Monday, October 14, 2013

ရခိုင်ပြည်နယ်တွင် စစ်တပ်မှ သိမ်းယူထားသော မြေအချို့ကို မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်သွားရန်ရှိ

ရခိုင်ပြည်နယ် အနှံ့တွင် စစ်တပ်မှ သိမ်းယူထားသော မြေအချို့ကို မူလပိုင်ဆိုင်သူများ လက်ထဲသို့ အရောက် ပြန်လည်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း အစိုးရ အဆက်ဆက် လက်ထက်တွင် တပ်မတော်က သိမ်းဆည်းထားသော လယ်ယာမြေ ဧကပေါင်း (၃၇၀၀၀) သုံးသောင်း ခုနစ်ထောင်ခန့် ရှိခဲ့ရာ ယခုအခါတွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင် အစရှိသော မြို့နယ်များမှ သိမ်းဆည်းထားသော လယ်ယာမြေများ အနက် ဧကတစ်သောင်းခန့်ကို ပြည်နယ် အစိုးရမှတစ်ဆင့် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
''မူလဘယ်သူ ပိုင်ဆိုင်ခဲ့သလဲ ဆိုတာကို အထောက်အထား ခိုင်လုံအောင် လုပ်နေတယ်။ ပြီးမှအစိုးရအဖွဲ့ဆီ ပေးအပ်မယ်။ အစိုးရကတစ်ဆင့် အခမ်းအနားနဲ့တကွ ပြန်ပေးမှာ ဖြစ်တယ်။ အဓိကတော့ ပြန်ပေးတဲ့ အချိန်မှာ မသမာမှုတွေ မဖြစ်ပေါ်အောင် အတွက်ရယ်၊ ပိုင်ဆိုင်သူ အစစ်အမှန် လက်ထဲကို ရောက်သွားဖို့ရယ်ကြောင့် စိစစ်နေပါတယ်။ မကြာခင် ပေးသွားမှာပါ'' ဟု တပ်ဘက်ဆိုင်ရာ အကြီးအကဲ တစ်ဦးက ပြောကြားခဲ့ပါသည်။
တပ်မတော်မှ သိမ်းဆည်းထားသော လယ်ယာမြေ အများစုသည် ဓါးမဦးချ လုပ်ကိုင်စားသောက် ခဲ့ကြသော လယ်မြေများ ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ လယ်မြေများအား တပ်မတော်မှ ပြန်ပေးခြင်းသည် တပ်မတော်၏ တိုးတက်လာသော စိတ်ထားများသာ ဖြစ်ကြောင်း ဖြစ်သော်လည်း သိမ်းဆည်းထားသော လယ်မြေ မြောက်မြားစွာ ကျန်ဦးမည်ဟုလည်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းက ''ကျွန်တော်တို့ ရသေ့တောင်မြို့နယ် မှာတင် စစ်တပ်က သိမ်းထားတဲ့ လယ်ဧက သောင်းချီရှိမယ်လို့ ထင်တယ်။ ဒါပေမယ့် မြေစာရင်းကတော့ ၈၆၀ ကျော်သာပြတယ်။ အခုပြန်ပေးမယ်လို့ ပြောထားပြီးသား ဧကကတော့ ၅၀၀ ကျော် ရှိပါပြီ။ အဲဒါကို လွှတ်တော် ကိုယ်စားလှယ် တစ်ဦးနဲ့ ကောင်မတီအဖွဲ့ ၅ ဦးတို့ လက်မှတ်ထိုးပေးပါလို့ ပြောတယ်။ အခုလို ပွင့်လင်းလာတာကိုလည်း ကျေးဇူးတင်ပါတယ်'' ဟု ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ် ရှိသည့်အနက် မြို့နယ် ၁၀ ခုအတွင်းသာ လောလောဆယ် ပေးအပ်သွားမည်ဖြစ်ရာ ကျန်လယ်မြေများကိုလည်း ဆက်လက် ပေးအပ်ရန် ရှိကြောင်းလည်း သိရသည်။ အလားတူစွာပင် လာမည့် ပြည်ထောင်စု လွှတ်တော်တွင်လည်း ရခိုင်ပြည်နယ် တောင်ပိုင်းဒေသများမှ သိမ်းဆည်းထားသော လယ်ယာမြေများ အပေါ်တွင် ဆက်လက် ဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။ သို့သော်လည်း စစ်တပ် တပ်ရင်း တည်ဆောက်ထားသော နေရာများ အပြင်ဘက်ရှိ ထွန်ယက်လုပ်ကိုင် နိုင်သော လယ်မြေများကိုသာ ပြန်ပေးခြင်း ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ပြန်လည်ရရှိသော လယ်မြေများအား လာမည့် မိုးစပါးစိုက် ရာသီတွင် ပြည်သူများ ကောင်းမွန်စွာ လုပ်ကိုင်စားသောက် နိုင်မည် ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: