Monday, December 16, 2013

(၃၉) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား ရန်ကုန်မြို့၌ ယနေ့ ပြုလုပ်မည်

(၃၉) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာ၌ ယနေ့ ဒီဇင်ဘာ ၁၅ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနမှကြီးမှူးပြီး ရန်ကုန်မြို့ရှိ ရခိုင်လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က "ကျွန်တော်တို့ ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ကျင်းပလာတာ ဒါ(၃၉)ကြိမ်မြောက်ပါ။ ရခိုင်အမျိုးသားနေ့ပွဲဖြစ်တဲ့အတွက် ဒီပွဲလေးက တစ်နည်းအားဖြင့် ရခိုင်လူမျိုးတွေရဲ့ စည်းလုံးမှုတွေ၊ ရခိုင်လူမျိုးတွေရဲ့ လုပ်ဆောင်မှုတွေကို ပြတဲ့ပွဲလေးပဲ ဖြစ်ပါတယ်"ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်နေ့သည် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မွန်နှင့်ရခိုင်ကို ပြည်နယ်များအဖြစ် သတ်မှတ်ပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ၊ ရခိုင်တေးဂီတဖျော်ဖြေပွဲ၊ ရခိုင်ယဉ်ကျေးမှုပြခန်း၊ အမှတ်တရပစ္စည်းများနှင့် ရခိုင်စားသောက်ဖွယ်ရာများ ရောင်းချပွဲတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားကို နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်မည်ဖြစ်ပြီး တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ကြွရောက် ချီးမြှောက်ပါရန် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပရေးကော်မတီက ဖိတ်ကြားထားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: