Tuesday, May 27, 2014

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအမွေအနှစ်များထုတ်ဖော်တင်ဆက်ရန် SKY NET ရုပ်သံရုံး စစ်တွေတွင်ဖွင့်လှစ်

sky-net-
စစ်တွေတွင် ဖွင့်လှစ်ထားသော Sky Net ရုံး ( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်တွင်းရှိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမူအမွေအနှစ်များနှင့် လတ်တလော ဖြစ်ရပ်မှန်များကို ဖော်ထုတ် တင်ဆက်ရန် အတွက် Sky Net ရုပ်သံရုံးတစ်ခုကို စစ်တွေမြို့တွင် များမကြာမှီက ဖွင့်လှစ်ခဲ့ပြီး ယခုအခါ လုပ်ငန်းများ စတင် လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
ယင်း Sky Net ရုပ်သံရုံးကို စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက် ကျောင်းကြီးလမ်းရှိ အိမ်နံပါတ် (၁၈) တွင် ဧပြီလ ၁ ရက်နေ့ ကစတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်
“ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအမွေအနှစ်များနဲ့ လတ်တလော ဖြစ်ရပ်မှန်တွေကို ထုတ်ဖော်တင်ဆက်ရန် ရည်ရွယ်ချက်နဲ့  Sky Net ရုပ်သံရုံး စစ်တွေမြို့မှာ ဖွင့်လှစ်တာ  ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေအတွက် အကျိုးရှိမယ့်အစီအစဉ်ဖြစ်ပါတယ်” ဟု Sky Net သတင်းထောက်ကိုကျော်သန်းလွင်က Sky Net ရုံး စစ်တွေတွင် ဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး နိရဉ္စရာသို့  ပြောကြားသည်။
ယင်းအပြင်သူက “ကျနော်တို့ ရုပ်သံမီဒီယာဟာ ရုပ်ရောအသံပါ ပြည့်စုံပါဝင်တဲ့အတွက် တခြားမီဒီယာ အမျိုးအစားတွေထက် ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ပြည်သူများအတွက် Sky Net ဆိုသည့် ဆောင်ပုဒ် အတိုင်း ပြည်သူများကို အကျိုးပြုနိုင်ဖို့ ကြိုးစားသွားမှာပါ” ဟု သူက ဆိုသည်။
Sky Net ရုပ်သံဌာနတွင် လိုင်းပေါင်း (၁၁၇)လိုင်းရှိပြီး ယင်းလိုင်းများထဲမှ Myanmar National TV အစီအစဉ်နှင့် Up to Date TV အစီအစဉ်တို့ကို ပရိသတ်များက ပိုမိုစိတ်ဝင်စားကြကြောင်း သိရှိရသည်။
ယင်းရုပ်သံလိုင်းတွင်တင်ဆက်ထုတ်လွှင့်မှုများတွင် သတင်းတင်ဆက်မှုပိုင်းနှင့်လတ်တလောဖြစ်ပေါ်နေသော ပညာရေး၊ လူမူရေး၊ ကျန်းမာရေး၊ သုတရသကဏ္ဍများကို ပိုမိုပြည့်စုံကောင်းမွန်အောင် တင်ဆက်နေပြီး ဘုရား သမိုင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမူအမွေအနှစ်တို့ကိုပါ ကြိုးစားဖော်ထုတ်တင်ဆက်မည်ဖြစ်ကြောင်း ကိုကျော်သန်းလွင်က ဆက်လက်ပြောကြားသည်။
Sky Net ရုပ်သံလိုင်းနှင့်ပတ်သက်၍ ရခိုင်ဒေသခံတစ်ဦးဖြစ်သံ ကိုစိုးနိုင်မှ ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး အလုံအလောက်မရရှိသဖြင့်  Sky Net ရုပ်သံကို အားပေးရန်မှာ မလွယ်ကူ နိုင်ဟုဆိုသည်။

sky-net
“Sky Net ရုပ်သံကို အားပေးချင်ပေမယ့်လည်း ရွာမှာ လျှပ်စစ်မီးက နှစ်နာရီ၊ သုံးနာရီဘဲ ရတဲ့အတွက် ကြည့်ရှုရတာ အားမရဘူးဖြစ်နေတယ်” ဟုဆိုသည်။
မြန်မာနိုင်ငံတွင် Sky Net ရုပ်သံများကို တိုင်းဒေသကြီးများတွင်သာမက စစ်တွေ၊ တောင်ကြီး၊ မော်လမြိုင်မြို့ များတွင်လည်း ရုံးများ တိုးချဲ့ဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။
လက်ရှိမြန်မာနိုင်ငံတွင် မီဒီယာကဏ္ဍအား နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်အဖြစ်သတ်မှတ်ထားသည်။ရေဒီယို မီဒီယာ၊ ပုံနှိပ်မီဒီယာ၊ အွန်လိုင်းမီဒီယာနှင့် ရုပ်သံမီဒီယာတို့တွင် ရုပ်သံမီဒီယာသည် လူကြိုက်အများဆုံး မီဒီယာဖြစ်ကြောင်း လေ့လာသိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: