Sunday, May 12, 2013

မောင်တောမြို့မှ ရဲဝန်ထမ်း (၄)ဦး ယာဘားဆေးပြားခြောက်သောင်း စာရင်းဖျောက်မှုနှင့်ရင်ဆိုင်နေရ


ရခိုင်ပြည်နယ် မောင်တောမြို့ ရဲစခန်းမှ ရဲစခန်းမှူး တစ်ဦးနှင့်  ဒုရဲအုပ် တစ်ဦး အပါအ၀င် ရဲဝန်ထမ်း ၄ ဦးကို ယာဘားဆေးပြား ၆၀၀၀၀ စာရင်းဖျောက်မူနှင့် ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။
Maungdaw-gateဖမ်းဆီးခံရသည့် ရဲဝန်ထမ်း ၄ ဦးမှာ စခန်းမှူး ဦးသန်းတင့်၊ ဒုရဲအုပ် ဦးလှခင်၊ ဒုတပ်ကြပ် သန်းထွန်း၊ တပ်သား ထွန်းထွန်းနိုင်တို့ဖြစ်ကြသည်။
သူတို့ ၄ ဦးကို လွန်ခဲ့သည့် ကြာသားပတေးနေ့က ဖမ်းဆီးခဲ့သည်ဟု  အမည်အဖေါ်လိုသူ ရဲအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
“ မောင်တောမှာ မြို့နယ်မှူး ထက်ကြီးတဲ့ အရာရှိ တစ်ယောက် ရောက်နေတယ်။ သူက ထွန်းထွန်းနိုင် ဆိုတဲ့ ရဲသားကို ပထမဆုံး စစ်ဆေးနေတုန်း အိမ်သာတက်ချင်တယ်လို့ ပြောပြီး နောက်ဘက်က ကျော်ပြီး ထွက်ပြေးသွားတယ်။ သူက ၀ိမလရွာက ရိုးရိုးတပ်သားပါ။သူကို ကြာသားပတေး နေ့က ပြန်ဖမ်းမိ ပါတယ်” ဟု  သူက ပြောသည်။
ထွန်းထွန်းနိုင်အား ပြန်လည် ဖမ်းမိပြီး နောက်ပိုင်းတွင် စခန်းမှူး၊ ဒုရဲအုပ်နှင့် ဒုတပ်ကြပ်တို့ သုံးဦးတို့အား ဆက်လက် ဖမ်းဆီးခဲ့သည်ဟု သူက ဆိုသည်။
“ အထက် ညွန်ကြားချက်နဲ့ ချက်ချင်းဘဲ မောင်တော မူးယစ်တပ်ဖွဲ့ကနေ  ရဲစခန်းထဲမှာဘဲ ကြာသပတေးနေ့က ဖမ်းဆီးလိုက်ပါတယ်” ဟု သူက ဆိုသည်။
ရဲဝန်ထမ်း ၄ ဦးကို ယခုကဲ့သို့ ဖမ်းဆီးခြင်းမှာ မေလ ၅ ရက်နေ့က ယာဘား ဆေးပြား တစ်သိန်းနှစ်သောင်း ဖမ်းဆီးခံရမူနှင့် ဆက်စပ်နေကြောင်း သိရသည်။
မေလ ၅ ရက်နေ့က မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတွင် ဘူးသီးတောင် ဒုံးချောင်းမှ လာရောက် တည်းခိုနေထိုင်သူ ဆရာတော် ဦးဥာဏုတ္တရ သက်တော် (၃၉) နှစ်နှင့် တခြား မူဆလင် အမျိုးသား နှစ်ဦးတို့ အပြင်ထွက်သွားစဉ် ကျောင်းထိုင်ဆရာတော်မှ မသင်္ကာ၍ ဦးဥာဏုတ္တရ၏ အခန်းထဲ ၀င်ရောက် ရှာဖွေရာ ယာဘားဆေးပြားများကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
သို့အတွက် ဆရာတော်မှ မောင်တောရဲစခန်းသို့ ဖုံးဖြင့် အကြောင်းကြားရာ မောင်တော ရဲတပ်ဖွဲ့ဝင်များမှ တည်းခိုရာ အခန်းကို ၀င်ရောက် ရှာဖွေပြီး ယာဘာများကို သိမ်းဆည်းကာ  ရဟန်းတော် ဦးဥာဏုတ္တရနှင့် မူဆလင် နှစ်ဦးကို ကျောင်းထဲမှ စောင့်ဆိုင်း ဖမ်းဆီးခဲ့သည်။
၎င်းနောက်ပိုင်းတွင် မောင်တောစခန်းမှူးမှ တရားရုံးတွင် ယာဘားဆေးပြား ၆၀၀၀၀ သာ ဖမ်းဆီးမိခဲ့ကြောင်း တင်ပြသည်ဟု ဆိုသည်။
ဦးဥာဏုတ္တရမှ နောက်တစ်နေ့ ရုံးတင်စဉ် တရားရုံးတွင် သူတို့ယူလာသော ယာဘားဆေးပြားမှာ ၁၂၀၀၀၀ (တစ်သိန်းနှစ်သောင်း) ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။
၎င်းနောက်ပိုင်းတွင်  ရဲဝန်ထမ်း ၄ ဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်။
သူတို့ ၄ ဦးထဲမှ စခန်းမှူးနှင့် ဒုရဲအုပ်တို့အား မောင်တောရဲစခန်းမှ စစ်တွေသို့ မေလ ၉ ရက်နေ့က ယူဆောင်သွားကြောင်း သိရသည်။
ယခု ဖမ်းဆီးမိသော ယာဘားဆေးပြား တန်ဖိုးသည် သိန်းပေါင်း ၃၆၀၀ ထိ တန်ဖိုးရှိသဖြင့် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် အကြီးမားဆုံး ဖမ်းဆီးရရှိမူ ဖြစ်သည်။
ယခု ယာဘားဆေးပြား ခြောက်သောင်း ဖမ်းဆီးရမူကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှလည်း အတည်ပြုထားပြီး ဦးဥာဏုတ္တရ၏ ထွက်ဆိုချက်အတိုင်း အရေအတွက် တစ်သိန်း နှစ်သောင်း ဟုတ်မဟုတ်ကိုမူ တာဝန်ရှိသူများက ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ-မောင်အေး)

No comments: