Wednesday, February 4, 2015

မျိုးစောင့်ဥပဒေ ထောက်ခံကြိုဆိုပွဲ ဘူးသီးတောင်တွင် ပြုလုပ်

10427677_1575651872647605_3022636125611298686_n
မျိုးစောင့်ဥပဒေ ထောက်ခံပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့၊ နေ့လယ် ၁ နာရီက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အေးစေတီကျောင်းတိုက်၌ပြုလုပ်ခဲ့သည်။
မျိုးစောင့်ဥပဒေကို ထောက်ခံကြိုဆိုပွဲ ပြုလုပ်ရသည့် အကြောင်းအရင်းကို ဘူးသီးတောင်မြို့ခံ ဦးထွန်းအောင်သိန်းက ပြောသည်။
“မျိုးစောင့်ဥပဒေဟာ မြန်မာနိုင်ငံရဲ့ အနောက်တံခါးဖြစ်တဲ့ ကျွန်တော်တို့ဒေသမှာ တကယ်ကို အရေးကြီးပါတယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်မှာ တင်ထားဆဲ ဒီဥပဒေကို မဖြစ်မနေအတည်ပြု ပေးဖို့ တောင်းဆိုရင်း ဒီဥပဒေကို ထောက်ခံတယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
အဆိုပါဥပဒေအပြင် ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ်နှင့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေအပါအဝင် လူဦးရေထိန်းညှိမှု ဆိုင်ရာဥပဒေများသည်  မြန်မာတစ်နိုင်ငံလုံးအတွက် မရှိမဖြစ်သော သော့တစ်ချောင်းပင်ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အတွင်းရေးမှူး ဆရာတော်ဦးနာယက က ယင်းနေ့ကအခမ်းအနားတွင် မိန့်ကြားခဲ့သည်။
“အဲဒီသော့ကိုသာ ဂရုတစိုက်မပြု ပြင်ရင် မြန်မာနိုင်ငံမှာ ဆူပူမှုအန္တရာယ်တွေ၊ အကြမ်းဖက်မှု တွေ၊ လူမျိုးကြီးဝါဒလွှမ်းမိုးမှုတွေ၊ တရားဥပဒေတွေဟာ တစတစ ပျက်စီးသွားလိမ့်မယ်”ဟု ဆရာတော် မိန့်သည်။
10463973_1575651415980984_4116803241353638963_n
အဆိုပါဥပဒေမှာ ရခိုင်တစ်ခုတည်းအတွက်သာမက မြန်မာပြည်သူတစ်ရပ်လုံးအတွက်ပါ အလွန်အရေးပါသည့် ဥပဒေတရပ်ဖြစ်သဖြင့် အားလုံးက စည်းလုံးညီညွတ်စွာလက်တွဲထောက်ခံရန်လိုအပ်သည်ဟုလည်း ရခိုင်ပြည်နယ်သြဝါဒါစရိယ အောင်မင်္ဂလာဆရာတော်က ယင်းနေ့ကအခမ်းအနားတွင် တိုက်တွန်းမိန့်ကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော်သို့တင်ထားဆဲဖြစ်သည့် အဆိုပါဥပဒေကို ယခုကဲ့သို့ ထောက်ခံကြို ပွဲများလုပ်ပြီှးလျှင်လည်း လိုအပ်လာပါက ထောက်ခံလက်မှက်များရေးထိုးကာ လွှတ်တော်သို့တင်သွင်းသွားမည်ဟုလည်း အခမ်းအနားတွင် သဘောတူညီမှုရရှိခဲ့ကြသည်။
ယင်းနေ့က ပြုလုပ်သည့်အဆိုပါအခမ်းအနားတွင် ဘူးသီးတောင်မြို့နယ် မဘသဆရာတော်များ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သံဃာတော်များနှင့် လူမှုရေးအဖွဲ့အစည်းများနှင့် မြို့ခံ ၂ဝဝ ကျော်ခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားကို ညနေ ၂ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: