Monday, July 14, 2014

ရေစီးရေလာမကောင်းတဲ့ စစ်တွေက ရေမြောင်းတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးဆောင်၍ ရှင်းလင်း တူးဖေါ်မူပြုလုပ်ပြီ

Myanmar-police-volunter-working
စစ်တွေမြို့ ရေမြောင်းများကို ရဲတပ်ဖွဲ့ဝင်များမှ တူးဖေါ် ရှင်းလင်းနေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
အမှိုက်များ ပိတ်ဆို့ပြီး ရေစီးရေလာ မကောင်းဘဲ ဖြစ်နေသော စစ်တွေမြို့ရှိ ရေမြောင်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဦးဆောင်ပြီး  စည်ပင်ဌာနနှင့် မီးသတ်ဝန်ထမ်းများ ပူးပေါင်းကာ တူးဖေါ် ရှင်းလင်းမူများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းသို့ ရှင်းလင်း ဆောင်ရွက်ရာတွင် စစ်တွေမြို့လမ်းမကြီး ဝဲယာတစ်လျှောက်ရှိ ရေနုတ်မြောင်းများနှင့် မြို့တွင်းချောင်းများတွင် ပိတ်ဆို့နေသော အမှိုက်များကို အဓိက တူးဖော်ရှင်းလင်းနေခြင်း ဖြစ်ကြောင်း စစ်တွေခရိုင် ရဲမှူးကြီး ဦးသစ်ဆန်းက နိရဉ္စရာသို့ ပြောသည်။
Myanmar-police-volunter-working
“လမ်းဘေး ဝဲယာတစ်လျှောက်မှာရှိတဲ့ ရေနုတ်မြောင်းတွေကို ရေစီးရေလာကောင်းအောင် တူးဖေါ်တယ်။  ပလက်ဖောင်းတွေကိုလည်း ရေတွေဝင်နိုင်အောင် ပြန်ဖော်သင့်တာကို ပြန်ဖေါ်တယ်။ ပထမ ကျနော်တို့ လုပ်တာက  စစ်တွေ ဘီလူးမ တံတားရယ်၊ နောက်တစ်ခါ မြို့တွင်းချောင်းတွေမှာ အမှိုက်တွေပိတ်နေတဲ့ ရေမြောင်းတွေကို ကျွန်တော်တို့ လိုက်ဖော်ပြီး ရေစီးရေလာကောင်းအောင်နဲ့ သန့်ရှင်းသပ်ရပ်အောင် ပြုလုပ် နေတာ ဖြစ်ပါတယ်” ဟု ရဲမှူးကြီးက ပြောသည်။
မြင့်မြတ်သော လူမူရေး အသိစိတ်ဓါတ်ဖြင့် စစ်တွေရှိ ရေမြောင်းများကို တူးဖေါ် လုပ်အားပေး ဆောင်ရွက်နေသော အဖွဲ့အစည်းများမှာ နယ်မြေရဲ၊ ရဲတပ်ရင်း၊ စည်ပင်နှင့် မီးသတ်ဌာနတို့ဖြစ်ကြောင်း  ခရိုင်ရဲမှူးကြီးက ဆက်လက် ပြောဆိုသည်။
“  ရဲတပ်ရင်းလည်းပါပါတယ် ခင်ဗျာ။ပြီးတော့ နယ်မြေရဲတွေပါပါတယ်။ရဲတပ်ရင်းက အင်အား (၅၀) နယ်မြေရဲက အင်အား (၅၀) စုစုပေါင်း ရဲ (၁၀၀)လောက်ပါတယ်ပေါ့။ နောက်ပြီး စည်ပင် ပါတယ်။ မီးသတ်ပါတယ်” ဟုပြောသည်။
Myanmar-police-volunter-working
ထို့သို့ ရဲ၊စည်ပင်နှင့် မီးသတ်ဌာနတို့မှ ဝန်ထမ်းများ ရေမြောင်းသန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်နေကြခြင်းနှင့် ပတ်သက်၍ စစ်တွေမြို့လမ်းမကြီးမှ ကိုသန်းနိုင်က ယခုလို မှတ်ချက်ပြုသည်။
“သူတို့လုပ်နေတာ တစ်ရက်နှစ်ရက်လောက်ရှိပြီဗျ။ မျက်စိထဲ တော်တော်ထူးထူးဆန်းဖြစ်နေတယ်။ အရင်က ဒီလို လုပ်အားပေးတာမျိုး သိပ်နည်းတယ်။ ခုလို လုပ်ပေးသင့်တာကြာပါပြီ” ဟုပြောသည်။
စစ်တွေမြို့ရှိ လမ်းဘေးရေနုတ်မြောင်းများမှာ အမှိုက်များ ပိတ်ဆို့နေသဖြင့် ခြင်းများ အထူးပေါများပြီး မြောင်းများတွင်လည်း ရေစီးရေလာ မကောင်းသဖြင့် မိုးကြီးသောနေ့ရက်တိုင်းတွင် လမ်းအများအပြားမှာ ရေမြှပ်လေ့ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: