Monday, December 23, 2013

မာန်အောင်မြို့ လျှပ်စစ်မီး ဆက်လက် ပေးဝေရန် အခက်တွေ့

man-aung
မီတာခ တယူနစ်ကို ကျပ် ၅၀၀ ထိကောက်ခံသော်လည်း ဆီးဈေး ကြီးမြှင့်မူကြောင့် မီးလင်းရေးကော်မီတီ အနေဖြင့် အရှုံးပေါ်နေ၍ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့အား ဆက်လက် လျှပ်စစ်မီးပေးဝေရန်မှာ မလွယ်ကူနိုင်ကြောင်း ကော်မီတီ အဖွဲ့ဝင် လူကြီး တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
“ ကျနော်တို့ တစ်နေ့ကို ၄ နာရီ ပေးပါတယ်။ မီတာခ တယူနစ်ကို ၅၀၀ ကောက်ပါတယ်။ မိုးတွင်း တကည်းက ဆီဈေးတက်လာတဲ့ အတွက် အခုဆိုရင် သိန်း ၄၀ ကျော် အရှုံးပေါ်နေပါပြီ။ ဒီအတိုင်းသွားရင် နောက်ဆိုရင် အရှုံးတွေများပြီး မီးလင်းရေး ကော်မီတီ အနေနဲ့ အခက်အခဲတွေ့နိုင်ပါတယ်” ဟု ကော်မီတီဝင် လူကြီး တစ်ဦးဖြစ်သူ ဦးတင်ဝင်းက ပြောသည်။
မာန်အောင်မြို့တွင် လျှပ်စစ်မီးကို ယခင်က ညနေ ၆ နာရီမှာ ၁၀ နာရီခွဲထိ ဖြန့်ဖြူးပေးခဲ့သော်လည်း အရှုံးပေါ်သဖြင့် နောက်ပိုင်းတွင် နာရီဝက်ကို လျှော့ချကာ အခုအခါ တစ်နေ့ကို ၄ နာရီ ပေးဝေနေသည်ဟု သိရသည်။
“ ကျနော်တို့  အစိုးရဆီက ဆီခွဲတန်းရတာက တစ်နေ့ကို ၂ နာရီနုန်းနဲ့ တစ်လကို ဂါလံ ၅၀၀ ရပါတယ်။ ဒီပမာဏအလွန်နည်းလွန်တဲ့ အတွက် တိုးတောင်းတော့လည်း မရဘူး။ ဒါကြောင့် အပြင်ပေါက်ဈေးနဲ့ဝယ်၊ တယူနစ် ၅၀၀ ကျပ်ကောက်၊ ဒီလို ဖြေရှင်းနေကြရပါတယ်” ဟု ဆိုသည်။
၎င်းပြင် မာန်အောင်မြို့တွင် ရှိနေသော မီးစက်မှာ စက်အို စက်ဟောင်းဖြစ်ပြီး ဆီအလွန်စားသဖြင့် နောက်ထပ် အသစ်တစ်လုံး နိုင်ငံတော်သို့ တင်ပြတောင်းဆိုထားသော်လည်း နိုင်ငံတော်အပိုင်းမှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း  မရှိဟု ဆိုသည်။
“ အခု စက်က မဂ္ဂ၀ပ် ၂၂၀ သာထုတ်နိုင်တယ်။ စက်ကလည်း စက်အိုကြီး။ ဆီကလည်း စားသလားမမေးနဲ့။ အဲဒါကြောင့် မဂ္ဂါဝပ် ၅၀၀ ထုတ် စက်တစ်လုံးတောင်းထားတာ ဘာမှ အကြောင်းမပြန်ဘူး” ဟု ယင်းက ဆက်ဆိုသည်။
မာန်အောင်မြို့တွင် အိမ်ခြေ ၅၀၀၀ ခန့်ရှိသော်လည်း အများစုမှာ ဆင်းရဲနွမ်းပါးကြသဖြင့် တမြို့လုံးတွင် သုံးစွဲနေသာ မီတာအိုး အလုံးရေ ၇၇၀ ခန့်သာရှိကြောင်း သိရသည်။
မာန်အောင်ကျွန်း ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရမှ ဆောင်ရွက်နေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မာန်အောင်ကျွန်းမှာ ယခုအချိန်ထိ တစ်စုံတစ်ရာ ထူးထူးခြားခြား တိုးတက်မူ မရှိသေးသလို လျှပ်စစ်မီး အလုံအလောက်မရခြင်း၊ မီတာခဈေးကြီးမြှင့်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း တို့နှင့် ဆက်လက် ရင်ဆိုင်နေကြရဆဲ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိ အစိုးရတက်လာပြီးသည့်နောက်ပိုင်းတွင်လည်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး ကော်မီတီ၊ ရခိုင်းစက်မူဇုံ၊ ရခိုင်ကုန်သွယ်ရေးဇုံ စသဖြင့် ကော်မီတီမျိုးစုံ ဖွဲ့စည်း လုပ်ကိုင်ဆောင်ရွက်နေသော်လည်း ရခိုင်ပြည်နယ် အတွင်းရှိ မြို့များ၏ အခြေအနေမှာ တစ်စုံတစ်ရာ ပြောင်းလဲ တိုးတက်မူ မရှိသေးဘဲ နဂို အခြေအနေ အတိုင်းပင် စီးပွားရေး အကျပ်အတည်းများနှင့် ရင်ဆိုင်လျှက် ရှိနေကြဆဲ ဖြစ်ကြောင်း နိရဉ္စရာမှ စုံစမ်း သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: