Monday, October 14, 2013

ကျောက်ဖြူကယ်ဆယ်ရေး စခန်းတွင် ဒုက္ခသည်များ စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်ပေါ်နေ

C-13-10
ကျောက်ဖြူမြို့ရှိ ကညင်တော ကယ်ဆယ်ရေး စခန်းအား တွေ့ရစဉ်
ကျောက်ဖြူ ကညင်တော ကယ်ဆယ်ရေး စခန်းရှိ ဒေသခံ ဒုက္ခသည်များမှာ ထောက်ပံ့စားနပ်ရိက္ခာ လုံလောက်မှု မရှိသည့်အတွက် ပြင်ပဒေသများသို့ထွက်ကာ စားနပ်ရိက္ခာများအတွက် ကြုံရာကျပန်း အလုပ်ကို လုပ်ကိုင်နေကြရကြောင်း ကျောက်ဖြူကညင်တော ဒုက္ခသည်စခန်းမှ သိရသည်။
၂၀၁၂ ခုနှစ်အတွင်း ရခိုင်နှင့် ဧည့်နေဘင်္ဂါလီ အရေးအခင်းကြောင့် ကျောက်ဖြူမြို့တွင် နေအိမ်များနှင့် အသေးစား အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများ ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စု ၆၅ စုရှိပြီး ဒုက္ခသည် အရေအတွက် ၃၁၈ ဦးရှိကြောင်း သိရသည်။
အဆိုပါ ဒုက္ခသည်များကို ကမ္ဘာ့စားနပ်ရိက္ခာ ပေးဝေရေးအဖွဲ့ (WFP) မှ အကူအညီများအပြင် အစိုးရနှင့် ဒေသတွင်း လူမှုအဖွဲ့အစည်းများနှင့် စေတနာရှင်များကလည်း စားနပ်ရိက္ခာများ ကူညီလှူဒါန်းမှုများ ရှိခဲ့ကြောင်း သိရသည်။
အစိုးရနှင့် ဒေသတွင်း လူမှုအကူအညီများ ပေးဆောင်မှု ရပ်တန့်သွားခြင်း၊ (WFP) တစ်ခုတည်း အကူအညီဖြင့် စားနပ်ရိက္ခာ လုံလောက်မှု မရှိသည့်အတွက် ဒုက္ခသည်များ အနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ နေကြရသဖြင့် ၎င်းတို့ သားသမီးများ၏ အစိုးရ အတန်းပညာရေးနှင့် စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်ချို့ယွင်းမှုများလည်း ရှိလာကြကြောင်း ကျောက်ဖြူလူငယ်ကွန်ရက် အဖွဲ့ဝင် တစ်ဦးက ၎င်း၏အမြင်အား ပြောကြားသည်။
"WFP တစ်ခုတည်းမှ အကူအညီနှင့် စားနပ်ရိက္ခာ ပြဿနာက ဘယ်လိုမှ အဆင်မပြေဘူး။ ပေးတဲ့ပမာဏနဲ့ မလောက်ငတော့ အပြင်ထွက်ပြီး ရုန်းကန်ရတာပေါ့ အရင်ကတော့ အစိုးရနှင့် ဒေသတွင်း အကူအညီ ရှိနေတော့ ဒုက္ခသည် ဆိုပေမယ့် ကြီးကြီးမားမား ပင်ပင်ပန်းပန်း အလုပ်မလုပ် ခဲ့ရပါဘူး။ အခုတော့ နေ၀င်မိုးချုပ်ထိ အလုပ်လုပ်ပြီး စားနပ်ရိက္ခာ တစ်ခုတည်းအတွက် ဖြေရှင်းနေရတာ။ သားသမီးတွေရဲ့ ပညာရေးကလည်း ဖြစ်သလို ကျောင်းကြီးမှာပဲ ထားရတာ၊ ကျူရှင်က ဒီလိုအခြေအနေနှင့် ဘယ်ထားနိုင်ပါ့မလဲ" ဟု ကညင်တော ဒုက္ခသည်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း ရခိုင်နှင့် ဒေသဧည့်နေ ဘင်္ဂလီများအတွက် (WFP) မှ စားနပ်ရိက္ခာ ထောက်ပံ့ပေးနေသည့် အစီအစဉ်သည် ယခုနှစ် ဇွန်လကုန်တွင် ကုန်ဆုံးပြီးဖြစ်ရာ အစိုးရမှ မေတ္တာရပ်ခံချက်အရ ယခုနှစ် ဒီဇင်ဘာလကုန်ထိ ဆက်လက်ပေးဝေ သွားရန်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီမှ သတင်းရရှိသည်။
(WFP) မှ စားနပ်ရိက္ခာ ထောက်ပံမှု အစီအစဉ် ပြီးဆုံးသွားလျှင် ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံ ရခိုင်ဒုက္ခသည်များအား ပြည်တွင်းနှင့် နိုင်ငံခြားတွင် ရောက်ရှိနေသည့် ရခိုင်စေတနာရှင်များမှ ရေရှည်စီမံကိန်းတစ်ခု ချမှတ်ကာ အကူအညီများ ဆက်လက်ပေးဆောင်သွားရန် စီစဉ်ဆောင်ရွက်နေကြကြောင်း ကျောက်ဖြူလူငယ် ကွန်ရက်အဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်။ 
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: