Wednesday, December 4, 2013

သယံဇာတပဋိပက္ခနဲ့ သဟဇာတပဋိညာဉ်

29-11-13-8
လက်ပံတောင်းဒေသ မိုးကြိုးပြင်တောင်ရွာထိပ်ရှိ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားရာနေရာသို့
စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး နိုဝင်ဘာ ၁၄ ရက်က လာရောက်ဖြေရှင်းနေစဉ်
ပြီးတဲ့အပတ်တွေထဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရရဲ့ ဆွေးနွေးပွဲသတင်းတွေကို စိတ်ဝင်တစား အင်တာနက်မှာ လိုက်ရှာဖတ်နေတုန်းညနေခင်းနိုင်ငံတကာ တီဗွီသတင်းတစ်ခုမှာ M 23 လက်နက်ကိုင် သူပုန်အဖွဲ့က ကွန်ဂိုအစိုးရကို ငြိမ်းချမ်းရေး ကမ်းလှမ်းပြီဆိုတဲ့ ခေါင်းကြီးသတင်းကို ကြားလိုက်ရတယ်။ တိုက်ဆိုင်တယ်လို့ဆိုရပေမယ့် ကွန်ဂိုနဲ့ မြန်မာဆိုတာက အလှမ်းဝေးလှတဲ့ နိုင်ငံနှစ်ခု။ ဒါပေမဲ့ အာဖရိကနိုင်ငံတွေရဲ့ ပြည်တွင်းစစ် တော်တော်များများဟာ၊ လူမျိုးရေးပဋိပက္ခတွေရယ် သယံဇာတ လုပ်ငန်းတွေရယ်ကြားမှာ သွေးအလိမ်းလိမ်း ဖုန်အလိမ်းလိမ်း ရှိနေတတ်တာမို့ မြန်မာပြည်ရဲ့ လက်ရှိပြည်တွင်း ငြိမ်းချမ်းရေး အကျပ်အတည်းနဲ့ ဆက်စပ်စဉ်းစား ကြည့်နိုင်မလားရယ်လို့ ကွန်ဂိုသတင်းတွေနောက် လိုက်ရှာဖတ်ရင်း တစ်ယောက်တည်း မေးခွန်းထုတ်မိတယ်။ ပဋိပက္ခကြောင့် သယံဇာတ လုပ်ငန်းတွေ အဟန့်အတားဖြစ်တာလား။ သယံဇာတလုပ်ငန်းတွေကြောင့် ပဋိပက္ခတွေ ပိုပြီးပြင်းထန်လာတာလား။ သေချာတာကတော့ အခုနောက်ပိုင်းနှစ်တွေမှာ သယံဇာတနဲ့ ပဋိပက္ခဟာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်းလို ဖြစ်လာနေတာပဲ။ ငြိမ်းချမ်းရေးဆိုပြီး မကျက်တဲ့အနာတွေကို မန်းမှုတ်ပစ်နေကြရတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပြန်တော့တယ်။
တကယ်ဆိုတော့ ၂၁ ရာစုအရောက်မှာ လူတွေရဲ့ အနေအထိုင် အသုံးအဆောင်တွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကမ္ဘာကြီးမှာ စွမ်းအင်သယံဇာတတွေ ပိုပြီးလိုအပ်လာ။ ဈေးကွက်ကြီးက ပိုပြီးကျယ်ပြန့်ရှုပ်ထွေးလာ ။ နိုင်ငံအစိုးရတွေလည်း ဒီသယံဇာတ၀င်ငွေတွေနဲ့ ပိုပြီးအကျင့်ပျက်လာ။ ဒေသခံဌာနေ တိုင်းရင်းသား လူမျိုးစုတွေကလည်း သူတို့အကျိုးဝေစုအတွက် မြင်တတ် တောင်းတတ် တိုက်တတ်ခိုက်တတ်လာ။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ မြေယာသိမ်းမှုတွေနဲ့ ပြည်သူတွေရဲ့ မကျေနပ်မှုတွေ ရုန်းကြွလာ။ အဲဒီလိုနဲ့ ပေါက်ပင်ဘာကြောင့် ကိုင်းရတာလဲဆိုတဲ့ မေးခွန်းလို၊ အတောမသတ်နိုင် ဖြစ်နေကြရတာဟာ ဒီနေ့ကမ္ဘာရဲ့ ပစ္စက္ခသယံ ဇာတပဋိပက္ခကြီးပဲ ဖြစ်တော့တယ်။
အဲဒီလို ပြည်သူက ဆင်းရဲသလောက် ခေါင်းဆောင်တွေက မတရားကြွယ်ဝလာနေတဲ့ သယံဇာတ ကျိန်စာသင့် နိုင်ငံတွေမှာ ရှိသမျှမြေ လှန်ထုတ်ရောင်းရင်း ပြည်တွင်းစစ်တွေနဲ့ ဖြစ်ချင်တိုင်း ဖြစ်လာနေကြတော့၊ ဒီသယံဇာတ ပဋိပက္ခဆိုတာတွေကို ကမ္ဘာ့အသိုင်းအ၀ိုင်းက မဖြစ်မနေ အာရုံစိုက်လာရတော့တယ်။ ကမ္ဘာ့ဈေးကွက်ထဲကို လမ်းကြောင်းအမျိုးမျိုးကနေ ၀င်ရောက်လာမယ့် အဲဒီသယံဇာတတွေကို Conflict Mineral လို့ ပုဒ်မတပ်ပြီး ဥပဒေတွေနဲ့ ပိတ်ပင် ကြည့်ကြတယ်။ ဥပမာ အမေရိကန် အထက်လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ မြန်မာပြည်နဲ့ ပတ်သက်နေတဲ့ Burmese Jade Act ဆိုတာ ရှိခဲ့တယ်။ အခုလည်း သက်တမ်းထပ်တိုးထားဆဲပဲ။ အာဖရိကတိုက်က ထွက်တဲ့ စိန်တွေကို Blood Diamonds ဆိုပြီး ရှောင်ကြဉ်ဖို့ လှုံ့ဆော်မှုတွေ လုပ်ကြတယ်။ ကွန်ဂိုမှာဆိုရင်လည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့နိုင်ငံရဲ့ အရှေ့ဖျားဒေသကလာတဲ့ T3 (Tin,Tungstun,Tantalum) လို့ခေါ်တဲ့ သတ္တုတွေကို အီလက်ထရွန်နစ် ပစ္စည်းထုတ်တဲ့ လုပ်ငန်ကြီးတွေက မရှိမဖြစ် အသုံးပြုနေရသည်မို့ အမေရိကန်နိုင်ငံမှာ ဥပဒေပြုပြီး တင်းကျပ်စိစစ် နေရပါတယ်။
ဒါ့အပြင် အခုမြန်မာပြည်မှာ စိတ်ဝင်စားလာကြတဲ့ Extractive Industries Transparency Initiative (EITI) လို အဖွဲ့ကြီးတွေနဲ့ တည့်မတ်ဖို့တီထွင်ကြံဆလာကြတယ်။ အဖွဲ့ဝင်အဖြစ် မှတ်ကျောက်တင်ခံနိုင်ရင် ကမ္ဘာက လေးစားမယ်ပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြန်မာပြည်က အခုမှ EITI အဖွဲ့ဝင်ဖြစ်ဖို့ သိမ်းသွင်းတုန်း ပြင်ဆင်ကြိုးစားတုန်း အချိန်မှာ၊ ကွန်ဂိုနိုင်ငံကတော့ ၂၀၁၃ နှစ် ဆန်းပိုင်းတုန်းကမှ ရခဲ့တဲ့ တင်းပြည့်အဖွဲ့ဝင် အဖြစ်ကနေတောင် ယာယီရပ်စဲခံထားရပြီလို့ ဆိုတယ်။
အခု ကွန်ဂိုမှာ သူပုန်တွေက လက်နက်ချပြီး အလံဖြူ ပြထားတယ်ဆိုပေမယ့် ငြိမ်းချမ်းရေး အလားအလာက မသေချာမှုတွေ များနေပြန်တယ်။ ကွန်ဂို အမျိုးသားတပ်မတော်က သူ့ထဲကနေ ခွဲထွက်ပုန်ကန်သွားတဲ့ တွတ်စီသူပုန်တွေကို ပြန်ပေါင်းစည်းဖို့ လက်မခံနိုင်သလို နိုင်ငံရေး စားပွဲဝိုင်းပေါ်လည်း မခေါ်နိုင်ဘူးဟု ငြင်းဆိုတယ်။ လူမျိုးရေးမကျေနပ်မှုတွေ ရှိခဲ့တဲ့ အဲဒီ M23 သူပုန်အဖွဲ့ဟာ ခဲတွေရွှေတွေထွက်တဲ့ ကီဗူဒေသကို နှစ်နှစ်လောက် သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဒေသခံလူထုတွေလည်း အတော့်ကို ဒုက္ခရောက်ကြ သေကြကျေကြတယ်။ အခု ကုလသမဂ္ဂတပ်တွေရဲ့ အကူအညီနဲ့ ကွန်ဂိုအစိုးရစစ်တပ်က တိုက်ထုတ်လိုက်နိုင်တော့မှ အိမ်နီးချင်း ယူဂန္ဓာနိုင်ငံထဲ ပြေးဝင် လက်နက်ချ ငြိမ်းချမ်းရေးစကားဆိုခြင်း ဖြစ်တယ်။
ကွန်ဂိုရဲ့ ပဋိပက္ခက ဘယ်လောက်ထိ ကျယ်ပြန့်သက်ရောက်မှု ရှိသလဲတော့မသိ။ ကုလသမဂ္ဂ တပ်အင်အားအများဆုံး ချထားတဲ့ နိုင်ငံဖြစ်ပြီး အခွန်ထမ်းငွေတွေ တစ်နှစ်ကို တစ်ဘီလျံကျော်လောက် သုံးစွဲကုန်ကျတယ်လို့ တွက်ချက်ကြတယ်။ ကွန်ဂိုပဋိပက္ခထဲကို နောက်ထပ် ၀င်လာသူတွေကတော့ အာဖရိကတိုက်ကို အင်အားချဲ့ထွင် စွမ်းအင်အရှာထွက်လာတဲ့ တရုတ်နိုင်ငံပိုင် ကုမ္ပဏီကြီးတွေ။ အာဖရိကတိုက်ကြီးမှာ အနောက်အုပ်စုတွေက ငှက်ဖျားတွေ AIDS တွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန်မှာ ဗြုန်းဆို ဆိုးဆိုးဆတ်ဆတ် တရုတ်တွေဝင်ချလာပြီး လမ်းတွေခင်း တံတားတွေဆောက် သတ္တုတွေတူးထုတ်တော့မှ အားလုံးမျက်လုံးပြူးကုန်ကြတယ်။ အထူးသဖြင့် တရုတ်ရဲ့ အင်အားဖြန့်ရာ ထက်ကြပ်မကွာ အင်အားလိုက်မျှနေရတဲ့ အမေရိကန်တွေပဲ။ အမေရိကန်ပိုင် အီလက်ထရွန်နစ် ကုမ္ပဏီကြီးတွေရဲ့ အကျိုးစီးပွားမျှဖို့ အကြောင်းတွေလည်း ရှိချင်ရှိမည်ပေါ့။ ဘာပဲဖြစ်ဖြစ် ကွန်ဂိုပြည်တွင်းစစ်ကို ရပ်တန့်ဖို့ အကြောင်းတွေတော့ ရှိလာနေပြီ။
ကွန်ဂိုအကြောင်း အရင်စဉ်းစားလိုက်မိတော့ မြန်မာပြည်အကြောင်းရေးဖို့တောင် အထွေအထူး မရှိတော့သလို ဖြစ်သွားတယ်။ နိုင်ငံချင်း၊ လူမျိုးချင်း ဝေးကွာလှတယ် ဆိုပေမယ့် ပဋိပက္ခကျောရိုး ဖြစ်စဉ်တွေက ဒါတွေပဲ မဟုတ်လား။ ထူးခြားတာက မြန်မာပြည်မှာ လက်နက်ကိုင်အဖွဲ့ဆိုတာ တစ်ခုနှစ်ခု မကသလို သယံဇာတတွေ ထုတ်ယူသုံးစွဲနိုင်တဲ့ အလားအလာတွေကလည်း ဟိုတစ်ကွက် ဒီတစ်ကွက်လောက်မဟုတ်။ မြန်မာပြည်ကြီးကို ပထ၀ီနိုင်ငံရေးအရ မြင်းခွာပုံဝိုင်းရံ ကာကွယ်ပေးနေတဲ့ တိုင်းရင်းသားဒေသ တောင်တန်းကြီးတွေမှာ သယံဇာတတွေ ရှိနေကြသလို သမုဒ္ဒရာရေကြောင်းလမ်းတွေကို ဖြန့်ကြက်သွယ်တန်းပေးနေတဲ့ ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်မှာလည်း ရေနံသဘာဝဓာတ်ငွေ့တွေ အလျှံအပယ် ထွက်ရှိနေလေတော့ ပထ၀ီနိုင်ငံရေးတင်မက ပထ၀ီစီးပွားရေးလို့တောင် ပြောရမလောက်ပင်။ ပိုပြီးထူးခြားတာက မြန်မာပြည်တွင်းစစ်ရဲ့ သက်တမ်းက ရာစုနှစ် တစ်ဝက်ကျော်အောင် ကြာမြင့်ခဲ့ပြီ။ ပြည်တွင်းစစ်ကို သမိုင်းလက်ဆင့်ကမ်းခဲ့ကြရင်း ပထမမျိုးဆက်ဖြစ်တဲ့ ဒေါင်ဒေါင်မြည် တော်လှန်ရေးသမားကြီးတွေပင် သိပ်မကျန်တော့။ အမျိုးသားအရေးထက် အကျိုးစီးပွားအရေးကို အာရုံကျလာကြရင်း တော်လှန်ရေးရဲ့ သန္ဓေကလည်း ရွေ့လျောသားပျက်ချင်သလို ဖြစ်နေတယ်။ ပြောရရင် အဓိကလက်နက်ကိုင် အဖွဲ့အစည်းကြီးတွေရဲ့ အနေအထားက ဥသျှစ်သီးကြီး တစ်လုံးလို ရင့်မှည့်ကွဲအက်နေပြီ။
ပြောခဲ့သလို ကမ္ဘာ့ဈေးကွက်ကြီးရဲ့ သယံဇာတသတ္တုစွမ်းအင် လိုအပ်မှု ကြီးမားလာတာနဲ့အမျှ တရုတ်နိုင်ငံရဲ့ နိုင်ငံရေး ထိုးဖောက်မှု ဈေးကွက်ထိုးဖောက်မူတွေကို အနောက်အုပ်စုက စိုးရိမ်လာတယ်။ မြန်မာပြည်ကို အရွေ့တစ်ခုတော့ ရွေ့စေချင်ပြီ။ ကဲ-အခုမြန်မာပြည်ကြီးရွေ့ပြီ။ တံခါးဖွင့်ပြီ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီ။ ဒီမိုကရေစီ ပေးပြီဆိုတော့ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်နေတဲ့ သူတွေအားလုံး အလိုက်သင့် လိုက်ရွေ့ရပေတော့မယ်။ နိုင်ငံပြင်ပမှာ အခြေချနေခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားသူတွေတောင် အခုအချိန်မှာ မြန်မာပြည်ထဲကိုပဲ အလုအယက် ပြန်ဝင်ပြီးနေရာရှာ မဟာမိတ် ပြုနေကြရပြီဆိုတော့ မြန်မာ့နိုင်ငံရေးမှာ သိပ်ကိုအရေးပါတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာလည်း ၂၀၁၅ အမီ အရွေ့တစ်ခုတော့ ရွေ့ရတော့မယ်။
အခုဖြစ်နေကြတာက ဘယ်လိုရွေ့မလဲဆိုတဲ့ ပြဿနာ။ ငြိမ်းချမ်းရေး မရ၊ ရအောင်ယူ ရှေ့ဆုံးက လက်မှတ်ထိုးပြီး လွှတ်တော်နိုင်ငံရေးထဲ ၀င်ထိုင်ကြမလား ။ အစိုးရက ဖဲ့ရွဲ့ပေးနေတဲ့ စီးပွားရေးလုပ်ခွင့်တွေနဲ့ ကုမ္ပဏီထောင်ကြမလား။ ဂုဏ်ပြုချီးမြှင့်ကြေးလေးတွေနဲ့ အေးအေးလူလူ နယ်ပြန်ပြီး ခြံစိုက်စားကြမလား။ ၉၀ ပြည့်လွန် ကာလတွေက ၀၊ ပအို့ဝ်နဲ့ ကိုးကန့် ခေါင်းဆောင်ပိုင်းတွေကို ငြိမ်းချမ်းရေးလို့ ခေါင်းစဉ်တပ်ပြီး ရန်ကုန်မြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင် စီးပွားရေးလုပ်ငန်းကြီးတွေ ပေးလုပ်ခဲ့ဖူးသည်ပင်။ ကနေ့လွှတ်တော်ထဲမှာတောင် အဲဒီတုန်းက ငြိမ်းချမ်းရေး အဆက်အနွှယ်တချို့ နေရာကောင်းတွေ့ရနှင့် နေပြီးကြပြီ။ ခက်တာက တစ်သက်လုံး စစ်ပဲတိုက်လာခဲ့ပြီး ထောင်နဲ့သောင်းနဲ့ချီရှိနေတဲ့ အောက်ခြေက လူတွေကို ဘယ်လိုစီစဉ်မလဲ။ ဒီလိုပဲ တပ်ပျက်တောပြန် တောင်ယာလုပ်စားကြရုံပဲလား။ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်၊ အပစ်ရပ်တပ် နာမည်အမျိုးမျိုးတပ်ပြီး မဟာဗျူဟာကျကျ ဆက်မွေးမြူထားမည်လား။ အခု တောင်းဆိုနေသလို ဖက်ဒရယ်တပ်မတော်ဆိုပြီး ပိုနေမြဲကျားနေမြဲဆက်ပြီး လက်နက်ပေးကိုင်ထားမလား။ မူလမြန်မာ့တပ်မတော်ကြီးကပင် အဆမတန် အင်အားချဲ့ထွင်ပြီးသား အခြေအနေမှာ တိုင်းရင်းသားတပ်မတော်တွေပါ တရားဝင် ဖြစ်လာမယ်ဆိုတဲ့ကိစ္စက အင်အားအာဏာမျှချေ ဖြစ်လာနိုင်မှာမို့ ကြိုဆိုရမယ့် အနေအထားလား။ စစ်အသုံးစရိတ်တွေ ပိုများလာပြီး စစ်အာဏာရှင်စနစ် ပယ်ဖျက်ပစ်ဖို့ ကမ်းဝေးနေရဦးမယ့် ခရီးလား။
ဆက်လက်ဖော်ပြပါမည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: