Wednesday, January 22, 2014

ဘင်္ဂါလီများ အသတ်ခံရသည် ဟူသော သတင်းများမှာ နိုင်ငံ့ဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်ဟု သမ္မတရုံး ညွှန်မှူးဆို

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကင်းလှည့်ရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး တစ်ဦး ဘင်္ဂါလီများ တိုက်ခိုက်ခံရပြီး ပျောက်ဆုံးခဲ့သည့် ဖြစ်စဉ်ကို ဘင်္ဂါလီများ သတ်ဖြတ်ခံရသည်ဟု သတင်းမှားများ ဖန်တီးခဲ့ခြင်းသည် ပြည်တွင်းပဋိပက္ခ များကို မြင့်တက်စေပြီး နိုင်ငံ့ဂုဏ်သိက္ခာကို ကျဆင်းစေရန် ရည်ရွယ်လုပ်ဆောင်သည်ဟု သံသဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

ရဲတပ်ကြပ်ကြီး ပျောက်ဆုံးသည့် သတင်းကို မြန်မာတိုင်းရင်းသား များက တိုက်ခိုက်၍ ဘင်္ဂါလီများ ဆယ်နှင့်ချီ သေဆုံးသည်ဟု ပြည်ပရောက် ဘင်္ဂါလီများက သတင်းလက်ဦးမှု ရယူကာ နိုင်ငံတကာ မီဒီယာများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ သတင်းမှားများကို ဖြန့်ချိခဲ့ကြောင်း ၄င်းကဆိုသည်။

"သတင်းမှားတွေ ဖြန့်ချိနိုင်ခဲ့တဲ့ လျင်မြန်မှုကို ကြည့်ရင် ဘယ်လောက်အထိ စနစ်တကျ စီမံထားနိုင်သလဲ ဆိုတာ တွေ့ရှိရပါတယ်" ဟု ဦးဇော်ဌေးက သုံးသပ်သည်။

သတင်းမှား များကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ရဲတပ်ကြပ်ကြီးနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု သတင်း ပျောက်ကွယ်သွားသည့်အပြင် ဘင်္ဂါလီများ အသတ်ခံရမှုကို စုံစမ်းစစ်ဆေး ပေးရန် တောင်းဆိုမှုများ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။

ယင်းလုပ်ရပ်များသည် မြန်မာနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာက အာရုံစိုက်လာချိန်နှင့် တိုက်ဆိုင်နေပြီး ရဲတပ်ကြပ်ကြီး ပျောက်ဆုံးသည့် သတင်းကို ယင်းသတင်းထက် ကြီးမားသည့် သတင်းမှားနှင့် ဖုံးကွယ်နိုင်ရန် အချိန်ကိုက် စီစဉ်လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောဆိုသည်။

မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာမှ ရဲတပ်ဖွဲ့ဝင် ငါးဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးနှစ်ဦး ပါဝင်သည့် အဆိုပါ လုံခြုံရေးအဖွဲ့သည့် ဇန်နဝါရီလ ၁၃ ရက် နေ့က ဘင်္ဂါလီများ နေထိုင်သည့် ဒုချီးရားတန်းကျေးရွာ ရောက်ရှိရာတွင် ဘင်္ဂါလီ များက တိုက်ခိုက်ခံရသဖြင့် ရဲတပ်ကြပ်ကြီး တစ်ဦးနှင့် ၄င်းကိုင်ဆောင်သည့် အမ် ၂၂ မောင်းပြန်သေနတ် တစ်လက် ပျောက်ဆုံး နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

No comments: