Monday, October 14, 2013

ပဋိပက္ခများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ၂၈ သန်း အရေးပေါ် လိုအပ်နေ

A-13-10
သံတွဲပဋိပက္ခ ဖြစ်ပွားမှုကြောင့် ဘုန်းကြီးကျောင်းတစ်ခုတွင် လာရောက်ခိုလှုံနေသည့် ရခိုင်လူမျိုးများအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ပဋိပက္ခများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ ၂၈ သန်းခန့် အရေးပေါ် လိုအပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်(ဖ်) ဌာနေကိုယ်စားလှယ် မစ္စတာ ဘက်ထရန်ဘိန်းဗဲလ်က ပြောကြားခဲ့သည်။
လက်ရှိ ရခိုင်ပြည်နယ် အတွင်းရှိ ကယ်ဆယ်ရေး စခန်းများတွင် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ရေကောင်းရေသန့် ရရှိမှု နည်းပါးနေခြင်း၊ အိမ်သာလုံလောက်မှု မရှိခြင်း စသည်တို့ ဖြစ်နေကြောင်း သိရသည်။
ယင်းလုပ်ငန်းများ လုပ်ဆောင်ရန် ငွေကြေးလိုအပ်ချက်များ ရှိနေပြီး ရန်ပုံငွေ ရရှိနိုင်ရန် အပူတပြင်း လိုအပ်နေကြောင်းလည်း သိရသည်။
"ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေမှာ ယူနီဆက်(ဖ်) အနေနဲ့ ရန်ပုံငွေအားဖြင့် ဘယ်လောက်သုံးစွဲ သွားမလဲဆိုတာ အတိအကျ ပြောဖို့တော့ ခက်ပါတယ်။ ဒီဒေသ တစ်ခုလုံးရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဖြစ်တဲ့ ကျောင်းဆောင်တွေ ပြန်ဆောက်ဖို့၊ ရေနဲ့ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းတွေ လုပ်ပေးဖို့ စတဲ့ကိစ္စတွေမှာ အသုံးပြုဖို့အတွက် ရန်ပုံငွေ လိုအပ်ချက်ကတော့ အများကြီး ရှိပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်(ဖ်) ဌာနေကိုယ်စားလှယ် မစ္စတာ ဘက်ထရန်ဘိန်းဗဲလ်က ပြောကြားခဲ့သည်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ဦးစားပေး ထောက်ပံ့ပေးရန် အစီအမံများ၊ လတ်တလော မတည်ငြိမ်မှုများကြောင့် ပြောင်းရွှေ့ရောက်ရှိလာသော ပြည်သူများအား ယာယီအမိုးအကာအောက် ရောက်ရှိရေး လုပ်ငန်းများ၊ စားနပ်ရိက္ခာ ထောက်ပံ့ပေးနေမှုများနှင့် ဆက်လက်ထောက်ပံ့သွားမည့် လုပ်ငန်းများ၊ ကျောင်းနေအရွယ် ကလေးများအတွက် စာသင်ကျောင်း ဆောက်လုပ်ပေးမည့် အစီအမံများ၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုများ၊ ကျန်းမာရေး အထောက်အကူပြု လုပ်ငန်းများနှင့် ရေနှင့်သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများ၊ ကူးစက်ရောဂါ ကာကွယ်ရေး လုပ်ငန်းများ၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး စသည့်လုပ်ငန်းများ လုပ်ဆောင်ရန် ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီးမှ လုပ်ဆောင်ပေးလျက် ရှိသော်လည်း ယနေ့ထိတိုင် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေး စခန်းများတွင် လူဦးရေ စုစုပေါင်း တစ်သိန်း လေးသောင်းကျော်ခန့် ရှိနေပြီး ယင်းတို့အနက် လူဦးရေ ရှစ်သောင်းလေးထောင်ခန့်မှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်များဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင်းရှိ ကလေးသူငယ်များ အကျိုးစီးပွားအတွက် ဒေသတွင်း ပဋိပက္ခများ အဆုံးသတ်ရန် ယူနီဆက်(ဖ်)မှ အောက်တိုဘာ ၇ ရက်က သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ကာ တောင်းဆိုခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့တွင် စက်တင်ဘာ ၂၉ ရက်က ဒေသတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ပဋိပက္ခများကြောင့် သေဆုံးခဲ့သူများ ရှိခဲ့သလို အိမ်ခြေ ၁၁၀ ခန့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ 
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: