Tuesday, July 15, 2014

ယူနတီ ဂျာနယ် သတင်းထောက်များ အမြန်ဆုံး ပြန်လွှတ်ရန် စစ်တွေတွင် ဆုတောင်းပွဲပြုလုပ်

journaist-in-arakan
ဆုတောင်းပွဲသို့ တက်ရောက်လာကြသော ရခိုင်သတင်းထောက်များ ( ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ခိုင်ဇံ)
နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံထားရသော ယူနတီ ဂျာနယ်မှ သတင်းထောက် (၅) ဦး အမြန်ဆုံး ပြန်လွှတ်ရန် ရည်ရွယ်၍  ရခိုင်သတင်းထောက်များက စုပေါင်းပြီး စစ်တွေမြို့တွင် ဆုတောင်းပွဲ တစ်ခုကို ယနေ့ နံနက်က ကျင်းပခဲ့သည်။
“ ကျနော်တို့က နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က သတင်းထောက် (၅) ဦး အမြန်ဆုံး ပြန်လွှတ်ရေး ရည်မှန်းပြီး ဆုတောင်းပွဲ လုပ်တာပါ” ဟု ဆုတောင်းပွဲကို စီစဉ်သူ ရခိုင်အခြေစိုက် သတင်းထောက် ကိုသန်းလိုင်က ပြောသည်။
ဆုတောင်းပွဲသို့ သတင်းဌာနအများအပြားမှ သတင်း သမား (၂၀) ခန့် ပူးပေါင်းပါဝင်ခဲ့သည်ဟု ဆိုသည်။
“ ပူးပေါင်းပါဝင်တဲ့ သတင်းသမားတွေကတော့ The Voice/ The weekly/DVB/ မြစ်မခ စတဲ့ သတင်းဌာနတွေက ဖြစ်ပါတယ်။ Freelance သတင်းသမားအချို့လည်း တက်ရောက်ခဲ့ပါတယ်” ဟု ဆိုသည်။
ဆီးမီးတိုင် ကိုယ်စီကိုင်ပြီး ဆုတောင်းနေကြစဉ် ( ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ခိုင်ဇံ)
ဆီးမီးတိုင် ကိုယ်စီကိုင်ပြီး ဆုတောင်းနေကြစဉ် ( ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ခိုင်ဇံ)
ယူနတီ ဂျာနယ်မှ အမူဆောင် အရာရှိချုပ်နှင့် သတင်းထောက် လေးဦးတို့ကို ပခုက္ကူ တရားရုံးက ကပစ (၂၄) စက်ရုံနှင့် ပတ်သက်ပြီး သတင်းရေးသား ဖေါ်ပြရာတွင် နိုင်ငံတော် လုံခြုံရေးနှင့် အကျိုးကို ထိခိုက်စေသည်ဟု ဆိုကာ ဇူလိုင်လ (၁၀) ရက်နေ့က အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခဲ့သည်။
“ ဒီလိုထောင်ချတဲ့အပေါ် ကျနော့် အမြင်ကို ပြောရမယ်ဆိုရင် သတင်းသမားတွေကို ခုလို ထောင်ကြီးကြီးမားမား ချတဲ့ အတွက် အလွန်တရာမှ စိတ်မကောင်း ဖြစ်မိပါတယ်။ နောက်တစ်ခုက ခုလို လုပ်နေတာဟာ သတင်းသမားတွေကို ဖိနှိပ်နေတယ်လို့လည်း မြင်ပါတယ်” ဟု သူက ဆိုသည်။
ဆုတောင်းပွဲကို စစ်တွေမြို့ ဘုရားကြီးတွင် နံနက် ၉ နာရီ ၄၅ မိနစ် မှ စတင်ခဲ့ပြီး ၁၀ နာရီ ၁၅ မိနစ်တွင် ပြီးဆုံးခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: