Tuesday, May 27, 2014

မူးယစ်ဆေးဝါးနှင့် လောင်းကစားခြင်း၏ လူမူဆိုင်ရာဆိုးကျိုးသက်ရောက်မူများအကြောင်း စာမူဆုပေးပွဲနှင့် စာပေဟောပြောပွဲ စစ်တွေတွင်ကျင်းပ

ရခိုင်လူငယ်မျိုးဆက်သစ် အဖွဲ့ဝင်များ စီတန်း လမ်းလျှောက်ပြီး လူပ်ရှားနေကြစဉ်( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်လူငယ်မျိုးဆက်သစ် အဖွဲ့ဝင်များ စီတန်း လမ်းလျှောက်ပြီး လူပ်ရှားနေကြစဉ်( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်လူငယ်မျိုးဆက်သစ်မှ ဦးဆောင်ပြီး စာရေးဆရာကြီးများ၏ ကြီးကြပ်မှုဖြင့် အရက်၊ ဆေးလိပ်၊ ကွမ်းယာ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် လောင်းကစားခြင်း၏ လူမှုဆိုင်ရာဆိုးကျိုးသက်ရောက်မှုများ အကြောင်း စာမူဆုပေးပွဲနှင့် စာပေဟောပြောပွဲ အခမ်းအနား တစ်ခုကို ယမန်နေ့က စစ်တွေမြို့တွင် ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို စစ်တွေမြို့ရှိ  အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားဓမ္မာရုံ၌ နေ့လည် တစ်နာရီခွဲမိနစ်မှ ညနေ လေးနာရီခွဲထိ ကျင်းပ ပြုလုပ်ခဲ့ပြီး ရဟန်းရှင်လူ ပြည်သူလူထု (၂၀၀)နီးပါး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကျားရုပ်ကျောင်း ဆရာတော်ကြီး၊ ရခိုင်ပြည်နယ် ရဲမှူးကြီးဦးနေမျိုးနှင့် ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းတို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။
သြဝါဒစကား မိန့်ကြားသော စစ်တွေမြို့ကျားရုပ်ဆရာတော်ကြီးက ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် မူးယစ်ဆေးဝါးနှင့် လောင်းကစားခြင်း ပပျောက်အောင် ပြည်နယ်အစိုးရကိုယ်တိုင် ကြပ်မတ် ဆောင်ရွက်ပေးစေလိုကြောင်း မိန့်ကြားသွားခဲ့သည်။
ရခိုင်ပြည်နယ်ရဲမှူးကြီး နေမျိုးမှလည်း မူးယစ်ဆေးဝါးပပျောက်အောင် ပြည်သူများနှင့် အတူ အသိ ပညာပေးရေး လုပ်ငန်းများကို လေးလေးနက်နက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
“ ဗမာ၊ ရခိုင် လူမျိုးတွေဟာ ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေဖြစ်ကြပြီး ငါးပါးသီလတွင် ပါဝင်တဲ့ သူရာ မေရိယကို ရှောင်ကြည်ကြမယ်လို့ အလွယ်တကူ ပြောဆို ဆုတောင်းနေကြတာကိုတွေ့နေရပါတယ်။  ဒါပေမယ့် အများစုက မရှောင်ကြပါဘူး။ ဒါကြောင့် ကျွန်တော့် အနေနဲ့လည်း အတတ်နိုင်ဆုံး မူးယစ် ဆေးဝါး ပပျောက်အောင် ပြည်သူများနဲ့အတူ အသိပညာပေးရေးတွေ လေးလေးနက်နက် ဆက်လက် ဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။
ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကလည်း လူသတ်မှုတော်တော်များများမှာ အရက်ကြောင့် ဖြစ်သည်ဟု ဆိုသည်။
“ အရက်သောက်တာ ကောင်းလားလို့မေးရင် မကောင်းဘူးလို့ဖြေတယ်။ ဒါပေမယ့် (၇၅) ရာခိုင်နှုန်း ကတော့ သောက်ကြတာပါပဲ။ အရက်ဆိုတာ လူတွေရဲ့ သည်းခြေကြိုက် ဖြစ်နေတာကိုတွေ့နေ ရတယ်။ ကျွန်တော့ဆီရောက်လာတဲ့ အမူတွေထဲမှာ လူသတ်မှု တော်တော်များများဟာ အရက်ကြောင့် ဖြစ်တာပါ” ဟု ဆိုသည်။
ရခိုင်စာရေးဆရာများဖြစ်ကြသော ကဗျာဆရာ စစ်တွေညိုသန့်၊ ဦးလှမြင့်အောင်(တောင်ကုတ်)၊ဆရာ ကျွန်းသားငမန်းတို့မှလည်း လောင်းကစားနှင့် မူးယစ်ဆေးဝါးတို့ကြောင့် လူမှုဆိုင်ရာ ဆိုးကျိုးများ  ဖြစ်ပေါ်လာပုံ အကြောင်းများကို စာပေရှု့ထောင့်မှ စိတ်ဝင်စားဖွယ် ဟောပြောခဲ့ကြသည်။
အခမ်းအနားတွင် ရခိုင်လူငယ်မျိုးဆက်သစ်မှ အသံတိတ်ပညာပေး တစ်ခန်းရပ် ပြဇာတ်တစ်ခုကိုလည်း တင်ဆက်ခဲ့ကြသည်။
ထိုအစီအစဉ်များအပြီးတွင် စာမူဆုရသည့် ကဗျာရှင်နှင့် ဆောင်ပါးရှင်များအား ဆုချီးမြှင့်ရာ အလွတ်တန်း ကဗျာပြိုင်ပွဲတွင် မေဃမင်းသူရိန် (မာန်အောင်)က ပထမဆုနှင့် မောင်နေပူ (တောင်ကုတ်) က ဒုတိယဆု ရရှိသည်။
အခမ်းအနား ကျင်းပနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
အခမ်းအနား ကျင်းပနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ပထမဆုကို ကိုကျော်ဟိန်း(ပေါက်တော)မှလည်းကောင်း၊ ဒုတိယဆုကို တိုးလေး(မြို့ပျံ)သံတွဲမှလည်းကောင်း၊ တတိယဆုကို မိုးယံမှလည်းကောင်း၊ အထူး ဆုများကို ဇော်သစ်(စကုကျွန်း)၊ မင်းသွေးငယ်(ရာမညမြေ)နှင့် ကိုအောင်(ဘားအံ)တို့က ဆွတ်ခူး ရရှိခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ရခိုင်လူငယ်မျိုးဆက်သစ်မှ လူငယ်မောင်မယ်များသည် လောင်းကစားနှင့် မူးယစ်ဆေးဝါး ဆန့်ကျင် တိုက်ဖျက်ရေး ပိုစတာများကို အသီးသီးကိုင်ဆောင်ပြီး ၀င်္ကဘာကွင်းကို တစ်ပတ် စီတန်းလှည့်လည်ပြီး လူပ်ရှားမူ ပြုလုပ်ခဲ့ကြသည်။
ရခိုင်လူငယ်မျိုးဆက်သစ်သည် လူမူရေး လုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်နေသော အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ရခိုင်ပြည်နယ်တစ်ဝန်းတွင် လူငယ်စွမ်းရည်မြှင့်သင်တန်းများ မကြာခဏ ဖွင့်လှစ် သင်ကြားပေးနေကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: