Friday, October 11, 2013

မူလတန်းကျောင်းများ ပြန်လည်မွမ်းမံရေးအတွက် လက်ထောက်မြို့နယ်ပညာရေးမှူးက မာန်အောင်မြို့နယ်တွင် ငွေကောက်

Manaung
 
နိုင်ငံတော်အစိုးရမှ ကျောင်းသားမိဘများထံမှ ငွေကောက်ခံခြင်း၊ တောင်းခံခြင်းများ ပြုလုပ်ပါက ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ကျေညာချက် ထုတ်ပြန်ထားသော်လည်း ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မူလတန်းကျောင်းများ ပြန်လည်မွန်းမံပြင်ဆင်ရန် ဟု အကြောင်းပြကာ မြို့နယ် လက်ထောက် ပညာရေးမှူးမှ ငွေများကောက်ခံနေသည်ဟု သတင်းရရှိသည်။

မူလတန်းကျောင်းများ ပြန်လည် မွန်းမံပြင်ဆင်ရေး စရိတ် ရရှိရေးအတွက် ငွေသွင်းရမည်ဟု ဆိုကာ မာန်အောင်မြို့နယ် လက်ထောက် ပညာရေးမှူး ကောက်ခံနေသည်ဟု အမည် မဖေါ်လိုသူ ကျေးရွာသား တစ်ဦးက ဆိုသည်။

“မူလတန်းကျောင်းတွေကို အသစ်မွန်းမံပြင်ဆင်ဖို့ အထက်ကို လျှောက်လွှာတင်ရမယ်။ အဲသလို တင်တဲ့ အခါ ခွင့်ပြုချက်ကျဖို့ အထက်ကို ငွေသွင်းရမယ်။ အထက်က ခွင့်ပြုချက် ကျဖို့အတွက် ပညာရေးမှူးရုံးက ကျောင်းတစ်ကျောင်းကို ၅၅၀၀၀ ကျပ်၊ နောက်ပြီးတော့ ငွေစာရင်းရုံးက ၃၅၀၀၀ ကျပ်စီ ကောက်ခံနေပါတယ်” ဟု ကျေးရွာသား တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

သို့သော်လည်း အဆိုပါ ကောက်ခံငွေများကို တရားဝင် ပေးသွင်းရသလား (သို့မဟုတ်) ပြင်ဆင် စရိတ် ခွင့်ပြု ငွေကျရန် အထက်ကို လာဘ်ထိုးရသော ငွေများ ဖြစ်သလားဆိုသည်ကို သူတို့ အနေဖြင့် သည်းကွဲစွာ မသိရှိရကြောင်း ၎င်းရွာသားက ဆိုသည်။

ငွေကောက်ခံရာတွင်လည်း ကျောင်းအလိုက် အနည်းဆုံး ၅၀၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်ထိ ကောက်ခံနေခြင်း ဖြစ်သည်ဟု သိရသည်။

ကောက်ခံရသည့်အကြောင်းရင်းကို ကျေးရွာ တစ်ခုမှ ငွေကောက်ခံသူ ကျောင်းကော်မီတီ တစ်ဦးမှ ယခုကဲ့သို့ ပြောသည်။

“ ကျောင်းပြန်လည်မွန်းမံပြင်ဆင်မယ်ဆိုလို့ရှိရင် မြို့နယ်ပညာရေးမှူးရုံးကို ကျပ်ငွေ ၅၅၀၀၀ သွင်းရမယ်။ ငွေ စာရင်းရုံးကို ၃၅၀၀၀ ကျပ်သွင်းရမယ်ဆိုပြီး ပြောတဲ့အတွက် ကျွန်တော်တို့ ကောက်ခံနေတာ ဖြစ်ပါတယ်။”

ရွာ၏ အိမ်ခြေ အနည်းအများကို လိုက်ပြီး အိမ်တစ်အိမ်မှ ကျပ်ငွေ ၁၅၀၀ မှ ၂၀၀၀ ထိ ကောက်ခံ နေသည်ဟု ဆိုသည်။

မာန်အောာင်မြို့နယ်တွင် မူလတန်းကျောင်းပေါင်း ၁၀၈ ကျောင်းရှိပြီး ကျောင်းပေါင်း ၇၀ ကျော်ခန့် ပြန်လည် မွန်းမံ ပြင်ဆင်ရန် ရှိနေသည်ဟု သိရှိရသည်။

၎င်းကျောင်း (၇၀) ခန့် ပြင်ဆင်စရိတ် အထက်မှ ငွေကျရန် အတွက် ယခုလို ငွေများ ကောက်ခံနေခြင်း ဖြစ်သည်။

ကျေးရွာသားများ အနေဖြင့် ငွေ တစ်သိန်းခန့် အကုန်အကျ ခံခြင်းဖြင့် ကျောင်းပြင်ဆင်စရိတ် သိန်းပေါင်း အများအပြား ရရှိမည် ဖြစ်သဖြင့် ပညာရေးမှူးရုံးမှ ကောက်ခံသော ငွေကို ပေးဆောင်နေကြသည်ဟု သိရသည်။

လက်ရှိအချိန်ထိ ပြန်လည်မွန်းမံပြင်ဆင်ရန်အတွက် လျှောက်ထားသော ကျောင်းများ အထဲတွင် ကအီး၊ ပလင်၊ ဆား ချက်၊ စစ်ကဲတော အုပ်၊ ကံတိုင်းအုပ်၊ တောင်အောက်ပြင် ခြံလောင်ကွင်း၊ ကျောက်ကုန်း၊ ကန်ထောက် ကျေးရွာများမှ ကျောင်းများ ပါဝင်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: