Monday, December 23, 2013

တောင်ပြိုမြို့နယ်ခွဲရောက် တဘက်နိုင်ငံမှ ရခိုင်မျိုးနွယ်စုများ အနိုင်ကျင့်ခံနေရဟုဆို

လွန်ခဲ့သောနှစ်က မောင်တောမြို့နယ် မြောက်ပိုင်း လောင်းတုံဘက်ကို ဘင်္ဂလာမှ ၀င်ရောက်လာသူများ။
လွန်ခဲ့သောနှစ်က မောင်တောမြို့နယ် မြောက်ပိုင်း လောင်းတုံဘက်ကို ဘင်္ဂလာမှ ၀င်ရောက်လာသူများ။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုမြို့နယ်ခွဲအတွင်း အခြေချနေထိုင်နေကြသော ရခိုင်မျိုးနွယ်စုဝင်များသည် ဒေသအတွင်းမှ ကျေးရွာ အဆင့် အာဏာပိုင် အချို့၏   အနိုင်ကျင့်မူကို ခံနေကြရသည်ဟု ၎င်းလူမူ အဖွဲ့အစည်းမှ တာဝန်ရှိသူများက ပြောသည်။
“ ကျွန်တော်တို့ တစ်ဘက်နိုင်ငံမှာ ဘာသာခြားတွေကို ကြောက်လို့ ဗုဒ္ဓဘာသာ နိုင်ငံကို ထွက်ပြေး ခိုလုံလာရာမှာ အခုအခါ တစ်ခါ ကျွန်တော်တို့ အနိုင်ကျင့်မူတွေကို ခံနေကြရပါတယ်။ ဒါကြောင့် အထက်အာဏာပိုင် လူကြီးတွေကို ကျနော်တို့ အခက်အခဲတွေကို သိရှိစေလိုတဲ့ အတွက် ခုလို ဖုံးဆက် အကြောင်းကြားရတာ ဖြစ်ပါတယ်” ဟု ယင်းလူမူ အဖွဲ့အစည်း၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
တောင်ပြိုမြို့နယ်ခွဲတွင် အသစ်ချထားသော အိမ်ခြေ ၈၀ ရွာ တစ်ရွာနှင့် ၄၀ ရွာ တစ်ရွာရှိကြောင်း၊ ၎င်း ရွာ (၂) ရွာတွင် ဘင်္ဂလာဒေခ်ျ့မှ ပြောင်းရွှေ့ဝင်ရောက်လာပြီး နေထိုင်သူ အိမ်ထောင်စု (၃၃) စုရှိပြီး လူဦးရေအားဖြင့် ၁၇၅ ယောက် ရှိကြောင်း သူက ဆိုသည်။
“ ကျွန်တော်တို့လာတာက ဘင်္ဂလာဒေခ်ျ့နိုင်ငံ ရွာတော်တို့ ၊ ခါကာဆိုရီ၊ ရန္ကာမတီတို့၊ မရှက်ချောင်းတို့က လာကြတာပါ။ မနှစ်က တန်ဆောင်မုန်းလကတည်းက ဒီကိုရောက်ပြီးနေထိုင်နေကြတဲ့သူတွေ ဖြစ်ကြပါတယ်။ အခု ကျွန်တော်တို့ကို အနီးအနားက မီးတိုက်ကျေးရွာကို သွားရင်လည်း ထောက်ခံစာမပါရင် မသွားရဘူး။ သွားရင် ပိုက်ဆံတောင်းတယ်။ အနိုင်ကျင့်တယ်။ ရိုက်တာ ပုတ်တာတွေလည်း ရှိပါတယ်” ဟု သူက ဆိုသည်။
ယခုသူတို့အား အနိုင်ကျင့်နေသူများမှာ ရဲ၊ စစ်တပ်စသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ မဟုတ်ဘဲ သူတို့ထက် စောစီးစွာ ၎င်းတောင်ပြို ဒေသသို့ ရောက်ရှိနေကြသော  ကျေးရွာ၊ ရပ်ကွက် အဆင့်တွင် အာဏာရှိသူများ ဖြစ်ကြသည်ဟု ဆိုသည်။
“ ဟိုအပတ်ကလည်း အရက်မသောက်မစား လူငယ်တစ်ဦးကို ညဥ့် ၁၂ နာရီမှာ တောင်ပြိုလက်ဝဲ အုပ်ချုပ်ရေးမှူး အိမ်မှာ ဘာမှ ပြဿနာ မရှိဘဲ ကြိုးနဲ့ ချည်ပြီးရိုက်ပါတယ်။ ဒီကိစ္စကို တောင်ပြို မြို့နယ်ခွဲ ဦးစီးမှူးကို သွားတိုင်တော့လည်း ဖြေရှင်းပေးမယ်လို့ ပြောပြီး မဖြေရှင်းပေဘူး။ ဒါကြောင့် တောင်ပြို လက်ဝဲ ကျေးရွာအုပ်ချုပ်ရေးမှူး ဦမုတ်ဆိတ်က အနိုင်ကျင့်ချင်တိုင်း ကျင့်နေပါတယ်” ဟု ဆိုသည်။
တောင်ပြိုလက်ဝဲမြို့နယ်ခွဲတွင် ဗမာပြည်က ပြောင်းရွှေ့ အခြေချနေထိုင်သူများလည်း ရှိကြောင်း၊ သူတို့နှင့် ဘင်္ဂလာဒေခ်ျ့မှ အသစ်ရောက်လာကြသူများအကြားတွင် အနည်းငယ်ပြဿနာများရှိကြောင်း၊ သို့အတွက် မကြာခဏ မကျေလည်မူများ ဖြစ်ပေါ်နေကြောင်း တောင်ပြိုဒေသခံ ကိုထွန်းထွန်းက ပြောသည်။
“ တောင်ပြိုမြို့နယ်ခွဲက အိမ်ခြေ ၈၀ ရွာ တစ်ရွာနဲ့ ၄၀ ရွာတစ်ရွာမှာ ဗမာ မိသားစု ၄၀ ခန့် ရှိပါတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမုတ်ဆိတ်က ဗမာပြည်က ပြောင်းလာတဲ့သူ ဖြစ်ပြီး သူ့ကို ဘင်္ဂလာက လာတဲ့သူတွေအပေါ် အနိုင်ကျင့်တယ်လို့ မြင်နေတာတော့ ရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စကို သက်ဆိုင်ရာ မြို့နယ် ဦးစီးမှူးတို့က ဖြေရှင်းပေးရင် ပြေလည်သွားနိုင်ပါတယ်” ဟု ကိုထွန်းထွန်းက ဆိုသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး မတည်ငြိမ်မူများနှင့် အတူ စီးပွားရေး အကျပ်အတည်း များကြောင့် ဗုဒ္ဓဘာသာဝင် ရခိုင် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသို့ ထပ်မံ အခြေချ ၀င်ရောက်ကြရန် စီစဉ်နေကြသည်ဟုလည်း သတင်းများ ရရှိသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နတ်ကျောက်ဆရီမြို့မှ ဒေသခံ လူကြီး တစ်ဦးက ပြောသည်မှာ ဘင်္ဂလာဒေခ်ျ့ရှိ ဗုဒ္ဓဘာသာဝင်များထဲမှ လယ်ယာမြေပိုင်ဆိုင်ထားသူများမှ အပ လက်လုပ်လက်စားများနှင့် မြေယာပိုင်ဆိုင်မူ မရှိသည့် မိသားစုများသည် တစတစဖြင့်  မြန်မာနိုင်ငံ အတွင်းသို့ ပြောင်းရွှေ့ ၀င်ရောက်သွားနိုင်ရန် အခြေအနေရှိနေကြောင်း ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: