Tuesday, December 17, 2013

ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၌ ပါဝင်သော စစ်တွေဆိပ်ကမ်း တည်ဆောက်မှု ၂၀၁၄ ခုနှစ် ဇွန်လတွင် ပြီးစီးမည်

8.1.1
Essar မှ တည်ဆောက်နေသော စစ်တွေဆိပ်ကမ်း တည်ဆောက်မှု လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ်
အိန္ဒိယနိုင်ငံမှ တည်ဆောက်နေသည့် စစ်တွေဆိပ်ကမ်းအား၂၀၁၄ ခုနှစ် ဇွန်တွင် ပြီးစီးရန် မျှော်လင့်ထားကြောင်း တာဝန်ယူ တည်ဆောက်နေသည့် Essar ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း The Hindu Business line တွင် ဒီဇင်ဘာ ၁၃ ရက်က ဖော်ပြချက်အရ သိရသည်။
လက်ရှိအခြေအနေတွင် စစ်တွေဆိပ်ကမ်း တည်ဆောက်နေမူမှာ ရာခိုင်နှုန်း ၇၀ အထိ ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် အိန္ဒိယ Essar ကုမ္ပဏီသည် ၎င်းရေလမ်းကြောင်းတွင် အသုံးပြုရန်အတွက် သင်္ဘောခြောက်စင်း တည်ဆောက်နေပြီး သင်္ဘောကိုယ်ထည်များမှာ ရာခိုင်နှုန်း ၅၀ ပြီးစီးနေပြီဟု သိရသည်။
ယင်းအပြင် Essar အနေဖြင့် တာဝန်ယူရမည့် လုပ်ငန်းများတွင် စစ်တွေဆိပ်ကမ်းအပြင် ပလက်ဝဆိပ်ခံ တံတားနှင့် ဆိပ်ကမ်းနှစ်ခု အကြားရှိ ၁၅၈ ကီလိုမီတာ ရှည်လျားသည့် ကုလားတန် ရေလမ်းကြောင်း တူးဖော်မှုလည်း ပါဝင်ကြောင်း သိရသည်။
အိန္ဒိယသည် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကို ၂၀၀၈ ခုနှစ် ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် အပြီးသတ် နိုင်မည်ဟု သိရသည်။ ပလက်ဝ ဆိပ်ကမ်းမှ အိန္ဒိယနယ်စပ်ထိ ၁၀၉ ဒသမ ၂ ကီလိုမီတာ အရှည်ရှိသော ကားလမ်းနှင့် အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ် မြို့တော်
အိုင်ဇော (Aizwal) အထိ ကီလိုမီတာ ၂၅၀ ရှိ ကားလမ်းဖောက်လုပ်ရန် အတွက် မကြာမီတင်ဒါ ခေါ်ယူနိုင်ဖွယ်ရှိကြောင်း သိရသည်။
စစ်တွေဆိပ်ကမ်းသည် ရခိုင်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်း ပြည်နယ်များနှင့် ကုန်စည်များ ကူးသန်းပို့ဆောင်ရန် အရေးပါလာမည်ဖြစ်ပြီး အိန္ဒိယအရှေ့မြောက် ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသလို ယင်းဒေသတွင် လိုအပ်နေသည့် စိုက်ပျိုးရေး ဓာတ်မြေသြဇာများ ပို့ဆောင်ရန် အရေးပါလာမည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းစက်မှုဇုန်တွင် ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ရန် စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: