Monday, December 23, 2013

RNDP ဥက္ကဌအား ပေါက်တောမြို့နယ်မှ ရွှေတံဆိပ်ဆု ဂုဏ်ပြု ချီးမြှင့်

 ဒေါက်တာ အေးမောင်အား ဘ၀မ်းဆရာတော်ကြီးမှ ဆုချီးမြှင့်နေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ဒေါက်တာ အေးမောင်အား ဘ၀မ်းဆရာတော်ကြီးမှ ဆုချီးမြှင့်နေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ( RNDP) ဥက္ကဌ ဒေါက်တာ အေးမောင်အား ပေါက်တောမြို့နယ် ပြည်သူများမှ အလေးချိန် (၁) ကျပ်သားရှိ ရွှေတံဆိပ်ဆု တစ်ခုအား ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။
၎င်းဆုအား ပေါက်တော မြို့နယ်ပြည်သူလူထု ကိုယ်စား ​ပေါက်​​တောမြို့ ဘ၀မ်းကျောင်း ဆရာတော်ကြီး  ဦးဣန္ဒ၀ံ့သမှ ယခုလ  ၂၀ ရက်နေ့က ရခိုင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါက်တောမြို့နယ် ပြည်သူ လူထု တွေ့ဆုံပွဲ အတွင်း ချီးမြှင့် ခဲ့သည်ဟု သိရသည်။
၎င်းဆုအား ရခိုင် ဒေါက်တာ အေးမောင်အား ချီးမြှင့်ခဲ့ခြင်းမှာ ရခိုင်ပြည်နယ် အတွက်  အကျိုးဆောင်နေသည့် ပုဂ္ဂိုလ် တစ်ဦးဖြစ်၍ ချီးမြှင့် ရခြင်း ဖြစ်ကြောင်း ကော်မီတီ အဖွဲ့ဝင် လူကြီး တစ်ဦးမှ နိရဉ္စရာသို့ ဖုံးထဲမှ တဆင့် ပြောကြားသည်။
“ကျွန်တော်တို့ ဆုချီးမြှင့်ရတဲ့ ရည်ရွယ်ချက်ကိုတော့ ရွှေတံဆိပ်ဆု ဂုဏ်ပြုမှတ်တမ်းလွှာမှာ အတိအကျ ဖေါ်ပြထားပါတယ်။ အဓိကတော့ ရခိုင်တိုင်းရင်းသားတွေရဲ့ အရေးကို မားမားမတ်မတ် ရပ်တည်ပြီး ဆောင်ရွက်နေတဲ့သူ တစ်ဦးဖြစ်တဲ့ အတွက် ခုလို ရွှေတံဆိပ်ဆုချီးမြှင့်ပြီး ဂုဏ်ပြုလွှာ ပေးအပ်တာ ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။
ဒေါက်တာ အေးမောင်အား ချီးမြှင့်သော ဂုဏ်ပြုလွှာထဲမှာတွင် ယခုလို ဖေါ်ပြထားသည်။
“ ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားများ ကောင်းကျိုးအတွက် လွှတ်တော် အဆင့်ဆင့်နှင့် အခါ အခွင့် သင့်သော အခန်းကဏ္ဍတိုင်းတွင် တိကျ ပြတ်သားစွာ တင်ပြ တောင်းဆို ဆောင်ရွက် လျှက်ရှိသော RNDP ဗဟို အလုပ်အမူဆောင် ကော်မီတီ ဥက္ကဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ရခိုင် တိုင်းရင်းသားများ အတွက် အစဉ်လေးစားထိုက်သော ရခိုင်တိုင်းရင်းသားများ ခေါင်းဆောင် ဒေါက်တာ အေးမောင်အား ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြည်သူလူထုမှ ရွှေတံဆိပ်ဆုနှင့် အတူ ဂုဏ်ပြုချီးမြှင့်အပ်ပါသည်။”  ဟု ပါရှိသည်။
ယခုကဲ့သို့ ပေါက်တောမြို့နယ် လူထုက ရွှေတံဆိပ် ဆုချီးမြှင့် ဂုဏ်ပြုခြင်း အပေါ် မည်သို့ ခံစားရပါသလဲဟု ဆုချီးမြှင်ခံရသူ ဒေါက်တာ အေးမောင်အား နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောဆိုသည်။
တက်ရောက်လာသော လူထု ပရိသတ်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
တက်ရောက်လာသော လူထု ပရိသတ်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
“ ဆုချီးမြှင့်တဲ့ အပေါ်မှာ ပြောရရင် နိုင်ငံရေး လုပ်တယ်ဆိုတာကတော့ ချီးမွှမ်းတာတွေရှိသလို၊ အပြစ် တင်မူတွေလည်း ရှိမှာ ဖြစ်ပါတယ်။ အခု ဆုချီးမြှင့်တဲ့ ကိစ္စမှာတော့  ချီးမြှင့်သင့် ချီးမြှင့်ထိုက်သူလို့  ပြည်သူတွေက  အသိအမှတ်ပြုတဲ့ သဘောမျိုး အနေနဲ့ ချီးမြှင့်တာ ဖြစ်တဲ့ အတွက် ဒီလို ချီးမြှင့်ခံရတဲ့ အပေါ်မှာ  ကိုယ့်မှာ လုပ်ဖို့ တာဝန်တွေ ပိုများလာတယ်လို့ အသိဝင်လာပါတယ်။ ကျနော်အနေနဲ့ ဒီကနေ့ထိလည်း တတ်နိုင်သလောက် ကိုယ်နိုင်တဲ့ ၀န်ကို ထမ်းနေပါတယ်။ ကျနော်တို့ ဒီအလုပ်ကို လုပ်ကတည်းက ဆုရရှိချင်လို့ လုပ်တာ မဟုတ်ပါ။ ဒါက ရင်ထဲကစကားပါ။ ဒီလို ဆုချီးမြှင့်ခံရတဲ့ အတွက်ကြောင့် ကိုယ်လုပ်ရမယ့် အလုပ်က ပိုများလာတယ်လို့ ခံစားမိပါတယ်” ဟု ဆိုသည်။
၎င်းနေ့က ပြုလုပ်သော ဆွေးနွေးပွဲသို့ ပေါက်တောမြို့နယ်မှ ပြည်သူ ၁၀၀၀ ကျော်တက်ရောက်ခဲ့ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ ရခိုင်ပြည်နယ် ကောင်းကျိုး အတွက် ဆောင်ရွက် သယ်ပိုး နေမူများအား ထောက်ခံကြိုဆို ကောင်းချီးသြဘာ ပေးခဲ့ကြသည်ဟု သိရသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း အပါအ၀င် ပြည်နယ် လွှတ်တော်များသည် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ထိ မင်းပြားနှင့် ပေါက်တောမြို့များသို့ သွားရောက်ပြီး လွှတ်တော် အတွေ့အကြုံများကို လူထုအား ရှင်းလင်းပြေားကြားခဲ့စဉ် ပေါက်တော လူထုမှ ရွှေတံဆိပ်အား ချီးမြှင့်ခဲ့ကြခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: