Wednesday, February 4, 2015

ဘူးသီးတောင်မြို့ နွေးထွေးသူများအဖွဲ့မှ ဘင်္ဂလာဒေ့ရှ် ဒုက္ခသည် အိမ်ထောင်စုများသို့ ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့လှူဒါန်း

(ဘူးသီးတောင်မြို့သို့ ရောက်ရှိလာသော ရခိုင်မျိုးနွယ်စုများ)
ဘူးသီးတောင်မြို့သို့ ရောက်ရှိလာသော ရခိုင်မျိုးနွယ်စုများ
အခက်အခဲအမျိုးမျိုးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ ဘူးသီးတောင်မြို့နယ်၊ ခမောင်းချောင်း အုပ်စုအတွင်း ၀င်ရောက် ခိုလှုံလာကြသော ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်များသို့ ဘူးသီးတောင်အခြေစိုက် နွေးထွေးသူများ လူမှုကူညီရေးအဖွဲ့က ရိက္ခာပစ္စည်းများနှင့် အခြားအသုံး အဆောင် ပစ္စည်းများကို သွားရောက် လှူဒါန်းခဲ့ကြောင်း အဆိုပါ အဖွဲ့တာဝန်ရှိသူများ ထံမှသိရသည်။
“ဖေဖေါ်ဝါရီလ ၂ ရက်နေ့ကသွားရောက်လှူဒါန်းခဲ့တာပါ၊ နောက်ထပ်အသစ်ဝင်လာသူ တွေဖြစ်တယ်၊ ပြီးခဲ့တဲ့ ဇန်န၀ါရီ တတိယ ပတ်လောက်က ၀င်လာတဲ့ အိမ်ထောင်စု ၁၂ စုပါ၊ တဲအိမ်တွေ ထိုးပြီးနေကြတယ်”ဟု အဆိုပါ လူမှုကူညီရေးအဖွဲ့ ၏ တာဝန်ရှိသူ ဦးဇော်ဝင်းကဆိုသည်။
ထောက်ပံ့လှူဒါန်းခဲ့သော ပစ္စည်းများမှာ ဆန်၊ ခြင်ထောင်၊ စောင်၊ အိုးခွက်၊ ပန်းကန် ၊ ရေစစ်၊ ရေခွက်စသည့် စသည့် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ စုစုပေါင်းတန်းဘိုး မြန်မာကျပ်ငွေ (၅) သိန်းကျော်ဖိုး ဖြစ်ကြောင်းသိရသည်။
အဆိုပါအိမ်ထောင်စုများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ကြပြီး ၄င်းတို့သည် စားဝတ်နေရေး အခက်အခဲများကြောင့် ပြီးခဲ့သည့်ဇန်န၀ါရီလ တတိယပတ်ခန့်က နယ်ခြားမိုင်တိုင် ၆၀ ကနေ မြန်မာ ဖက်သို့ ၀င်ရောက်လာကြသူများဖြစ်ကြောင်း၊  လက်ရှိတွင် ဘူးသီးတောင်မြို့ နယ်၊ ခမောင်း ချောင်းအုပ်စု၊ ၀နက်ရုံကျေးရွာအနီး ယာအိမ်တဲအိမ်များထိုးလျှက် နေထိုင် နေကြကြောင်း နွေးထွေးသူများ လူမှုကူညီရေး အဖွဲ့ အဆိုအရသိရှိရသည်။
“အမိုး၊ အကာမလုံတဲ့ နုံချာတဲ့ တဲစုပ်ကလေးတွေပါ၊ ထိုင်ပြီးတော့ ထလို့တောင်မဆန့်တဲ့ အခြေ အနေတွေပါ၊ အဲဒီတဲအိမ်လေးတွေထိုးပြီးနေကြတာကို မြင်တွေ့ရတဲ့အတွက် တော်တော် သနား စရာကောင်းပါတယ်” ဟု ဦးဇော်ဝင်းကဆိုသည်။
ကုန်ခဲ့သည့် ၂၀၁၄ ဧပြီလတွင်လည်း ဘင်္ဂလားဒေ့ရှ်ဖက်မှ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် မိသား စု ၁၉ စု (၉၁ဦး) တို့သည်  ဘူးသီးမြို့ တောင်မြို့နယ် ဖေါ်ပြပါအုပ်စုအတွင်း ၀င်ရောက် ခိုလှုံ လျှက် ရှိကြပြီးဖြစ်ကြောင်း၊ ယခု မိသားစု ၁၂ စု(၅၈ ဦး) ဒုတိယအကြိမ် ဘူးသီးတောင် မြို့နယ်အတွင်း သို့ ဆက်လက် ၀င်ရောက် လာကြခြင်း ဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ခက်ခဲကျပ်တည်းစွာ နေကြရသော ဘင်္ဂလာ ဒုက္ခသည် ဗုဒ္ဓဘာသာ ရခိုင် တိုင်းရင်းသား မျိုး နွယ်စုဝင်အိမ်ထောင်စု ၃၁ (၁၄၉ ဦး) တို့အတွက် သက်ဆိုင်ရာ အာဏာ ပိုင်များမှ ယခုအခါ သွပ်မိုး အဆောက်အဦးငယ်များ ဆောက်လုပ်လျှက်ရှိနေကြောင်း ယင်း အဖွဲ့ကသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်များသည် မောင်တောခရိုင်အတွင်းသို့ ၂၀၁၂ ခုကတည်းကစတင် ၀င်ရောက်ခိုလှုံလာကြရာ လက်ရှိတွင် အိမ်ထောင်စု လူဦးရေ ၃၀၀၀  ကျော်သွားပြီး ဖြစ်ကြောင်း သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: