Monday, December 16, 2013

တောင်ပြိုမြို့ ရခိုင်ပြည်နယ်နေ့ တိုင်းရင်းသားပေါင်းစုံ ပါဝင်ဆင်နွှဲ

DSC08619
မြန်မာနိုင်ငံ၏ အနောက်ဘက် အစွန်ဆုံး တောင်ပြိုမြို့နယ်ခွဲတွင် (၃၉) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကျင်းပရာ ရခိုင်တိုင်းရင်းသားပေါင်းစုံ တက်ရောက် ပါဝင် ဆင်နွှဲခဲ့ကြသည်ဟု သတင်း ရရှိသည်။
၎င်းရခိုင်ပြည်နယ်နေ့ အခမ်းအနားကို တောင်ပြိုမြို့နယ်ခွဲ ဖက်စုံလူမှုကူညီစောင့်ရှောက်ရေးအသင်းမှ ဦးဆောင် ကျင်းပခြင်း ဖြစ်ပြီး ရခိုင်၊ ဗမာ၊ ဒိုင်းနက်၊ မြိုစသည့် တိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်ဟု အခမ်းအနား ကျင်းပရေး ကော်မီတီဝင် တစ်ဦးက ပြောသည်။
DSC08637
ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပရာ ထိုအထဲတွင် ကျား/မ  လွန်ဆွဲပွဲ၊ ဘောလုံးပွဲ (ဂိုးကျဉ်း) ၊ ပိုက်ကျော်ခြင်း၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲစသည့် ပြိုင်ပွဲများ ပါဝင်ကြောင်းသူက ဆိုသည်။
ညနေ (၄) နာရီခန့် မှစတင်၍ ရခိုင်ရိုးရာ ယိမ်းအကများ၊ မြိုလူမျိုးတို့ ၏ ချစ်သူများပန်းဆက် အကများဖြင့် ဖြေဖျော် တင်ဆက်ကပြခဲ့ကြသည်ဟု ဆိုသည်၊ နံသာတောင်ပရဟိတ ကျောင်းသူ၊ သားများနှင့် သာယာကုန်းကျေးရွာမှ အမျိုးသမီးငယ်များကလည်း ရခိုင်ရိုးရာ အကများဖြင့် ပါဝင် ဖြေဖျော်ခဲ့ကြသည်ဟု သိရသည်။
DSC08644
(၃၉) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား သို့ တောင်ပြိုမြို့ အခြေစိုက် စစ်ကြောင်း ဗျူဟာမှူး အပါအ၀င် စစ်သည်များ၊ တောင်ပြို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဦးစီးမှူးများ၊ ၀န်ထမ်းများ၊  တောင်ပြို အထက ကျောင်းအုပ်ဆရာကြီးနှင့် ပညာရေးဝန်ထမ်းများ၊ ရပ်နီးရပ်ဝေးမှ ဖိတ်ကြားထားသည့်  ဧည့်သည်တော်များနှင့် ဒေသခံ ပြည်သူ  (၁၀၀၀) ခန့် တက်ရောက်ခဲ့ကြသည်။
ရခိုင်ပြည်နယ်နေ့ကို ယခုလို ဘင်္ဂလာဒေခ်ျ့ နယ်စပ်နှင့် ကပ်ရပ် တည်ရှိသော တောင်ပြိုမြို့တွင် ကျင်းပရခြင်းမှာ မိမိတို့၏ ပြည်နယ်နေ့ကို မိမိိတို့ ဒေသခံ တိုင်းရင်းသားများ သိရှိစေလိုသော ရည်ရွယ်ချက်အပြင် ဒေသအတွင်း တိုင်းရင်းသားများ အကြား ချစ်ကြည် ရင်းနှီးမူကို ရရှိစေလို၍ ကျင်းပခြင်း ဖြစ်ကြောင်း ယင်းကော်မီတီဝင်က ပြောဆိုသွားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: