Tuesday, September 10, 2013

၇၄ နှစ်မြောက် ဦးဥတ္တမနေ့ အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာများ

သ၀ဏ်လွှာပေးပို့ထားသော အဖွဲ့အစည်း၏ လိုဂိုများ။
သ၀ဏ်လွှာပေးပို့ထားသော အဖွဲ့အစည်းများ၏ လိုဂိုများ
(၇၄)နှစ်မြောက် ဆရာတော် အရှင်ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အထိမ်းအမှတ် အခမ်းအနားသို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)မှ ပေးပို့သည့်သဝဏ်လွှာ

နေ့စွဲ - ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်။
စာအမှတ် - ရလဖတဖ/ဗဟို/သဝဏ်/ဝ၄/၁၃။
ကျေးဇူးတော်အရှင် ဆရာတော် ဦးဥတ္တမသည် အဖိနှိပ်ခံ တိုင်းရင်းသား ပြည်သူတို့ဘက်မှ ရပ်တည်၍ တစ်ပါးကျွန်ဘဝ လက်အောက်မှ လွတ်မြောက်ရေးအတွက် မတရားမှုဟူသမျှကို အကြမ်းမဖက်အနုနည်းဖြင့် ရဲရဲတောက်ဆန့်ကျင် တော်လှန်ရန် အာရှတလွှား ကူးသန်းသွားလာကာ မကြောက်တရားများ ဟောကြားခဲ့ပေသည်။ ဆရာတော်၏ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှုနှင့် ပြောင်မြောက်သော စွမ်းရည်သတ္တိတို့ကြောင့် "အာရှနေဝန်း" ဟုပင် တင်စားခံခဲ့ရသည်။ ထိုကဲ့သို့သော အာဇာနည်အမျိုးသားကောင်းအတွက် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီးများက ဂုဏ်ပြု မှတ်တမ်းတင် ထားခဲ့ကြသော်လည်း "မဆလ၊ နဝတ၊ နအဖနှင့် လက်ရှိ ဦးသိန်းစိန်အစိုးရ" တိုင်အောင် ဆရာတော်၏ သမိုင်းပုံရိပ်မှန်တို့မှာ ပျောက်ကွယ်နေဆဲ ဖြစ်ပါသည်။
မြန်မာစစ်အစိုးရ အဆက်ဆက်သည် ဆရာတော်ဦးဥတ္တမနှင့်ပတ်သက်၍ လှုပ်ရှားမှုဟူမျှ တားဆီးပိတ်ပင်ကာ မြန်မာ့ သမိုင်းစာမျက်နှာမှ မှေးမှိန်ပျောက်ကွယ်သွားအောင် စနစ်တကျ လုပ်ဆောင်လာခဲ့ပြီး၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ ဒီမိုကရေစီရရှိရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် တောင်းဆို တိုက်ပွဲဝင်မှုများကိုလည်း ပြင်းပြင်းထန်ထန် ဖိနှိပ်အုပ်ချုပ်၍ မိမိတို့အာဏာ တည်မြဲရေးအတွက် ရဟန်းသံဃာများပါ မကျန် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့ပေသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးသည် နိုင်ငံအချုပ်အခြာအတွက် အသက်ပင်ဖြစ်ပေသည်။ ယခု ဦးသိန်းစိန်အစိုးရလက်ထက်တွင် တိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှုများကို ဖော်ထုတ်ခြင်းအားဖြင့် တိုင်းရင်းသား တန်းတူညီမျှရေးကို စတင်လုပ်ဆောင်နိုင်မည့် နိုင်ငံရေးအခင်းအကျင်းသစ်သို့ ရောက်ရှိနေပြီဖြစ်သည်။ မိမိတို့ ရခိုင်အလူ့အခွင့်အရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (AHRDO)က ယုံကြည်သည်မှာ မှေးမှိန်သွားသော အရှင် ဦးဥတ္တမသမိုင်းနှင့် စက်တင်ဘာလ(၉)ရက်နေ့တွင် ကျရောက်မည့် အရှင်ဦးတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားများကို ပြန်လည်ဖော်ထုတ် ကျင်းပပြုလုပ်ရန်နှင့် ဆရာတော်၏ လှုပ်ရှားမှုများနှင့် သမိုင်းကို ပြန်လည်ဖော်ထုတ်ရမည်မှာ လက်ရှိနိုင်ငံရေးပါတီများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ သမိုင်းပေးတာဝန် တစ်ခုပင်ဖြစ်သည်။
ထို့ကြောင့် မြန်မာပြည်သူ တစ်ရပ်လုံး သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် အပင်ပန်းအဆင်းရဲခံလျှက် မတရားမှုဟူသမျှကို ရဲရဲဝံ့ဝံ့ဆန့်ကျင် တိုက်ပွဲဝင်ခဲ့သော ကျေးဇူးတော် အရှင် ဆရာတော် ဦးဥတ္တမ၏ တိုက်ပွဲဝင်စိတ်ဓါတ်နှင့် ကျင့်ကြံမှုတို့ကို အတုယူလျှက် ရခိုင်ပြည်သူများအပါအဝင် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး မိမိတို့ရသင့်ရထိုက် သည့် သယံဇာတ အကျိုးခံစားခွင့်ရရှိရေး၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးမှသည် စစ်မှန်ပြီး ဒီမိုကရေစီပြည့်ဝသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် တရားဥပဒေဘောင်အတွင်းမှ တောင်းဆိုတိုက်ပွဲ ဝင်သွားကြရန်အတွက် မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)မှ ဤသဝဏ်လွှာနှင့်အတူ တိုက်တွန်းနိုးဆော် လိုက်ရပါသည်။

ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)
ဗဟိုရုံး၊ ရန်ကုန်တိုင်းဒေသကြီး။
ဆက်သွယ်ရန်-
တိုက်အမှတ် (၃)၊ (၄)လွှာ၊ သရက်တောလမ်း၊ လင်းလွန်းမြောက်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
(ဂွဈေး/ ရှမ်းလမ်းဈေးအနီး)။
ဖုန်း- + ၀၁ ၅၃၆၂၄၈၊ ၀၉၃ ၆၁၅၅ ၄၃၄။
Email: info@arakanhrdo.org, Website:www.arakanhrdo.org

Arakan National Network (ရခိုင်အမျိုးသား ကွန်ရက်)
(၇၄) ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့သို့ ပေးပို့သော သ၀ဏ်လွှာ

ရက်စွဲ။ ။ ၂၀၁၃ ခုနှစ်၊ စက်တင်လာလ(၉) ရက်။
စာအမှတ်။ ၂/၂၀၁၃
(၉-၉-၂၀၁၃) ရက် (တနင်္လာ) နေ့တွင်ကျရောက်သော (၇၄) ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို့ ကျွန်ုပ်တို့ ရခိုင်အမျိုးသားကွန်ရက်(ANN) မှ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့်အတူ အထူးဂုဏ်ယူဝမ်းမြောက် ကြိုဆိုပါသည်။
အာရှနေ၀န်းဆရာတော် အသျှင်ဦးဥတ္တမ၏ နင်းခြေလွှင့်ပစ်ခံခဲ့ရတဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဖော်ထုတ်ခြင်းသည် ဆရာတော်၏ ကျေးဇူးတရားကို ပြန်လည်သတိရအောက်မေ့ပြီး ကမ္ဘာနိုင်ငံများ အလယ်၌ ပျောက်ဆုံးနေခဲ့တာကြာပြီဖြစ်သော ယုံကြည်မှု၊ ဂုဏ်သိက္ခာနဲ့ အပြည်ပြည်ဆိုင်ရာ စံတန်းဖိုးများကို ပြန်လည်ရယူခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့အနေဖြင့် ယုံကြည်ပါသည်။
သို့ဖြစ်ပါ၍ (၇၄) ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့မှသည် ကျွန်ုအနေဖြင့် တိုင်းပြည်၏ အဓိကလိုအပ်ချက်ဖြေစ်သော အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက် သွားကြပါစို့ဟု တိုက်းတွန်း နိုးဆော်ယင်း သ၀ဏ်လွှာပေးပို့လိုက်ပါသည်။
ရခိုင်အမျိုးသားကွန်ရက်(ANN)
ဆက်သွယ်ရန် -  အမှတ် (၈၆)၊ အခန်း(အေ) ၄ လွှာ၊ မင်းလမ်း၊ စစ်ချောင်းမြို့နယ်၊ ရန်ကုန်မြို့၊ ရုံးဖုန်း - ၀၉၄၅၀၀၅၀၂၂၀


ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
ဗဟိုဌာနချုပ်
စစ်တွေမြို့၊ ရခိုင်ပြည်နယ်
၇၄ နှစ်မြောက်၊ အသျှင်ဦးဥတ္တမနေ့ သဝဏ်လွှာပေးပို့ခြင်း
ရက်စွဲ၊ ၂၀၁၃- ခုနှစ်၊ စက်တင်ဘာလ (၉)ရက်
၉-၉-၂၀၁၃ နေ့တွင် ကျရောက်သည့် ၇၄ နှစ်မြောက် ကျေးဇူးရှင် ဆရာတော် ဦးဥတ္တမနေ့အခန်းနားတွင် အသျှင် ဦးဥတ္တမအား အောက်မေ့ သတိရ၍ ဂါရဝပြူကြသည်။ မြို့နယ်အသီးသီးနှင့် ရန်ကုန်မြို့ရှိ ရဟန်းရှင်လူ ရခိုင်ပြည်သူများ အားလုံး မင်္ဂလာကြက်သရေ အဖြာဖြာနှင့် ပြည့်စုံနိုင်ကြပါ စေကြောင်း ဆုမွန်ကောင်း ပိုသအပ်ပါသည်။
အသျှင်ဦးဥတ္တမသည် မီမီအသက်ကိုပဒါန မထားဘဲ ရခိုင်ပြည်သူများ အတွက်သာမက မြန်မာနိုင်ငံအပါဝင်း အာရှတိုက်တစ်ခွင်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ စွန်လွတ်ခဲသည့် ရခိုင်အာဇာနည် ပုဂ္ဂိုပ်ထူးပုဂ္ဂိုပ်မြတ်ကို ဂါရဝပြုခြင်းသည် အနာဂါတ်ရခိုင်အာဇာနည် သူရဲကောင်းများ မွေးထုတ်ပေးရာ ရောက်သည့်အတွက် ဤကဲ့သို့ အခန်းနား ဖြစ်မြောက်အောင် ဆောင်ရွက်ပေးကြသည့် မျိုးချစ်ပုဂ္ဂိုလ်များကိုလည်း အထူးကျေးဇူတင်ပါကြောင်း ပြောကြား လိုပါသည်။
အကျပ်အတည်း အခက်ခဲများစွာကြားမှ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ သမိုင်းပေးတာဝန် တစ်ရပ်အနေဖြင့်ခံယူကာ အသျှင် ဦးဥတ္တမနေ့ အခမ်းနာပွဲကို စဉ်ဆက်မပြတ် လက်ဆင့်ကမ်း သယ်ယူလာခြင်းသည်လည်း မိမိတို့လူမျိုး၏ ဇာတိသွေး၊ ဇာတိမာန်ကို ထုတ်ဖော်ပြသနိုင်ခြင်း မျိုးဆက်သစ်လူငယ် များအား သမိုင်းအသိ၊ နိုင်ငံရေးအသိ၊ တိုင်းပြည်ချစ်စိတ်ဓာတ်ကို ပြုစုပြိုးထောင်ရာလည်း ဖြစ်ပေသည်။
ရခိုင်လူမျိုးထဲမှ ပေါ်ထွန်းခဲ့သည် ဆရာတော် အရှင် ဦးဥတ္တမကဲ့သို့ ရခိုင်လူအဖွဲစည်း တည်တံ့နေသမျှကာလပတ်လုံး ဆက်လက်ရှင်သန်နိုင်ရန် ဤအခန်းနားမှ လက်ဆင့်ကမ်းပေးမည်ဟု လေးနက်ယုံကြည်ပါသည်။
သမိုင်းသည် ကြီးမြတ်သူတို့ကို ချန်ထားလေ့မရှိ စွန်လွတ်သူတို့ကို မေ့ပျောက်နိုင်ခြင်းမရှိ၊ အများတွက် စတေးခံရသူကိုလည်း မျက်နှာမလိမ်တတ်၊ ရက်စက်ယုတ်မာ မသမာသောနည်းဖြင့် အမှန်တရားကို ဖုံးကွယ်ထားခြင်းကိုလည်း ဖော်ထုတ်တတ်၏။ တစ်ခုသော ကာလက အသျှင်ဦးဥတ္တမသည် နှစ်ပရိစ္ဆောများစွာ ပစ်ပယ်ထားခြင်းခံရသည်။ နေရာမှ ဖယ်ရှားခံခဲ့ရသည်။ စကားချေတစ်လုံးအဖြစ် အသုံးနှုန်းမခံခဲ့ရ၊ ယခုကျင်းပသည့် အခန်းနားတွင် အသျှင်ဦးဥတ္တမနှင့် ပတ်သတ်သည့် ရာပေါင်းများစွာ ထောင်ပေါင်းများစွာသော စကားလုံးများကို အားပါးတရ သုံးနှုန်းဖော်ထုတ်တင်ပြ ကြမည်ဖြစ်သည့် အတွက် အထူးပင်ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။
အသျှင် ဦးဥတ္တမ၏ လွတ်လတ်ရေး ကြိုးပမ်းမူများသည် အုပ်တစ်ချပ်၊ သဲတစ်ပွင့်မဟုတ်၊ ဧရာမ အဆောက်အဦးကြီး တစ်ခုပင်ဖြစ်သည်။ ဧရာမ ကျောက်တောင်ကြီး တစ်တောင်၊ ဧရာမသမုဒ္ဒရာကြီး တစ်စင်းလည်း ဖြစ်ပါသည်။ အသျှင် ဦးဥတ္တမ၏ ဝံသာနုရက္ခိတ စိတ်ဓါတ်တရားသည် အိပ်ပျော်နေတဲ့ မြန်မာပြည်သူများကို နိုးထစေခဲ့သည်။ အသျှင်အိပ်ပျော်တဲ့အချိန်မှာ အသျှင့်ကို နိုးထစေမယ့်သူမရှိ၊ အသျှင်ကို သမိုင်းက နိုးထစေခဲ့ပြီး သမိုင်းက မှတ်တမ်းတင်ခဲ့ပြီး ပြည်သူက အသျှင်ကိုမသိရင်လေ့ အသျှင်က ပြည်သူအားလုံးကို သိပါတယ်။
ဒီနေ့ကျရောက်သည့် (၇၄) နှစ်မြောက် အသျှင်ကို ဂါရဝပြု အခမ်းနားပွဲသည် သမိုင်းကသိကြောင်းကို ဖော်ပြခြင်းဖြစ်ပါသည်။ အခန်ားနားပွဲကို ကျင်းပပြုလုပ်သူ များသည်လည်း သမိုင်းကိုပြုလုပ်ခြင်း ဖြစ်သည်အတွက် နောက်အနာဂါတ်တွင် အသျှင် ဦးဥတ္တမနေ့ရောက်တိုင်း ဤကဲ့သို့ ၉-၉-၂၀၁၃ နေ့တွင် ကျင်းပပြုလုပ်သည်။ အခမ်းနားပွဲထက် ပိုမိုကြီးကျယ်ခန့်နားအောင် ဆောင်ရွက်နိုင်စေကြောင်း ဆုသဝဏ်လွှာ ပို့သအပ်ပါသည်။
ဗဟိုအလုပ်မှုဆောင် ကော်မတီ
ဦးမြင့်နိုင်(နသ/၀၁၃)ဖြင်ဖြန့်ဝေသည်

(၇၄) နှစ်ပြည့် ဆရာတော် အသျှင်ဦးဥတ္တမနေ့ အထိမ်းအမှတ် သဘောထား ထုတ်ပြန်ကြေငြာချက်
ထုတ်ပြန်-၃/ ၂၀၁၃
နေ့စွဲ-၂၀၁၃ ခုနှစ်၊ စက်တဘာင်္လ (၉) ရက်။
မြန်မာနိုင်ငံ လွတ်လပ်ရေးဗိမာန်ကြီးကို အစဦးစွာပန္နက်ချခဲ့သော ပြည်သူ့ဦးသျှောင် နံပါတ်တစ်နိုင်ငံရေး ခေါင်းဆောင် ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူခဲ့သည်မှာ ယနေ့ဆိုလျှင် (၇၄) နှစ်မြောက်နေ့ဖြစ်သည်။ ဆရာတော်သည် ကျယ်ပြန့်သောအတွေး၊ ထွန်းပြောင်ရွှန်းလက်သည့် အမြင်၊ စေ့စေ့ငုငုလေ့လာ မှတ်သားတတ်သည့် ဗဟုသုတ၊ ရဲရဲကောက်သတ္တိတို့ဖြင့် မြန်မာတစ်မျိုးသားလုံးအတွက် သူ့ဘ၀ကိုပေးဆပ်ခဲ့သည်။
ဆရာတော်သည် မြန်မာနိုင်ငံ၌သာမက ကိုလိုနီဘ၀သို့ ကျရောက်နေကြသော နိုင်ငံများနှင့် လက်တွဲ၍ အဖိနှိပ်ခံနိုင်ငံတကာ လူငယ်များအား စည်းလုံးလျှက် ကျွန်ဘ၀မှ လွတ်မြောက်ရန် ဆောင်ရွက်ခဲ့ပေသည်။ ၎င်းအပြင် အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံတို့တွင် တက္ကသိုလ်ပါမောက္ခဖြစ်ခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံတို့ သဗ္ဗအသင်းကြီး၌ လည်းဥက္ကဌဖြစ်ခဲ့သည်။
ဆရာတော်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးလုပ်ရှားမူကို (၁၉၁၁) ခုနှစ်အစပြုခဲ့ပြီး ကလောင်ကိုင်လျှက် တရားဟော စင်မြင့်ပေါ်တက်၍ မြို့ပြမှသည် ကျေးစွန်ရွာဖျားအထိ မြန်မာ့လွတ်လပ်ရေး၊ ကိုလိုနီ ဆန့်ကျင့်ရေးအတွက် စည်းရုံးလူံ့ဆော်ခဲ့သည်။ ဆရာတော်၏ ထူချွန်ထက်မြက်သော စွမ်းဆောင်ချက်သည် မြန်မာပြည်သူတစ်ရပ်လုံး၏ နိုင်ငံရေးအသိစိတ်ဓာတ်ကို တိုက်ရည်ခိုက်ရည်သွင်းပေးလိုက်သောနိုင်ငံရေး လူပ်ရှားမူများဖြစ်သော (၁၉၂၀)ခုနှစ် ကျောင်းသားသပိတ်၊ (၁၉၃၆) ခုနှစ် အထွေထွေကျောင်းသားသပိတ်၊ ဆရာစံတောင်သူ လယ်သမားအရေး တော်ပုံကြီးနှင့် ရေနံမြေသပိတ်အရေး တော်ပုံတို့သည် ဆရာတော်၏ ရဲရဲတောက်နိုင်ငံရေးတရားမှ ဖူးပွင့်လာသောအသီးအပွင့်များပင်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံတနံတလျှား၌ သံယာ့သမဂ္ဂအဖွဲ့အစည်း မြောက်မြားစွာပေါ်ထွက်လာခဲ့ပြီး မြန်မာနိုင်ငံ၏ သံယာ့လူပ်ရှားမူအခန်းကဏ္ဍသည်လည်း အရှိန်အဟုတ်ပြင်းထန်လာခဲ့သည်။ ဆရာတော်အစပျိုးခဲ့သော နိုင်ငံခြားပညာတော်သင်းနှင့် သံယာ့သမဂ္ဂစိတ်ဓာတ်ဝိဥာဏ်သည် နှစ်ပေါင်း (၉၀) ကျော်ပြီဖြစ်သော်လည်း ယခုခေတ်သံယာတော်များထံသို့ ကူလူးထွန်းလင်းလျှက် ရှိနေပေသည်။
ဆရာတော်ဦးဥတ္တမ လက်ဆင့်ကမ်းပေးလိုက်သော လွတ်လပ်ရေးမီးရုးတိုင်ကြီးကို ဗိုလ်ချုပ်အောင်ဆန်းမှ လှမ်းကိုင်၍ ကိုလိုနီဗိမာန်ကြီးကို ပြာကျသွားအောင် မီးရုးပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးကို အရယူခဲ့ခြင်းပင်ဖြစ်သည်။ ကျွန်တခေတ်က မြန်မာတစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးအတွက် ရဲရင့်စွာလုပ်ကိုင် ဆောင်ရွက်ခဲ့သော ဆရာတော်၏ ဂုဏ်ကျေးဇူးတို့ကို ယနေ့မြန်မာပြည်သူများအနေဖြင့် မသိခြင်း၊ နှလုံးမသွင်းခြင်း၊ မေံပျောက်ခြင်းတို့သည် " ကတေညုက ကတေဝေဒီ " မင်္ဂလာကို ဥပေက္ခာပြုရာရောက်သည်။
တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး မလိုလားသော (၂၀၀၈) ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဆုပ်ကိုင်လျှက် ဦးသိန်းစိန်အစိုးရ၏ပြုပြင် ပြောင်းလဲရေးသည် မြန်မာနိုင်င့၌ အစိုးရအဆက်ဆက် တင်းကျပ်စွာအုပ်ချုပ်ခြင်းမှ ဖြေလျော့ပေးထားသည့် အဆင့်သာရှိသည် ထို့ကြောင့် ကျွန်နုပ်တို့သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသာယာသော ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်ရန် ဆက်လက်ကြိုးစားရဦးမည်ဖြစ်သည်။
စည်းရုံးရေးနှင့် ပြန်ကြားရေးကော်မတီ
ရခိုင်သံယာ့သမဂ္ဂ (RSU)
ထိုင်းမြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ။
Mobile (+၆၆) ၀၈၇၅၅၇၇၀၆၉/ ၀၈၃၆၅၇၃၀၄, Email; rsu.union219@gmail.com


WORLD ARAKANESE ORGANIZATION (USA)
နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း (အမေရိကန်ပြည်ထောင်စု)
နေစွဲ့၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလ(၉)ရက် စာအမှတ်။ ။၁/၂၀၁၃
(၇၄)ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားသို့ နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း
(အမေရိကန်ပြည်ထောင်စု)မှ ပေးပိုသော သဝဏ်လွှာ
ရခိုင်ပြည်နယ် စစ်တွေမြို့ ရူပရွာတွင် ရခိုင်မိဘများမှ မွေးဖွားခဲ့သည့် ဆရာတော် ဦးဥတ္တမအား ရိုသေလေးစားစွာဖြင့် ရှိခိုးကန်တော့ လိုက်ပါသည်။ သက္ကရာဇ် ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့သည် (၇၄)နှစ်မြောက် ဆရာတော် အသျှင်ဦးဥတ္တမနေ့ ဖြစ်ပါသည်။
ဆရာတော်သည် မြန်မာပြည်တွင် အကြမ်းမဖက်သော နည်းလမ်းများဖြင့် အင်္ဂလိပ်နယ်ချဲ့အစိုးရကို တော်လှန်ရန် စတင်လမ်းပြ ဦးဆောင်ပေးခဲ့သူ ဖြစ်သည်။ ဆရာတော်သည် လောကီလောကုတ္တရာ ပညာရပ်များကို ထူးချွန်ခဲ့သည်။ ပါဠိ၊ သက္ကတ၊ ဟိန္ဒူ၊ အင်္ဂလိပ်၊ ဂျပန်စသော နိုင်ငံတကာ ဘာသာရပ်များကို တတ်ကျွန်းခဲ့သည်။ ဆရာတော်သည် နိုင်ငံများစွာကို လှည့်လည်ပြီး အိန္ဒိယနှင့်ဂျပန်တို့တွင် ပါမောက္ခ အဖြစ်ဆောင်ရွက်ခဲ့သည်။ အိန္ဒိယပြည် ကွန်ဂရက်ပါတီ၌ ဥက္ကဌဖြစ်ခဲ့သည်။ ၁၉၁၀ တွင် တရုတ်နိုင်ငံသို့သွား၍ ဒေါက်တာ ဆွန်ယက်ဆင်နှင့် တွေ့ဆုံခဲ့သည်။
ရှတိုက်တစ်ခုလုံး လွတ်မြောက်ရေးအတွက် တော်လှန်ရေး ခေါင်းဆောင်များနှင့်အတူ အခြေနေများကို ဆွေးနွေးခဲ့သည်။ ထိုကြောင့်ဆရာတော်အား (အာရှနေဝန်း) ဟုခေါ်ခဲ့ကြသည်။ ဆရာတော်သည် မြန်မာပြည်နှင့် အာရှတိုက်တစ်ခုလုံးအား လွတ်လတ်ရေး အလင်းရောင်ပေးခဲ့သူ ကြီးမြတ်သည့် ပုဂ္ဂိုလ်ဖြစ်သည်။
ဆရာတော်သည် မြန်မာတစ်နိုင်ငံလုံး လွတ်မြောက်ရန်အတွက်သူ ဘဝတစ်လျှောက်လုံးကို လူထုအတွက် အနစ်နာခံခဲ့သည်။ ပထမဆုံး ဗြိတိသျှ ကိုလိုနီစနစ်ကို ရူတ်ချခဲ့သည်။ မြန်မာပြည်ရှိ တိုင်းရင်းသားများအားလုံး လွတ်မြောက်ရန်အတွက် ဆရာတော်သည် နိုင်ငံအဝမ်း လှည့်လည်၍ အင်္ဂလိပ်ကိုလိုနီများကို ဆန့်ကျင်ရန် မကြောက်တရားဟောခဲ့သည်။ ကိုလိနီ၏ အတွင်းရေးရာ မှုဝါဒများကို မြန်မာပြည်သူ လူထုအား အသိပေးဟောခဲ့သည်။ ထိုကြောင့် ဆရာတော်အား ဗြိတိသျှကိုလိနီမှ ဖမ်းစီးပြီး အမျိုးမျိုးနှိပ်စက်၍ ထောင်(၄)ကြိမ်ကျခဲ့သည် မည်သို့ပင်ဖြစ်စေ ထောင်ပေါက်ဝမှ ထွက်သည်နှင့် တစ်ပြိုင်နက်တည်း နိုင်ငံရေး တရားလှည့်လည် ဟောပြောကြားခဲ့သည်။
တိုင်းရင်းသားများ လူမျိုးများအားလုံးကို နိုင်ငံရေးနိုကြားစိတ်၊ လူမျိုးချစ်စိတ် တိုင်းပြည်ချစ်စိတ်များကို ပျိုထောင်ပေးခဲ့သည်။ နယ်ချဲ့ ဘုရင်ခံချုပ် ဂရက်ဒေါက်ကို မြန်မာပြည်မှ ချက်ချင်းထွက်သွားရန် မကြောက်မရွံ့ စိန်ခေါ်ခဲ့သူဖြစ်သည်။ လူအခွင်းရေးနှင့် လွတ်လတ်ရေးအတွက် လူထူမှ ယုံကြည်လေးစားခံရသည့် ဆရာတော်တစ်ပါးအဖြစ် မြန်မာနိုင်ငံသမိုင်း၌ ငြမ်းပယ်၍မရနိုင်အောင် လွတ်လတ်ရေး ခေါင်းတောင်တစ်ဦးဖြစ်သည်။


All American Arakan Society (အမေရီကန်နိုင်ငံလုံးဆိုင်ရာရက္ခိုင်လူမှု့အဖွဲ့အစည်း)
၇၄ကြိမ်မြောက် ဦးဥတ္တမနေ(စင်္ကာပူ)အခမ်းနားသို့ပေးပို့သော သဝဏ်လွှာ
1107 South Washington St. Wheaton, IL 60189 U.S.A, aaas2556@gmail.com

ရက်စွဲ့။ စက်တင်ဘာလ ၈ ရက်နေ့၊ ၂၀၁၃ ခုနှစ်
ဒီနေကျင်းပသည့် (၇၄) ကြိမ်မြောက် ဦးဥတ္တမနေ့ အခမ်းနားသို့ တက်ရောက်လာကြသော ဂုဏ်သရေရှိ ပုဂ္ဂိုလ်များအားလုံးကို All American Arakan Society (အမေရီကန်နိုင်ငံလုံးဆိုင်ရာ ရခိုင်လူမှုအဖွဲ့စည်း)မှ နှုတ်ခွန်းဆက်သအပ်ပါသည်။
ရခိုင်အမျိုးသား အာဇာနည်း၏ အရှင်ဦဥတ္တမ၏ ဂုဏ်ကျေးဇူးအား အောင့်မေ့သတိရ ဂုဏ်ပြုသည့် အနေဖြင့် ဤအခမ်းအနားကြီးကို ကျင်းပသည့် အတွက်လည်း များစွာနှစ်ထောင်းအားရ ဖြစ်မိပါသည်။
ဆရာတော်အရှင် ဦးဥတ္တမ၏ ပညာဂုဏ်၊ လုံ့လစိုက်ထုတ် ဆောင်ရွက်မှုများနှင့် အမျိုးသားရေး အကျိုးသက်ရောက်မှုများအား စာဖြင်ရေးသား ဖော်ကျုးလျှက် ပြီးပြည့်စုံနိုင်မည် မဟုတ်ပါ။ မြန်မာ့လွတ်လတ်ရေး၏ မီးရှူးတန်ဆောင်၊ အာရှနေဝင်း အစရှိသည့် ဂုဏ်ပုဒ်တို့ပင်လျှင် ဆရာတော်ဘုရား၊ သက်စွမ်းကြိုးပမ်း၊ အနစ်နာခံဆောင်ရွက်ခဲ့သမျှသော အရာတို့ကို တုနှိုင်းမှီလိမ်မည် မဟုတ်ချေ။
ကိုလိုနီ စနစ်ဆိုးအောက်၌ ပြားပြားမှောက်၍ အလင်းပျောက်နေကြသည့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများသာမက အိန္ဒိယသားတို့အတွက်ပါ နိုင်ငံရေး၊ အမျိုးသားရေး အလင်းဓာတ်အား စတင်ထွန်းညိုပေးခဲ့သူမှာ ဆရာတော်ဘုရားပင်ဖြစ်သည်။ ခေတ်ဆိုး၊ စနစ်ဆိုး၏ ရိုက်ခတ်မှု အအေးဒဏ်အောက်၌ ခိုက်ခိုက်တုန် ချမ်းနေသူအပေါင်း အနွေးဓာတ်ရရှိရန်အလို့ဌာ မီးကျေးပြာဖုံးနေသည် အမျိုးသားဇာတိအားမာန်အား ဘဝဖြင်းအရင်း၍ မျော်လင့်ချက် အနွေးဓာတ်မီးလျှံများ တောက်လောင်လာစေရန် ကြိုးပမ်းသူမှာ ဆရာတော်ဘုရား ဖြစ်ပါသည်။
ဆရာတော်၏ တရားသည် ထိုအချိန်က တစ်မျိုးသားလုံး၏ အားဖြစ်ခဲ့သည်။ ဆရာတော်၏ ရည်မှန်းချက်သည် တစ်မျိုးသား၏ မျော်လင့်ချက်ဖြစ်သည်။ ဆရာတော်ဖောက်သော ဆူးခယောင်းတောသည် တစ်မျိုးသားလုံးအတွက် လမ်းဖြစ်သည်။ ဗုဒ္ဓသားတော် ရဟန်းတစ်ပါးသည် လူတကာထံ ကဲ့ရဲ့ခံရ၍ ပုဂ္ဂလိကအကျိုး မျော်လင့်ချက်တစ်စုံတစ်ရာမပါဘဲ သပိတ်ဆွမ်းတစ်လှည့်၊ ထောင်ထမင်းတလှည့်၊ ဘုန်းပီး၍ လွတ်လတ်ရေးအတွက် အနစ်နာခံခဲသည်။ ဆရာတော်၏ လှုပ်နှိုးမူကြောင့် တစ်မျိုးသားလုံး နိုးကြားလာပြီး နိုင်ငံရေးစည်းရုံးရေးများစွာ ပေါ်ထွက်လာသည်။ ဝံသာနု သမဂ္ဂများစွာ ပေါ်ထွက်လာသည်။ မဟုတ်မခံ တော်လှန်ရေး စိတ်ဓာတ်များ နိုးကြားလာသည်။ နောင်တစ်ချိန် မြန်မာနိုင်ငံရေး လောက၌ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်များ ဖြစ်လာမည့် ခေါင်းဆောင်များစွာ ပေါ်ထွက်လာခဲ့သည်။ ဆရာတော်၏ အမြော်အမြင် ကြီးမားစွာလမ်းညွန်မှုကြောင့် ကျားမခွဲခြားမှုအား ရှေးအစဉ်အဆက် ကျင့်သုံးခဲသည်။ မြန်မာပြည်တွင် ပထမဆုံးအမျိုးသမီး သမဂ္ဂပေါ်ထွန်းလာပြီး ထိုအချိန်မှစတင်၍ ခေတ်အဆက်ဆက် မြန်မာနိုင်ငံရေး စီးပွားရေး လူမှုရေးလောကတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ တွင်ကျယ်လာပြီး အမျိုးသားများနှင့် ရင်ဘောင်တန်း ဝင်းရောက်လုပ်ကိုင်နိုင်ခဲ့သည်။
ရခိုင်တိုင်းရင်းသားပင် ဖြစ်သော်လည်း မိမိလူမျိုးအတွက် သက်သက်မဟုတ်ဘဲ ကိုလိုနီလက်အောက်ခံ ဘဝတူတိုင်းရင်းသားများ လွတ်မြောက်ရေး အတွက် ရှေဆောင်လမ်းပြဖြစ်ခဲ့သည်။ ဆရာတော် အရှင်သည် ပြည်ထောင်စု၏ ပထမဆုံးသော ဥယျာဉ်မှုးဖြစ်သည်။ ဆရာတော် ဘုရားသာ နိုင်ငံရေးမျက်စိ မဖွင်ပေးခဲ့လျှင် မျက်မှောက်ခေတ် မြန်မာနိုင်ငံသည် ယုခုတွေမြင်နေရသည့် အနေထားတွင် ရှိလိမ်မည်မဟုတ်ပါ။
ဘုရားတည်ခဲ့သည် ဗိသုကာဟာ ငြမ်းမဟုတ်ချေ။ သို့သော် ဆရာတော် မြေတောင် မြှောက်ပေးခဲသည့် နိုင်ငံရေးသမားတွေဟာ ဆရာတွေအား ငြမ်းကဲ့သို့ သဘောထား၍ ၄င်းတို့၏ လိုအင်ဆန္ဒ ပြီးမြောက်ချိန်တွင် ချောင်ချိုးထားခဲ့သည်။ ဆရာတော် ဘုရား၏ ဘဝနေဝင်ချိန်တွင် သင်္ကန်းအပေါက်အပြဲ၊ ဆွမ်းနပ်မမှန်ဘဲ ဆည်းကပ်မယ့်သူ မရှိဘဲတချိန်က ထောင်တွင်းနှိပ်စက်ခံရမှုဒဏ်၊ လောကဓံ ဖိစိးမှုဒဏ်များကြောင့် စိတ္တဇရောဂါ စွဲကပ်ပြီး ပျံလွန်တော်မှုခဲ့ရသည်။ ဆရာတော်ပျံလွင်တော်မှုသည့် အချိန်ကျမှသာ နာမည်ကောင်းယူလိုသော နိုင်ငံရေးသမားများသည် ဆရာတောအား ပွဲထုတ်ပူဇော်ခဲ့ကြသည်။ တစ်ခြားသော နိုင်ငံရေးလောက၏ နာမည်ကျော် ပုဂ္ဂိုလ်တို့သည် ရုပ်ထု၊ကျောက်တိုင်၊ လမ်း၊ ခန်းမ၊ တံတား၊ ပန်းခြံ၊ ငွေစက္ကူတို့ပေါ်တွင် ကမ္ဗည်းတင်၍ မော်ကွန်းဝင်နေချိန်တွင် ဆရာတော၏ ဆရာတော၏ ရုပ်ထုသည် နဂိုနေရာမှ ဖယ်ရှားခံရကာ အမှိုက်ပုံကြား၌ လက်ပြတ၊် ရေညှိတက်လျှက် သီတင်သုံးနေရသည်၊ ပြည်ထောင်စုအား မျိုးစေ့ချပေးခဲ့သူ အရှင်သူမြတ်အား ရခိုင်များမှလွှဲ၍ ပြည်ထောင်စု တိုင်းရင်းသားများ ကျေးဇူးတင်ရကောင်းမှန်မသိသည့် ဆိုက်ရောက်လျှက်ရှိနေသည်။
ဆရာတော်စွန့်လွှတ်အနစ်နာခံ ကြိုးပမ်းခဲ့သည့် ပြည်ထောင်စုသည် အခွံသာသာ နာမည်ခံသက်သက်ဖြစ်နေသည်ကို လက်ပြတ်၊ ရေညှိတက်နေသည့် ဆရာတော်ရုပ်ထုသည် သက်သေခံလျှက်ရှိသည်။ စည်းလုံးညီညွတ်ရန် ဟောကြားခဲ့သည့် ဆရာတော်၏ တရားများအား နောက်တက် ခေါင်းဆောင် များက သေနတ်သံများဖြင့် ပြည်တွင်းစစ် ဖန်တီးကာ နာခံခဲ့ကြသည်။ တိုင်းပြည်ကား ယခုတိုင် အဲဒီအငွေ့ ဗိုလ်ကျ အနိုင်ကျင်မူ၊ မတရားခေါင်းပုံ ဖြတ်မူတို့နှင် ပြည့်လျှင်ပင်ရှိသည်။
မည်သူမျှ အလေးမထားစေကာမှု မိမိတို့ ရခိုင်လူမျိုးအနေဖြင့် မိမိတို့အသွေးသား၌ မျိုးရိုးစဉ်ဆက် ကိန်းအောက်နေသည့် ဆရာတော်၏ ကျေးဇူးတရား၊ ဆရာတော်၏ အမျိုးသားရေး စိတ်ဓာတ်အား ကမ္ဘာတည့်သရွေ၊ မိမိတို့ လူမျိုးတည်တံ့သရွေ တိုးတက်သည့် လူမှု အဆောက်အအုံ အိမ်မက်တစ်ခုကို ပြည်တွင်းပြည်ပရှိ ရခိုင်းတိုင်းရင်းသားများ အချင်းချင်းပူးပေါင်း လက်တွဲ၍ ဝိုင်းဝန်းပုံဖော်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။
အမျိုးသားရေးသစ္စာဖြင့်
အမေရီကန် နိုင်ငံလုံးဆိုင်ရာ ရခိုင်လူမှုအဖွဲအစည်း
All American Arakan Society (AAAS)
(သတင်းအရင်းအမြစ်- Arakantimes)

No comments: