Monday, December 16, 2013

မင်းပြားမြို့နယ်မှ အမျိုးသမီးငယ် ၆ ဦး ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှ ပျောက်ဆုံး

Minbya signboardရခိုင်ပြည်နယ် မင်းပြားမြို့နယ် သင်ပုန်းချောင်း ကျေးရွာ အုပ်စုမှ အမျိုးသမီးငယ် ၆ ဦးသည် စစ်တွေ-ရန်ကုန် ကားလမ်းရှိ ဆောက်လုပ်ရေး စခန်းတစ်ခုတွင် အလုပ် လုပ်နေရာမှ ပျောက်ဆုံးသွားကြောင်း သတင်း ရရှိသည်။
ပျောက်ဆုံးသွားသည့် အမျိုးသမီးငယ်များမှ မင်းပြားမြို့နယ် သင်ပုန်းချောင်း အုပ်စု အ၀ရွာမှ  ၃ ဦး၊ ပြားရှည်ပြင်ရွာမှ ၁ ဦးနှင့် ခွဆုံရွာမှ ၂ ဦးတို့ ဖြစ်ကြသည်။
၎င်းအမျိုးသမီးငယ် ၆ ဦးသည် ယခုလ ၁၂ ရက်နေ့၊ ၁၃ ရက်နေ့က ပျောက်သွားကြောင်း ဒေသခံ လူကြီး တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
“ သူတို့ပျောက်သွားတာကို ဒီလ ၁၂ ရက်၊ ၁၃ ရက်မှ သိရတာပါ။ မြေပုံမြို့နယ် ဇော်နိုင်ဝင်း ဆောက်လုပ်ရေး ကုမ္ပဏီက လှော်ကားမှာ လမ်းလုပ်နေတဲ့ လုပ်ငန်းခွင်ကနေ ပျောက်သွားတာ ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီက ဒီလိုပျောက်သွားတာကို အကြောင်းမကြားတဲ့ အတွက် အခုမှ သူတို့ ပျောက်နေတယ်ဆိုတာကို သိရပါတယ်” ဟု ၎င်းလူကြီးက ဆိုသည်။
ပျောက်ဆုံးသွားသည့် အမျိုးသမီးငယ်များမှာ မချိုချိုဝင်း (၁၇) နှစ် ၊ မဌေးဌေးးသန်း( ၂၂) နှစ်၊ မသင်းသင်းစိုး( ၁၅) နှစ်၊ မစိုးစိုး (၂၂) နှစ် ၊ မလှဖြူ (၁၄) နှစ်၊ မလုံးလုံး (၂၃) နှစ် တို့ ဖြစ်ကြသည်။
ယနေ့ ညနေက မိသားစုများက လာရောက်ပြီး မင်းပြားမြို့ ရဲစခန်းတွင် လူပျောက်မူဖြင့် လာရောက် အမူဖွင့်တိုင်ကြားခဲ့သည်ဟု သူက ပြောသည်။
“ ဒီနေ့ ညနေမှာတော့ သူတို့မိသားစုတွေက လာရောက်ပြီး လူပျောက်မူနဲ့ အမူဖွင့်ပါတယ်။ သူတို့က နယ်က ဖြစ်ကြတာတော့ အခြေအနေကို နားမလည်တဲ့ အတွက် ဒီနေ့မှ လာရောက်ပြီး တိုင်းတန်းတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
၎င်းဇော်နိုင်ဝင်း ကုမ္ပဏီသည် အလုပ် လုပ်ရန်ဟုဆိုကာ လွန်ခဲ့သော နိုဝင်ဘာလ အကုန်က ခွဆုံရွာကျေးရွာမှ တဆင့် ဒေသခံ အမျိုးသမီး ၂၀ ခန့်ကို တင်ဆောင် ခေါ်ယူသွားပြီး ထိုအထဲမှ ၎င်းအမျိုးသမီးငယ် ၆ ဦးမှာ ယခု အခါ ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ကျေးရွာလူကြီးများမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
မင်းပြားရဲစခန်းသို့ ဆက်သွယ်ရာ ဖုံးပိတ်ထားသည်ဟု ဖုံးမှ အကြောင်းပြန်ပြီး ယခုအချိန်ထိ ဆက်သွယ်၍ မရရှိသေးပါ။
(သတင်းအရင်းအမြစ်-နိရဉ္စရာသတင်းဌာန)

No comments: