ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဂုဏ်ထူးဆောင်ဗဟိုကော်မတီဝင် ဦးခိုင်ရဲလင်းအောင်၏ ဈာပနအခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ယူတီကာမြို့တွင် စက်တင်ဘာလ ၂၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးခိုင်ရဲလင်းအောင်၏ ဈာပန အခမ်းအနား။ ဦးခိုင်ရဲလင်းအောင်၏ ဈာပန အခမ်းအနား။
ဈာပနအခမ်းအနားတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ပေးပို့သည့် ဝမ်းနည်းကြောင်းသ၀ဏ်လွှာ၊ ရခိုင်ပြည်တွင်းရှိ ၀ံလက်ဖောင်ဒေးရှင်းမှ ပေးပို့သည့် ၀မ်းနည်းကြောင်း သ၀ဏ်လွှာ၊ အမေရိကန်နိုင်ငံလုံးဆိုင်ရာ ရခိုင်လူမှုအဖွဲ့အစည်းမှ ပေးပို့သည့် ၀မ်းနည်းကြောင်းသ၀ဏ်လွှာ၊ ကမ္ဘာလုံးဆိုင်ရာ ရခိုင်အသင်း (အမေရိကန်)မှ ပေးပို့သည့် ၀မ်းနည်းကြောင်းသ၀ဏ်လွှာတို့ကို ဖတ်ကြားခဲ့သည်။
ဦးခိုင်ရဲလင်းအောင်၏ ဈာပနအခမ်းအနားတွင် ရှစ်ဆယ့်ရှစ်မျိုးဆက် ခေါင်းဆောင်တဦးဖြစ်သူ ကိုအောင်ကျော်မြင့်မှ " ဆရာကြီး ဦးခိုင်ရဲလင်းအောင်ဟာ အမြဲတမ်း နောက်တန်းမှာနေလိုသူ၊ ဘယ်သောအခါမှ ရှေ့တန်းမှာ ထွက်ပြီး ရပ်ခဲ့သူမဟုတ်ဘူး၊ ဆိုလိုတာက နာမည်လိုချင်သူ၊ နာမည်ကြီးချင်သူ မဟုတ်ဘူး၊ အလုပ်ဖြစ်ဖို့သာ အဓိကဘဲလို့ ခံယူထားတဲ့ ရိုးသားတဲ့စိတ်ကို မြင်ခဲ့ရတယ်။ ဒါပေမယ့် နောက်တန်းမှာ နေနေတဲ့ ဆရာကြီး ဦးခိုင်ရဲလင်းအောင်ကို ကျနှော်တို့ ဆွဲထုတ်နိုင်ခဲ့တယ်၊ ဘာကြောင့်လဲဆိုတော့ တကယ်အလုပ်လုပ်တဲ့သူကို ကျနှော်တို့ ဆွဲထုတ်ခဲ့ခြင်းဟာ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချင်လို့ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။ သူ့ကို ကျနှော်တို့ ရှေ့တန်းကို ပို့ခဲ့ခြင်းဟာ မျိုးဆက်ဟောင်းရဲ့အလုပ်တွေကို မျိုးဆက်သစ်တွေက ကြိုဆိုတဲ့သဘောကို ပြချင်လို့ဖြစ်တယ်။ ခု ဆရာကြီး ဦးခိုင်ရဲလင်းအောင် ကွယ်လွန်သွားခြင်းဟာ ရခိုင်အမျိုးသားတွေရဲ့ ဆုံးရှုံးမှုတခုသာ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံအတွက်ပါ ဆုံးရှုံးမှုတခုဘဲလို့ ပြောချင်ပါတယ်။ " ဟု အမှတ်တရ ပြောကြားသွားသည်။
ကရင်အမျိုးသား အစည်းအရုံး(KNU) ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမန်းသောင်တင်မှလည်း ဦးခိုင်ရဲလင်းအောင်ဟာ ထင်ပေါ်ကျော်ကြားအောင် လုပ်ချင်တဲ့စိတ်မရှိသူ၊ ရိုးရိုးကုပ်ကုပ်နဲ့ အလုပ်တခုဖြစ်မြောက်အောင်သာ လုပ်လိုသူ၊ လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်ခဲ့သလို ကလောင်ကိုလည်း ကိုင်စွဲခဲ့သူဟု ထည့်သွင်းပြောကြားရင်း လွန်ခဲ့သည့်နှစ်သုံးဆယ်ခန့်က မဟာမိတ်အဖြစ်တွေ့ဆုံခဲ့ပုံများကိုပါ ပြောကြားခဲ့ပါသည်။
ကမ္ဘာလုံးဆိုင်ရာ ရခိုင်အသင်း(အမေရိကန်)မှ ခေါင်းဆောင်တဦးဖြစ်သူ ခိုင်မြင့်သိန်းမှလည်း ဆရာကြီးခိုင်ရဲလင်းအောင်ဟာ ကျနှော့်ရဲ့ ဆရာတစ်ဦးဖြစ်ကြောင်း၊ ရခိုင်သမိုင်း သုတေသနအသင်းမှာ ဆရာကြီး ခိုင်ရဲလင်းအောင်ရဲ့ ပေးအပ်တဲ့ တာဝန်တွေကို သူလုပ်ပေးခဲ့ရတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ ၀ံလက်ဖောင်ဒေးရှင်းကိုယ်စား စာရေးဆရာ၊ ကဗျာဆရာ ခိုင်လင်း(မေဃ၀တီ)မှလည်း
" သာမန်လူတဦးသေဆုံးရင် သူကိုးကွယ်တဲ့ ဘာသာရေးအရ လုပ်ဆောင်စရာတွေကို လုပ်မယ်။ ဒါပေမယ့် ဆရာကြီး ဦးခိုင်ရဲလင်းအောင် ကွယ်လွန်အနိစ္စရောက်တဲ့အခါ ဘာသာရေး ထုံးတမ်းစဉ်လာတွေအပြင် ခုလို ဈာပနအခမ်းအနားတွေနဲ့လုပ်တယ်၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေက ၀မ်းနည်းကြောင်း သ၀ဏ်လွှာတွေပို့ပေးကြတယ်၊ လွမ်းသူပန်းခွေတွေချကြတယ်၊ အဖွဲ့အစည်းတွေရဲ့ကိုယ်စား အမှတ်တရစကားတွေ ပြောကြတယ်။ ဆိုတော့ ဒါကဘာကို ပြနေသလဲဆိုတော့ သမိုင်းပေးတာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်ဆိုတာကို ညွန်းဆိုနေတယ်ဆိုတာကို ပြောချင်ပါတယ်။ သမိုင်းပေးတာဝန်တွေကို ထမ်းဆောင်တဲ့အခါ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာထက် သမိုင်းပေးတာဝန်တွေကို ထမ်းဆောင်ခြင်းသည်ပင်လျှင် လူတယောက်ရဲ့တန်ဖိုးကို တိုင်းတာတဲ့ စံလို့ပြောချင်ပါတယ်" ဟုပြောကြားသွားခဲ့ပါသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ရေးသားသည် ဦးခိုင်ရဲလင်းအောင်၏ အတ္ထိုပ္ပတ္တိတွင် ၁၉၇၄ မှာ လက်နက်ကိုင်တော်လှန်ရေးတွင်ပါဝင်ခဲ့ကြောင်း၊ နောက်ပိုင်းပါတီ၏ တာဝန်ပေးချက်အရ ပြည်တွင်းထဲသို့ ပြန်ဝင်ကာ မြေအောက်လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီသည် ကရင်ပြည်နယ်မှသည် ရခိုင်ပြည်သို့ပြောင်းရွှေ့သည့်အခါ ရခိုင်ပြည်မှ အင်အားဖြည့်ကြိုဆိုရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ ရန်သူ၏ တိုက်ခိုက်မှုကြောင့် လမ်းခုလပ်တွင် ဥက္ကဌခိုင်မိုးလင်းအပါအ၀င် ရဲဘော်များကျဆုံးပြီးနောက် ၁၉၈၀ နောက်ပိုင်းပါတီကို ပြန်လည်တည်ဆောက်ရာတွင် ခေါင်းဆောင်တဦးအဖြစ်ပါဝင်ခဲ့ပြီး ကွယ်လွန်ချိန်ထိ ပါတီ၏ ဂုဏ်ထူးဆောင်ဗဟိုကော်မတီဝင်အဖြစ် ထမ်းဆောင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ဆရာကြီး ဦးခိုင်ရဲလင်းအောင်သည် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်၊ နံနက် (၁၁)နာရီ(၃၂)မိနစ်တွင် လူကြီးရောဂါဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ယူတီကာမြို့တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါသည်။ ဆရာကြီး ဦးခိုင်ရဲလင်းအောင်တွင် ဇနီးဒေါ်မမြသိန်း၊ သမီး ဦးဟန်သိန်း(ခေါ်) ခိုင်ခိုင်ဦး၊ သမီးလတ် စန္ဒာခိုင်၊ သားအောင်သိန်းခိုင်နှင့်မြေး သိန်းလင်းဦး၊ အေးသဇင်ခိုင်တို့ကျန်ရစ်ခဲ့ပါသည်။
(သတင်းအရင်းအမြစ်- Arakantimes)