ်တလောတွင် ပြန်လည် ဖြေကြားခြင်း မရှိခဲ့ချေ။ ည ၁၂ နာရီခွဲ ခန့်တွင် တပ်မတော် အင်ဂျင်နီယာတပ်ရင်း ဗုံးရှင်းလင်းရေး တပ်ဖွဲ့မှ အနံ့ခံ ဗုံးရှာဖွေရေး ခွေးများဖြင့် Traders တစ်ဝိုက်တွင် ဆက်လက် ရှာဖွေနေကြောင်း သိရသည်။
8.1.1
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာမှ Traders ဟိုတယ် အနီးဝန်းကျင်တွင် ရှာဖွေမှုများ ပြုလုပ်စဉ်
အမှတ် ၉၀၅ တပ်မတော် အင်ဂျင်နီယာတပ်မှ တပ်မတော်သား တစ်ဦးက ''လက်ရှိအချိန်အထိ နောက်ထပ်ဗုံးတွေ မတွေ့ရပါဘူး။ ဆက်လက် ဆောင်ရွက်နေပါတယ်'' ဟု အောက်တိုဘာ ၁၅ ရက် နံနက် ၁ နာရီတွင် ဖြေကြားသည်။
အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အခန်းတွင် ဒဏ်ရာရရှိသူ အမျိုးသမီးနှင့်အတူ ၎င်း၏ခင်ပွန်းနှင့် ကလေးနှစ်ဦးသည် အောက်တိုဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီက စတင်တည်းခို နေထိုင်ခဲ့ခြင်းဖြစ်သည်။
8.1.1
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် Traders ဟိုတယ်ရှေ့တွင် လုံခြုံရေး တာဝန်ကျသူများကို တွေ့ရစဉ်
လက်ရှိတွင် တရားခံ ဖမ်းဆီးရမိရေး အတွက် Traders ဟိုတယ်တွင် တည်းခိုသူ ဧည့်သည်များ၏ အချက်အလက်များနှင့် ဟိုတယ် အ၀င်အထွက် မှတ်တမ်းများကို CCTV ကင်မရာမှတစ်ဆင့် စစ်ဆေးလျက်ရှိသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: