Monday, October 14, 2013

ရခိုင်ကမ်းရိုးတန်း ဒေသတွင် သယံဇာတ ရှားပါးလာသဖြင့် ရေလုပ်ငန်း ကျဆင်းလာသည်နှင့်အမျှ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ပြည်ပသို့ ထွက်ခွာသူ များပြားလာ

F-13-10
ရခိုင်ကမ်းရိုးတန်းအတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသော လုပ်သားများအား တွေ့ရစဉ်
ငါးသယံဇာတရှားပါးလာခြင်းနှင့် ရေလုပ်ငန်းကျဆင်းလာသည်နှင့်အမျှ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ပြည်ပသို့ ထွက်ခွာသူ များလာကြောင်း သတင်းရရှိသည်။
ယခုနှစ်ပိုင်းတွင် ငါးဖမ်းဆီးမှု ကျဆင်းလျက်ရှိပြီး ကမ်းဝေးငါးဖမ်းလှေများမှ တရားမ၀င် ၀င်ရောက်ငါးဖမ်းဆီးခြင်း၊ ဒရွတ်ဆွဲ ပိုက်များဖြင့် ငါးအသေးများကိုပါမကျန် ဖမ်းဆီးလာခြင်းတို့ကြောင့် ငါးသယံဇာတ ရှားပါးလာခြင်းနှင့် ရင်ဆိုင်လာရပြီ ဖြစ်ကြောင်းလည်း ရေလုပ်ငန်း လုပ်ကိုင်သူများက ပြောကြားသည်။
ရခိုင်ပြည်နယ်၏ အဓိက ၀င်ငွေရှာ လုပ်ငန်းတွင် ငါးဖမ်းလုပ်ငန်းမှာ တစ်ခုအပါအ၀င်ဖြစ်ပြီး လုပ်သားအင်အားလည်း များစွာလိုအပ်လျက်ရှိရာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ လူများစွာ တောင်ပိုင်းရေလုပ်ငန်းများ ရှိရာဆီသို့ ရွှေ့ပြောင်းလာရောက် လုပ်ကိုင်ကြကြောင်းလည်း သိရသည်။
ဇင်ချောင်းကမ်းခြေသည် ရမ်းဗြဲကျွန်းပေါ်မှ တံငါလုပ်ငန်း အဓိက လုပ်ကိုင်သည့် ကမ်းခြေတစ်ခုဖြစ်ပြီး ရွှေ့ပြောင်းအလုပ်မား သောင်းနှင့်ချီကာ အနယ်နယ် အရပ်ရပ်မှ လာရောက်လုပ်ကိုင်ရာ ဒေသတစ်ခုလည်း ဖြစ်သည်။ သို့ရာတွင် ယခုနှစ်ပိုင်းတွင် ပင်လယ်ပြင်တွင် ငါးဖမ်းဆီးရရှိမှုနှင့် ကုန်ကျစရိတ် တွက်ခြေကိုက်မှု မရှိသဖြင့် ကျော့ပိုက်လုပ်ငန်းရှင်တချို့ လုပ်ငန်းရပ်နားခဲ့ပြီး နောက်ပိုင်း ယင်းလုပ်ငန်းကို မှီခိုနေကြသည့် ရွှေ့ပြောင်းလုပ်သားများမှာ ကချင်ပြည်နယ်နှင့် တရုတ်၊ ထိုင်းကဲ့သို့သော အိမ်နီးချင်း ပြည်ပနိုင်ငံများသို့ ထွက်သွားသူ များနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
မိုးတွင်းရာသီတွင် စိုက်ပျိုးရေးလုပ်ကြပြီး ပွင့်လင်းရာသီရောက်လျှင် ငါးဖမ်းလှေများတွင်လိုက်ရန် လူထောင်ချီ လာရောက်ကြကြောင်းနှင့် ယခုနှစ်ပိုင်းတွင် ရေလုပ်ငန်း မကောင်းတော့သဖြင့် ဇင်ချောင်းကမ်းခြေသို့ လာရောက်သူ လျော့နည်းသွားပြီး အတည်တကျ နေထိုင်သူများသာ ကျန်ရှိတော့ကြောင်း ဒေသခံ ဦးကျန်သိန်းအောင်က ဆိုသည်။
ကျော့ပိုက်လှေများတွင် ၀င်ရောက်လုပ်ကိုင်သူ မောင်သန်းဌေးကလည်း "လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး ငါးဖမ်းလို့မရ ဖြစ်လာတယ်။ လှေတစ်ခါထွက်ရင် ကုန်ကျစရိတ်နဲ့ ငါးရောင်းလို့ရတာနဲ့ မကာဖြစ်လာတော့ လှေတစ်ချို့ မထွက်ကြဘူး။ ဒီတော့ ကျွန်တော်တို့လို အလုပ်သမားတွေက ၀င်ငွေကောင်းတာ သွားလုပ်ကြတယ်။ တချို့လည်း ကချင်၊ တချို့လည်း တရုတ်၊ ထိုင်းတို့ကို သွားကြတယ်" ဟု ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: