ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ချလုံ ရပ်ကွက်ရှိ ဘန်ချလုံ ဝပ်ကေတ ဘုန်းကြီးကျောင်း၌ ၄၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့နှင့် ၂၃ နှစ်မြောက်ဆရာကြီး ဦးဦးသာထွန်း ကျဆုံးနေ့ အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကို သြဂုတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်တွေမြို့ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီတွင် 46 နှစ်မြောက် (၁၃)သြော်ဂတ်သတိရအောက်မေ့မှုအခမ်းအနား ကျင်းပပြုလုပ်နေစဉ်။ (ဓါတ်ပုံ - RSV)စစ်တွေမြို့ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီတွင် 46 နှစ်မြောက် (၁၃)သြော်ဂတ်သတိရအောက်မေ့မှုအခမ်းအနား ကျင်းပပြုလုပ်နေစဉ်။ (ဓါတ်ပုံ - RSV)
အဆိုပါ အခမ်းအနားအား ပြုလုပ်ရခြင်းမှာ ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော စစ်တွေဆန်ပြဿနာနေ့နဲ့ ဆရာကြီး ဦးသာထွန်းကျဆုံးနေ့အကြောင်းကို ပြည်ပရောက် ရခိုင်ပြည်သူများ သိရှိလာစေရန်နှင့် ရင်ထဲတွင် မှတ်မှတ်ရရ ဖြစ်နေစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ရခိုင်မျိုးချစ်စိတ် ဖွံ့ဖြိုးမှုပန်းတိုင်အသင်း၏ အကြံပေးဖြစ်သူ ကိုအချိုင်က ပြောသည်။
အခမ်းအနားကို နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ကျင်းပခဲ့ကာ ပရိတ်သတ်ပေါင်း ၇၀၀ နီးပါးခန့် တက်ရောက်ခဲ့ပြီး ရက္ခိုင့်တပ်မတော်၊ ရခိုင့်မျိုးချစ်စိတ် ဖွံ့ဖြိုးမှုပန်းတိုင်အသင်းနှင့် အမျိုးသားရန်ပုံငွေ တည်ဆောက်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။
" အခမ်းအနားကို အဆိုတော် ကိုခိုင်ဇော် ဆိုထားတဲ့ သီချင်းနဲ့ စဖွင့်ပြီးတော့ ဆရာတော် ဦးသုစိတ္တမှ အဖွင့်အမှာစကား ပြောကြားပါတယ်။ ပြီးတော့ ရက္ခိုင့်တပ်မတော် (Arakan Army)က ကိုမိုးကျော်ဟန်က မိန့်ခွန်းပြောပြီးတော့ ကျွန်တော်က ဆရာကြီး ဦးဦးသာထွန်းရဲ့ အတ္ထုပ္ပတ္တိကို အကြောင်းကို အကျဉ်းချုပ် ပြောပြပါတယ်။ " ဟု အချိုင်က ဆိုသည်။
ယခုပြုလုပ်သော အခမ်းအနားမှာ ၆ ကြိမ်မြောက် အခမ်းအနားဖြစ်ပြီး ဘန်ချလုံတွင် ပြုလုပ်ခြင်းမှာ ပထမအကြိမ် ဖြစ်ကြောင်း၊ ယခင်နှစ်များကထက် ယခုနှစ်တွင် တက်ရောက်သူဦးရေမှာ ပိုမိုများပြားကြောင်း သူကပြောသည်။
" အရင်နှစ်တွေကတော့ ၂၀၀ နီးပါးလောက်ပဲ ရောက်ကြတယ်။ ဒီနှစ်မှာတော့ ရခိုင်အမျိုးသား ရန်ပုံငွေတည်ဆောက်ရေးအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေရယ်၊ ဒီမှာရှိကြတဲ့ ရခိုင်လူငယ်တွေရဲ့ ကြိုးပမ်းမှုတွေကြောင့် အခုလို တက်ရောက်လာကြတာဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ကတော့ အများကြီး ဝမ်းသာမိပါတယ်။ နောက်ပြီးတော့ ဒီအခမ်းအနားပွဲမှာ လူတွေအများကြီးနဲ့ တွေ့ဆုံပြီးတော့ စကားပြောရတာကို အများကြီး အားရဝမ်းသာ ဖြစ်မိပါတယ်။ ပရိတ်သတ်တွေအနေနဲ့လည်း သဘာပတိပြောတဲ့ အကြောင်းအရာတွေရယ်၊ ကိုမိုးကျော်ဟန်ပြောတဲ့ အကြောင်းအရာ တွေ၊ ဆရာကြီး ဦးသာထွန်း အကြောင်းတွေကို နားထောင်ပြီးတော့ အိမ်ပြန်လက်ဆောင်အဖြစ် ပါသွားမယ်လို့ မျှော်လင့်ပါတယ်။ ဘန်ကောက်မြို့ ဘန်ချလုံမှာ ကျင်းပသလိုမျိုး ကိုယ့်ရခိုင်ပြည်နယ်မှာလည်း ကျင်းပချင်ပါတယ်။ အခြေအနေ တစ်ခုကြောင့် ဒီမှာကျင်းပရတဲ့အတွက် စိတ်မကောင်းတော့ ဖြစ်မိပါတယ်။ " ဟုပြောသည်။
ပြည်ပတွင် ရောက်ရှိနေကြသော ရခိုင်ပြည်သူများအနေဖြင့် တစ်မျိုးသားလုံး ညီညွတ်ကြရန်နှင့် ပူးပေါင်းပါဝင်ပြီး မိမိတို့၏ ရပိုင်ခွင့်များနှင့် ဆုံးရှုံးသွားသော အခွင့်အရေးများအတွက် ဆက်လက်ပြီး ပူးပေါင်းတောင်းဆိုကြရန်အတွက် သူက တိုက်တွန်း ပြောကြားခဲ့သည်။
" ကျွန်တော့် အနေနဲ့ကတော့ ပြည်ပမှာရောက်နေကြတဲ့ ရခိုင်ပြည်သူတွေကို ပြောချင်တာကတော့ တစ်မျိုးသားလုံး ညီညွတ်ကြဖို့နဲ့ ပူးပေါင်းပါဝင်ပြီးတော့ မိမိတို့ရဲ့ ရပိုင်ခွင့်တွေ၊ ဆုံးရှုံးသွားတဲ့ အခွင့်အရေးတွေကို ဆက်လက်ပြီးတော့ ပူးပေါင်းတောင်းဆိုကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒီအခမ်းအနားကို တက်ရောက်လာကြတဲ့သူတွေမှာ အသစ်တွေကများသလို သူတို့ဟာ အမျိုးသားရေးအတွက် တစ်ထောင့် တစ်နေရာက ပါဝင်ချင်တဲ့သူတွေအဖြစ်လည်း ကျွန်တော်တို့က အသိအမှတ်ပြုပါတယ်။ " ဟု ပြောသည်။
လွန်ခဲ့သော ၁၉၆၇ ခုနှစ်၊ သြဂုတ် ၁၃ ရက်နေ့၊ ရခိုင်ပြည်၊ စစ်တွေမြို့တွင် ရာဇဝင်ရိုင်းလောက်အောင် ရက်စက်ကြမ်းကြုတ်လှသော အစုလိုက်အပြုံလိုက် လူသတ်မှုကြီးသည် ဗမာပြည် လွတ်လပ်ရေးရပြီး ၁၉ နှစ်အကြာ၊ ဗိုလ်နေဝင်းလက်ထက်တွင် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၃၀၀ ခန့် အသတ်ခံရခဲ့ကာ ယခုနှစ်ဆိုလျှင် ၄၆ နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
၁၇၈၄ ခုနှစ်တွင် ရခိုင်အမျိုးသားများ စည်းလုံးညီညွတ်မှု ပြိုကွဲနေချိန်တွင် ဗမာဘုရင် ဘိုးတော်မောင်ဝိုင်း၏ ကြားဝင်ဖျန်ဖြေ ပေးမယောင်နှင့် သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။ ထိုသို့ သိမ်းပိုက်ခံရပြီးနောက် ဆရာကြီး ဦးဦးသာထွန်းသည် အင်္ဂလိပ်နယ်ချဲ့၊ ဖက်ဆစ်ဂျပန်နယ်ချဲ့၊ ဗမာလူမျိုးကြီးနယ်ချဲ့ လက်အောက်တွင် ကျွန်ဘဝဖြင့် နေထိုင်ရင်း၊ နယ်ချဲ့များအား ခုံခံတွန်းလှန်ခဲ့သည်။ ထိုသို့ တွန်းလှန်ယင်း ဆရာကြီး ဦးဦးသာထွန်းသည် ၁၉၉၀ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် ထိုသူတို့၏ လက်ချက်ဖြင့်လုပ်ကြံခံခဲ့ရပြီး ယခုနှစ်ဆိုလျှင် ၂၃ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
(သတင်းအရင်းအမြစ်-  Arakantimes၊ ရေးသားသူ- မြတ်နိုးခင်)