Wednesday, February 4, 2015

သတိပြုရမည့် ဘင်္ဂလားဒေ့ရှ်၏ မြစ်ကူးချေမှုန်းရေး စစ်ရေးလေ့ကျင့်မှု

ဘင်္ဂလားဒေ့ရှ်တပ်မတော် ၂၀၁၅ ဇန်န၀ါရီလလယ်က မြစ်ကူးချေမှုန်းရေး စစ်ရေးလေ့ကျင့်မှုပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ−bdnews24.com)

ဘင်္ဂလားဒေ့ရှ်က ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုတစ်ခုက နိုင်ငံရေးလေ့လာသူများအကြား သတိထားစရာဖြစ်ခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ် အမှတ်(၅၅) ခြေလျင်တပ်မက မြစ်ကူးချေမှုန်းရေး လေ့ကျင့်ခန်းတစ်ခုကို ဇန်န၀ါရီလလယ်တွင် ပြုလုပ်ခဲ့သည်။
ထိုလေ့ကျင့်ခန်းကို တပ်မမှူး ဗိုလ်ချုပ်တစ်ဦးက ကွပ်ကဲပြီး အထူးတပ်ဖွဲ့ဝင် ၂၅၀ နှင့် စစ်သည်အင်အား ၈,၀၀၀ ပါဝင်ခဲ့သည်။ ထို့အပြင် စစ်ရေးလေ့ကျင်ခန်းတွင် တိုက်လေယာဉ်များ၊ တင့်ကားများ၊ လက်နက်ကြီးများစွာ အသုံးပြုခဲ့သဖြင့် စစ်ရေးလေ့လာသူများကြား အံ့အားသင့်ခဲ့သည်။
နိုင်ငံတစ်နိုင်ငံ၏ တပ်မတော်က စစ်ရေးလေ့ကျင့်ခြင်းဆိုသည်မှာ မဆန်းသော်လည်း ယခုတစ်ကြိမ်တွင် ဘင်္ဂလားဒေ့ရှ်တပ်မတော်၏ စစ်ရေးလေ့ကျင့်မှုပုံစံနှင့် အသုံးပြုသော လက်နက်ပုံစံမှာ ထူးခြားမှုရှိသည်။ ဘင်္ဂလားဒေ့ရှ်တပ်မတော်၏ မြစ်ကူးတိုက်ခိုက်ရေးလေ့ကျင့်ခန်းမှာ နတ်မြစ်သာခြားနေသော မြန်မာနိုင်ငံအတွက် သတိထားစရာဖြစ်လာနေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
စစ်သည်အင်အား ရှစ်ထောင်ပါဝင်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၀၁၅ ဇန်န၀ါရီလလယ်က ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ - bdnews)
‘‘လေကြောင်းတွေ၊ သံချပ်ကာတွေပါတဲ့ Massive Assault River Crossing လေ့ကျင့်ခန်းကတော့ ဒီနှစ်မှ လေ့ကျင့်တာ။ နည်းနည်းတော့ ထူးခြားတာပေါ့။ သတိတော့ ထားကြည့်ရမယ်ထင်တယ်’’ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးတစ်ဦးက သုံးသပ်သည်။
‘‘ဘင်္ဂလားဒေ့ရှ်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ MIG-29 တွေပါဝင်ပြီး မြစ်ကြောင်းခံစစ်နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ပါဝင်နေတယ်နော်။ သူတို့ဟာ သူတို့ စစ်ရေးလေ့ကျင့်တာ သက်သက်ပါလို့ ပြောရင်လည်း ရတာပဲ။ ဒါပေမဲ့ အနီးကပ်နိုင်ငံအနေနဲ့ သတိကြီးကြီးထားတာတော့ ကောင်းပါတယ်’’ဟု တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်သူ၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး ဒေါက်တာနေဇင်လတ် ရေးသားသော ‘‘သတိပိုကြီးသင့်လာတဲ့ မြန်မာနိုင်ငံရေး’’ဆောင်းပါးတွင်လည်း ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံနှစ်ခုမှာ မြန်မာနှင့် အိန္ဒိယနိုင်ငံဖြစ်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုသာ နတ်မြစ်က ခြားထားသည်။ ထိုမြစ်ခြားထားသော မြန်မာဘက်အခြမ်းတွင် အစ္စလာမ်ဘာသာဝင်များ အများဆုံးနေထိုင်ကြပြီး ဘာသာရေးအစွန်းရောက်များကို အစိုးရက အဆိုပါဒေသအား ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထည့်သွင်းချင်ကြသည်။
ထိုကဲ့သို့ စစ်ရေးလေ့ကျင့်မှုပြုလုပ်ပြီး မကြာမီ မြန်မာ့တပ်မတော်မှ လက်နက်တပ်ဆင်ထားသော မောင်းသူမဲ့လေယာဉ်တစ်စီး ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ပျံသန်းသည်ကို ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးက စုံစမ်းသိရှိရသည်ဟု စစ်ရေးသတင်းများ ဖော်ပြလေ့ရှိသည့် bdmilitary.com တွင် ရေးသားထားသည်။
ဘင်္ဂလားဒေ့ရှ်တပ်မတော်က ပြုလုပ်သည့် မြစ်ကူးတိုက်ခိုက်ရေးလေ့ကျင့်ခန်းတွင် BTR-80 သံချပ်ကာ လူသယ်ယာဉ်များ၊ MIG-29 တိုက်လေယာဉ်များ၊ MBT-2000 ပင်မတိုက်ပွဲဝင်တင့်များ၊ NORA B-52 ယာဉ်တင် ဟောင်ဝစ်ဇာအမြောက်များ၊ D- 30 ယာဉ်ဆွဲဟောင်ဝစ်ဇာအမြောက်များ၊ အတွဲလိုက်ဒုံးပစ်စနစ်များ၊ MI-17 သယ်ပို့ရဟတ်ယာဉ်များ၊ BELL-206 အပေါ့စားရဟတ်ယာဉ်များ ပါဝင်ခဲ့သည်။
ပထမဦးစွာ မောင်းသူမဲ့လေယာဉ်များဖြင့် တစ်ဖက်ကမ်းရှိ ရန်သူ့ကမ်းခြေနေရာများကို ထောက်လှမ်းခြင်း စတင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် MIG-29 တိုက်လေယာဉ်နှစ်စီးက မြစ်ကြောင်းခံစစ်နေရာများအား ဗုံးကြဲတိုက်ခိုက်ခြင်း၊ လေထီးစစ်သည် ၈၀ က နောက်ပိုင်းနေရာများကို လေထီးဆင်းတိုက်ခိုက်ခြင်း ဟောင်ဝစ်ဇာများ၊ MLRS များဖြင့် ပစ်ခတ်ချေမှုန်းခြင်း၊ အထူးတပ်ဖွဲ့ဝင် ၂၆၅ ဦးမှာ BTR- 80 APC များ  Higgins Boats များ အသုံးပြုပြီး မြစ်ဖြတ်ကူးကာ ကမ်းဦးခြေကုပ်ရယူပြီး Amphibious Assault ပြုလုပ်ခြင်း၊ အင်ဂျင်နီယာတပ်မှ မြစ်ကူးစစ်ဆင်ရေးအတွက် တံတားထိုးခြင်း စသည်များကို အဆင့်ဆင့်လေ့ကျင့်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးအင်တာနက်စာမျက်နှာကို ကိုးကား၍ မြန်မာ့တပ်မတော်(Myanmar Army) ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားသည်။
ထို့နောက် တစ်ဖက်ကမ်းရှိ စစ်ဘေးဒုက္ခသည်များအား ဆေးဝါးကုသစောင့်ရှောက်မှုများ၊ ဗလီများ၊ လူနေအိမ် ပြန်လည်တည်ဆောက်ပေးခြင်း စသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လေ့ကျင့်ခန်းများ လေ့ကျင့်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်စစ်ဘက်မှ ထုတ်ပြန်ခဲ့သည်ဟု မြန်မာတပ်မတော် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
ဘင်္ဂလားဒေ့ရှ်တပ်မတော် ကြည်းတပ်မှ မြစ်ကူးစစ်ဆင်ရေးပုံစံ (Massive Assault River Crossing) လေ့ကျင့်ပြီးနောက် လေတပ်မှ US Airforce နှင့် ပေါင်းပြီး COPE SOUTH 15 လေ့ကျင့်ခြင်းနှင့် ရေတပ်အနေဖြင့် Exercise Sea Thunder 2015 လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ပြီး တစ်နှစ်အတွင်း ကြည်း၊ ရေ၊ လေ လေ့ကျင့်မှုသည် ထူးခြားမှုတစ်ခုဖြစ်နေပြန်သည်။ ထိုအခြေအနေများသည် မြန်မာနိုင်ငံအမျိုးသားလုံခြုံရေးအတွက် သတိထားစရာများဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ချင်း ၁၆၉ မိုင် ထိစပ်လျက်ရှိပြီး နှစ်နိုင်ငံကြား ပြဿနာအချို့ရှိခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။ ရေပိုင်နက်အငြင်းပွားမှု၊ တရားမ၀င် ဖြတ်ကျော်ဝင်ရောက်မှု၊ ဘင်္ဂါလီအရေး၊ နယ်မြေပိုင်နက်၊ မူးယစ်ဆေးဝါးပြဿနာနှင့် RSO လက်နက်ကိုင်တပ်ဖွဲ့နှင့် ပထ၀ီနိုင်ငံရေးကိစ္စတို့ဖြစ်သည်။ သမ္မတဦးသိန်းစိန်အစိုးရ ဦးဆောင်သော အစိုးရအဖွဲ့တက်လာပြီး ရခိုင်ပြည်နယ်ပဋိပက္ခများ ဖြစ်လာပြီးနောက်ပိုင်း နှစ်နိုင်ငံကြားပွတ်တိုက်မှုများ ရှိလာခဲ့သည်။
ထို့ကြောင့်လည်း နှစ်နိုင်ငံစလုံးမှ စစ်အင်အားပြမှုများကို လူသိရှင်ကြားပြင်ဆင်မှုများ ပြုလုပ်လာခဲ့ကြသည်။ တပ်မတော်အစိုးရလက်ထက်တွင် ရေပိုင်နက်အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုများရှိခဲ့ကာ ထိုကိစ္စအား နိုင်ငံတကာခုံရုံးအထိ တက်ရောက်ဖြေရှင်းခဲ့ရသည်။ နိုင်ငံတကာတရားရုံး၏ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံဘက်မှ နယ်မြေအချို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးခဲ့ရသည်။ ထိုအချိန်က မြန်မာ့တပ်မတော်ရေမှာ ဘင်္ဂလားဒေ့ရှ်တပ်မတော်နှင့် မယှဉ်နိုင်သည့်အတွက် နိုင်ငံတကာတရားရုံးသို့ တင်ခဲ့ရခြင်းဖြစ်သည်ဟု လေ့လာသူအချို့က သုံးသပ်ခဲ့သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက်တွင် ရေတပ်အင်အားတိုးချဲ့ခြင်းအား သိသိသာသာပြုလုပ်လာခဲ့သည်။ ဖရီးဂိတ်တိုက်ရေယာဉ်များ တိုးချဲ့လာခြင်းနှင့် နတ်မြစ်တစ်လျှောက် အဆင့်မြင့် ကင်းလှည့်ရေယာဉ်များ အသုံးပြုလာခဲ့သည်။ နှစ်နိုင်ငံနယ်ကြားတွင်လည်း နယ်ခြားစောင့်တပ်ဖွဲ့ (BGF)များ ချထားပြီး အဆင့်မြင့်လက်နက်များ တပ်ဆင်ပေးခဲ့သည်။
ပြီးခဲ့သည့် နှစ်တပ်မတော်နေ့မတိုင်မီ မြန်မာ့တပ်မတော်ရေမှ စစ်ရေးလေ့ကျင့်ခန်းတစ်ခု ပြုလုပ်ခဲ့ပြီး ကျည်ဆန်တစ်လုံးလျှင် ဒေါ်လာတစ်သန်းခန့် တန်ကြေးရှိ ဒုံးကျည်လေးလုံး ပစ်ပြခဲ့သည်။ အဆိုပါဒုံးကျည်မှာ မိုးကုပ်စက်ဝိုင်းအလွန်ကို ပစ်နိုင်သော ပဲ့ထိန်းစနစ်ဒုံးကျည်ဖြစ်သည်။ ထိုကဲ့သို့ပစ်ပြခြင်းမှာ မြန်မာ့တပ်မတော်ရေတွင် အဆင့်မြင့်လက်နက်များ ရှိနေသည်ကို ဘင်္ဂလားဒေ့ရှ်ရေတပ်မတော်သိစေလို၍ ပစ်ပြခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ရေမှ အရာရှိ(ဟောင်း)တစ်ဦးက သုံးသပ်ခဲ့သည်။ ထိုကဲ့သို့ တပ်မတော်ချင်းအင်အားပြမှုများ ပြုလုပ်နေစဉ် နှစ်နိုင်ငံနယ်ကြား၌လည်း ပြဿနာအချို့ရှိခဲ့သည်။
မြန်မာနယ်ခြားစောင့်တပ်မှ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သားတစ်ဦးအား မှားယွင်းပစ်ခတ်မှုနှင့် ပတ်သက်၍ ပြီးခဲ့သည့်နှစ်လယ်ပိုင်းက နှစ်နိုင်ငံတပ်မတော်ကြား တင်းမာမှုအချို့ရှိခဲ့ပြီး အပြန်အလှန် စစ်ရေးပြင်ဆင်မှုများ ရှိခဲ့သည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ဒါကာထရီဗြွန်းသတင်းစာက မတ်လ ၂၉ ရက်တွင် ယူကရိန်းလက်အောက်ရှိ ခရိုင်းမီးယားဒေသကို ဆန္ဒခံယူပွဲပြုလုပ်ပြီး ရုရှားနိုင်ငံအောက်တွင် ပူးပေါင်းလိုက်သကဲ့သို့ စစ်တွေနှင့် မောင်တောမြို့များ၌ ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းသင့်ကြောင်း ဆန္ဒခံယူပွဲပြုလုပ်သင့်သည်ဟု ရေးသားဖော်ပြခဲ့ဖူးသည်။
ထိုဖော်ပြမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရက သတိထောက်လွှာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးထံ ပေးအပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ရှိသော ဒုက္ခသည်များအရေးနှင့် ပတ်သက်၍လည်း မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား သဘောထားကွဲလွဲမှုရှိသည်။ ထိုကိစ္စမှာလည်း အခုချိန်ထိ မဖြေရှင်းနိုင်သေးသော ပြဿနာတစ်ခုဖြစ်သည်။ ကျန်ရှိနေသေးသော ပြဿနာများထဲတွင် ဒုက္ခသည်များအရေးမှာ ပြဿနာတစ်ခုဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးသို့ လာရောက်ခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်များကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရန် သမ္မတဦးသိန်းစိန်ကို တိုက်တွန်းထားပြီး သမ္မတကမူ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နှင့် ညှိနှိုင်းထားသည့်စံနှင့် ကိုက်ညီသူများကိုသာ ပြန်လည်လက်ခံနိုင်မည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားထားသည်။ ထိုကိစ္စမှာလည်း တစ်ချိန်မဟုတ်တစ်ချိန် ပြဿနာတက်လာနိုင်သည့်ကိစ္စ ဖြစ်နေသည်။
ထို့အပြင် မူးယစ်ဆေးဝါးများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၀င်ရောက်နေခြင်းသည် မြန်မာနိုင်ငံအစိုးရက ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက သံသယရှိသည်။ အဆိုပါကိစ္စမှာ တပ်မတော်အစိုးရလက်ထက်က လူဦးရေပေါက်ဖွားမှုထိန်းချုပ်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေသည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်က ထင်မြင်ယူဆသည်။
ထို့အပြင် အင်အားကြီးနှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အမေရိကန်နိုင်ငံတို့ကြား ပင်လယ်ပြင်စိုးမိုးရေး အားပြိုင်မှုကြောင့်လည်း အိန္ဒိယသမုဒ္ဒရာထွက်ပေါက်တွင် မဟာဗျူဟာထွက်ပေါက်ဖြစ်နေသော မြန်မာနိုင်ငံကို နိုင်ငံကြီးနှစ်နိုင်ငံစလုံးက မျက်စိကျနေသည်။ သူတို့မျက်စိကျနေသော နေရာသည် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်ကြား ထိစပ်နေသောနေရာ ရခိုင်ပြည်နယ်ဖြစ်သည်။
တရုတ်နိုင်ငံက လက်ဦးမှုရယူကာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရအနေဖြင့်လည်း ရခိုင်ပြည်နယ်ကို စိတ်ဝင်စားလာခဲ့သည်။ သမ္မတဦးသိန်းစိန် လက်ထက်တွင် အမေရိကန်အပါအ၀င် ဥရောပနိုင်ငံများကြား ပြေလည်လာသည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် သတိကြီးစွာစောင့်ကြည့်နေခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် စစ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် တရုတ်ရေတပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ်ရေတပ်မတော်တို့ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။
‘‘မြန်မာအစိုးရနဲ့ အနောက်အုပ်စုကလည်း ပလဲနံပသင့်နေတာကို တရုတ်ကွန်မြူနစ်ပါတီက မျက်စိစပါးမွေးစူးနေတာရှိတယ်။ တရုတ်နဲ့ အမေရိကန် အားပြိုင်နေတာ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် စီးပွားရေး၊ စစ်ရေးပူးပေါင်းမှုတွေ မြှင့်တင်နေတာ စတဲ့ တရုတ်ရဲ့ဆောင်ရွက်ချက်တွေဟာ မြန်မာပြည်အတွက် လုံခြုံရေးရှုထောင့်ကကြည့်ရင် စိုးရိမ်စရာတွေချည်းပါပဲ’’ဟု မြန်မာတပ်မတော်စစ်မဟာဗျူဟာဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်မှူးကြီးတစ်ဦးကသုံးသပ်သည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံနယ်စပ်ကြား လှုပ်ရှားနေသော ဘာသာရေးအစွန်းရောက် RSO လက်နက်ကိုင်အဖွဲ့နှင့်ပတ်သက်၍လည်း နှစ်နိုင်ငံကြား မဖြေရှင်းနိုင်သေးပေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် RSO လက်နက်ကိုင်အဖွဲ့မရှိဟု ပြောဆိုသော်လည်း မြန်မာနိုင်ငံဘက်မှ မယုံကြည်မှုများရှိနေသည်။ ထို့အပြင် ရခိုင်ပြည်နယ်အတွင်းဖြစ်နေသော လူမျိုးစုနှစ်ခုကြားဖြစ်ပေါ်ခဲ့သော ပြဿနာမှာလည်း ယခုအချိန်ထိ အဖြေရှာမရဘဲ မီးခဲပြာဖုံးသဘောမျိုးဖြစ်နေသည်။ ထိုပြဿနာမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလတွင် ပြန်လည်ဖြစ်ပွားနိုင်သည့် အနေအထားဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောပြဿနာကို ဘာသာရေးပဋိပက္ခအဖြစ် ပုံဖော်နေကြပြီး ဘင်္ဂလားဒေ့ရှ်အပါအ၀င် အစ္စလာမ်ဘာသာဝင်နိုင်ငံများနှင့် မြန်မာနိုင်ငံပြဿနာဖြစ်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟု သုံးသပ်သူများရှိသည်။
 မြစ်ကူးချေမှုန်းရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်စဉ်/ဓာတ်ပုံ - bdnews
သို့သော် လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အနိုင်ရထားသည့် ပါတီမှာ ဘာသာရေးအစွန်းရောက်များကို အားမပေးသောပါတီဖြစ်နေ၍ နှစ်နိုင်ငံကြားဖြစ်ပွားခဲ့သော ပြဿနာအချို့ ဖြေရှင်းနိုင်ခဲ့ကြသည်။
သို့သော် လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်နေသည်။ ဘင်္ဂလားဒေ့ရှ် ဘာသာရေးဝါဒီများ ဦးဆောင်သော အတိုက်အခံပါတီ လက်ရှိအာဏာရပါတီကို ဆန့်ကျင်ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိသည်။ ထိုအခြေအနေမှ ရွေးကောက်ပွဲပြန်လည်ကျင်းပပြီး အတိုက်အခံပါတီ ပြန်လည်ခေါင်းထောင်လာပါက မြန်မာနိုင်ငံနှင့်အချို့သော ပြဿနာများ ပြန်လည်ဖြစ်ပွားလာနိုင်သည်ဟု လေ့လာသူအချို့က သုံးသပ်သည်။
လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေမှာလည်း ရှုပ်ထွေးနေပြီး ပြဿနာများစွာရှိနေသည်။ အထူးသဖြင့် ရွေးကောက်ပွဲမတိုင်မီကာလမှာပင် ရခိုင်ပြည်နယ်အရေးမှာ ပြဿနာပြန်လည်ဖြစ်လာနိုင်သည့် အနေအထားရှိပြီး မြန်မာနိုင်ငံတွင်လည်း ဘာသာရေးအစွန်းရောက်များမှာ ဦးသိန်းစိန်အစိုးရ လက်ထက်၌ အားကောင်းလာခဲ့သည်။ ထို့ကြောင့်လည်း နိုင်ငံကာကွယ်ရေးတာဝန်ယူရသည့် တပ်မတော်များအနေဖြင့် ပြင်ဆင်မှုများ ပြုလုပ်လာကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားလုံခြုံရေးရှုထောင့်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လှုပ်ရှားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့လိုအပ်ကြောင်း စစ်ရေးလေ့လာသူအချို့က ဆိုလေသည်။
(သတင်းအရင်းအမြစ်- 7 Days News)

No comments: