Monday, January 20, 2014

မောင်တောမြို့နယ်မှ တိုင်းရင်းသားအချို့ လုံခြုံရေးကြောင့် ရပ်ရွာများစွန့်ခွာ

Maungdaw-status-of-conflict
ရပ်ရွာစွန့်ခွာလာသူ တိုင်းရင်းသားများနှင့် လူသူမရှိ ခြောက်ကပ်နေသော ခရေမြိုင်ကျေးရွာ (ဓါတ်ပုံ-နိရဉ္စရာ)
မောင်တောမြို့နယ်တွင် လတ်တလော ပေါ်ပေါက်နေသော အခြေအနေများကြောင့် လုံခြုံရေး စိုးရိမ်ရ၍ ဒေသခံ တိုင်းရင်းသားရွာသားအချို့ ရပ်ရွာများကို စွန့်ခွာပြီး မောင်တောမြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်နေကြရသည်ဟု သိရသည်။
ထိုသို့ ပြောင်းရွှေ့နေထိုင်ရသည့် ကျေးရွာသားများမှာ ခရေမြိုင်နတလကျေးရွာ၊ ကင်းချောင်းကျေးရွာနှင့် ၎င်းကျေးရွာ အနီးတ၀ိုက်ကျေးရွာများမှ ရွာသားများ ဖြစ်ကြသည်ဟု ခရေမြိုင်ကျေးရွာသားတစ်ဦးဖြစ်သူ ဦးလှရွှေက ပြောသည်။
“ အခုက ကျွန်တော်တို့ရွာဘက်မှာ ည ညကျရင် အနီးအနား မူဆလင်ရွာသားတွေက သံပုံးတီးတာတို့၊ သူတို့ ဘာသာ စကားနဲ့ အမျိုးမျိုး ဟစ်ကြွေးနေတာတွေရှိနေတဲ့ အတွက် လုံခြုံရေး စိုးရိမ်ရတာကြောင့် ခုလို အမျိုးသမီးတွေ၊ ခလေးတွေကို ရပ်ရွာတွေမှာ မထားတော့ဘဲ မောင်တောမြို့ပေါ်ကို ပြောင်းရွှေ့ထားရပါတယ်” ဟု သူက ဆိုသည်။
၎င်းပြင် တိုင်းရင်းသားကျေးရွာများတွင် လုံခြုံရေး အထူးစိုးရိမ်နေရပြီး နေ့ညမပြတ် ကင်းစောင့်နေကြရသည်ဟု သူက ဆက်ပြောသည်။
“ ကျွန်တော်တို့ ရွာအနီးတ၀ိုက်မှာရှိတဲ့ ဘင်္ဂလီရွာတွေကို စိုးရိမ်ရတဲ့ အတွက် ညဥ့်အချိန်ရောက်ရင် ရွာသားတွေ ညမအိပ်ဘဲ ကင်းစောင့်ရတယ်။ ရဲအချို့ လုံခြုံရေး ရှိပေမယ့် တစ်ရွာနဲ့ တစ်ရွာ လက်လှမ်းမမှီတဲ့ အတွက် ရွာသားတွေ အများစုကတော့ စစ်တပ်အပါအ၀င် စုပေါင်း တပ်ဖွဲ့တွေကို လိုလားနေကြပါတယ်။ ဘင်္ဂလီတွေက ရဲတွေကို မကြောက်တဲ့ အတွက် သူတို့ကြောက်တဲ့ စစ်တပ်တွေကို ချထားပေးဖို့ လိုပါတယ်။”
ယခုကဲ့သို့ ပြောင်းရွှေ့နေထိုင်နေသူ အရေအတွက်မှာ ၂၀၀ ခန့်ရှိပြီး မောင်တောမြို့ ဗဟိုကျောင်းနှင့် နီးစပ်ရာ နေရာများတွင် နေထိုင်နေကြရသည်ဟု ဆိုသည်။
မောင်တောမြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်သူ အချို့ရှိသော်လည်း အများစုမှာ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ ဖြစ်ကြောင်း မောင်တောဒေသခံ ကိုကျော်ဝင်းက ပြောသည်။
“ ပြောင်းရွှေ့လာသူတွေကတော့ အခု ပြဿနာပေါ်နေတဲ့ မောင်တောမြို့နယ် တောင်ပိုင်းက ဖြစ်ပါတယ်။ အများစုကတော့ သက်ကြီးရွယ်အိုတွေ၊ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေပါ။ အဲဒီရွာတွေမှာက လုံခြုံရေးရှိပေမယ့် အားနည်းနေတဲ့ အနေအထားမျိုးရှိတဲ့ အတွက် ခုလို ကြောက်ရွံ့ပြီး မြို့ပေါ်ကို ပြောင်းလာကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
လွန်ခဲ့သော ဇန်န၀ါရီလ ၁၃ ရက်နေ့ က မောင်တောမြို့နယ် တောင်ပိုင်း ရခိုင်ကင်းချောင်းကျေးရွာ အနီးရှိ ဒုချရားတန်းကျေးရွာတွင် ညဥ့်အချိန် လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့တစ်ခုအား မူဆလင် ရွာသားများက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး ရဲတပ်ကြပ်ကြီး တစ်ဦးသေနတ်နှင့် အတူ ပျောက်ဆုံးနေသည်။ ၎င်းနောက်ပိုင်း ယင်းဒေသတွင် အခြေအနေ တင်းမာနေသည်ဟု ဆိုသည်။
ယင်းပြင် ၎င်းဒေသတွင် ရခိုင်လူမျိုးများမှ မူဆလင် ကျေးရွာသား တစ်ဦးတစ်ယောက်ကိုမှ တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ ရခိုင်လူမျိုးများတိုက်ခိုက်၍ မူဆလင်အမျိုးသမီးများနှင့် ကလေးငယ်များ ၆၀ ခန့် သေဆုံးကြောင်း အေပီအပါအ၀င် သတင်းဌာနအချို့မှ သတင်းအမှားများ ထုတ်လွှင့်နေကြသဖြင့် ဒေသခံ တိုင်းရင်းသားများမှာ အထူးစိတ်ပျက်လက်ပျက် ဖြစ်နေကြသည်ဟု ကိုကျော်ဝင်းက ပြောဆိုသည်။
(သတင်းအရင်းအမြစ်-နိရဉ္စရာသတင်းဌာန)

No comments: