Sunday, December 22, 2013

(၁၉) နှစ်မြောက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှစ်ပတ်လည် စစ်ရေးပြအခမ်းအနား ဆုံဆည်းမြိုင်ရွာ၌ ပြုလုပ်

B.21.12
DKBA နှစ်ပတ်လည် စစ်ရေးပြအခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက် နံနက်က DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်၌ ပြုလုပ်စဉ်
(၁၉) နှစ်မြောက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှစ်ပတ်လည် စစ်ရေးပြအခမ်းအနားတစ်ရပ်ကို ဒီဇင်ဘာ ၂၁ ရက် နံနက်က DKBA ဌာနချုပ်တည်ရှိရာ မြ၀တီမြို့နယ် ဝေါလေဒေသရှိ ဆုံဆည်းမြိုင်ရွာ၌  ပြုလုပ်ခဲ့သည်။
ကလို့ထူးဘော ကရင်အမျိုးသားတပ်မတော် DKBA (၁၉) နှစ်မြောက်နေ့ကို မဟာမိတ်အဖွဲ့များ၊ နိုင်ငံရေးပါတီဝင်များ၊ အခြားအဖွဲ့အစည်းများ စုံလင်စွာတက်ရောက်ကာ သ၀ဏ်လွှာများ ပေးပို့ဖတ်ကြားခဲ့ကြသည်။
အခမ်းအနားသို့ ကြွရောက်ချီးမြှင့်သော မြိုင်ကြီးငူဆရာတော်အား ကလို့ထူးဘော ကရင်အမျိုးသားတပ်မတော် DKBA စစ်ဦးစီးချုပ်ဗိုလ်ချုပ် စောလားပွယ်နှင့်ဇနီး၊ တပ်ဖွဲ့ဝင်များက ဦးစွာကန်တော့ခြင်း၊ အဖွင့်အမှာစကား ပြောကြားပြီးနောက် တပ်မတော်စစ်ကြောင်းများအား လှည့်လည်စစ်ဆေးခဲ့သလို စစ်ရေးပြပွဲတွင် စစ်တီးဝိုင်းနှင့်အတူ ကလို့ထူးဘော၊ ကလို့စေးဝါး၊ ကလို့ကပေါ်၊ ကလို့ကွယ်မူး၊ ကလို့လွဲအပါအ၀င် စစ်ကြောင်းကြီး ငါးကြောင်းက စစ်ရေးပြချီတက်ကာ စစ်ဦးစီးချုပ်ဗိုလ်ချုပ်စောလားပွယ်အား ချီတက်အလေးပြုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ထိုင်းနယ်စပ်အခြေစိုက် ရခိုင်ပြည်တပ်မတော်မှ ပေးပို့သော သ၀ဏ်လွှာ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ ပေးပို့သော သ၀ဏ်လွှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဂုဏ်ပြုဝမ်းမြောက်ကြောင်းပေးပို့သော သ၀ဏ်လွှာ၊ ရှမ်းပြည်မျိုးဆက်အဖွဲ့မှပေးပို့သော ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာတို့ကို ဖတ်ကြားခဲ့ကြကြောင်း သိရသည်။
ဗိုလ်ချုပ်စောလားပွယ် အမှာစကားပြောကြားရာ၌ စည်းလုံးခြင်းသည် အမှန်အင်အားဖြစ်ကြောင်း၊ မိမိအမျိုးအပေါ် သစ္စာရှိရန်လိုအပ်ကြောင်း၊ မိမိကိုယ်တိုင်၏ သမိုင်းကြောင်းကိုကောင်းအောင် လုပ်ရမည်ဖြစ်ကြောင်း၊ ပခုံးထက်မှာ တာဝန်ကိုယ်စီရှိနေပြီး အမျိုးသားရေးအသိနှင့် လက်တွဲပြီးရှေ့ခရီးဆက်ရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
(၁၉) နှစ်မြောက် နှစ်ပတ်လည်စစ်ရေးပြပွဲနှင့်အတူ ကရင်ရိုးရာဒုံးယိမ်းအကပြိုင်ပွဲများ၊ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းအပါအ၀င် အားကစားပြိုင်ပွဲများ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲများကိုလည်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအတွက် မြန်မာလက်ဝှေ့ကျော်များနှင့် ထိုင်းလက်ဝှေ့ကျော်များ ယှဉ်ပြိုင်သည့်ပွဲစဉ်များ၊ ဇာတ်သဘင်၊ ခေတ်ပေါ်စင်တင်တေးဂီတနှင့် ကရင်ရိုးရာဒုံးယိမ်းအကများဖြင့် တင်ဆက်ခဲ့သည်။
နှစ်ပတ်လည်နေ့သို့ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်အချို့နှင့် ထိုင်းနှင့်မြန်မာအခြေစိုက် ပြည်တွင်းပြည်ပမှ မီဒီယာသမားများ လာရောက်သတင်းယူခဲ့ကြသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: